မေမေတွေရဲ့ ဗိုက်ထဲမှာ ကလေးလေးတွေဟာ ပုံစံအတည်တကျနဲ့နေတာမဟုတ်ဘဲ ဇောက်ထိုးပုံစံ(ခေါင်းအောက်စိုက်ပုံစံ)၊ကန့်လန့်ပုံစံ၊ထိုင်ရက်ပုံစံ (တင်ပဆုံအောက်စိုက်ပုံစံ)စတဲ့ပုံစံအမျိုးမျိုးနဲ့ နေကြပါတယ်။
ပုံစံတခုကနေနောက်ပုံစံတခုကိုလည်းပြောင်းသွားလေ့ရှိပါတယ်။
သို့သော် ကိုယ်ဝန်လရင့်လာပြီး မွေးခါနီးလာတာနဲ့အမျှ ဗိုက်ထဲကကလေးနေတဲ့ပုံစံဟာ ဇောက်ထိုးပုံစံ(ခေါင်းအောက်စိုက်ပုံစံ)ဖြစ်သင့်ပါတယ်။
ဒါမှသာ ရိုးရိုးမွေးတဲ့အခါမွေးဖွားရလွယ်ကူပြီးအောင်မြင်စွာမွေးဖွားနိုင်မှာဖြစ်ပါတယ်။
တကယ်လို့ ဗိုက်ထဲကကလေးရဲ့ပုံစံက ဇောက်ထိုးပုံစံ(ခေါင်းအောက်စိုက်ပုံစံ)ကလွဲပီး တခြားပုံစံတွေဖြစ်ခဲ့တယ်ဆိုရင် ကိုယ်ဝန်၃၇ပတ်မြှောက်မှာ ဗိုက်ပြင်ဖို့လိုပါပြီ။
ဘာဖြစ်လို့ကိုယ်ဝန်၃၇မြှောက်မှာမှ ဗိုက်ပြင်ရတာလဲဆိုတော့
(၁) ၃၇ပတ်မတိုင်မှီမှာ ကလေးလေးတွေက ပုံစံမျိုးစုံလှည့်နေနိုင်ခြေတအားများတဲ့အတွက်
ပြင်လို့ခေါင်းအောက်စိုက်ပုံစံဖြစ်သွားလည်း ထိုပုံစံကနေတခြားပုံစံပြန်ဖြစ်သွားနိုင်တာကြောင့်(၂) ဗိုက်ထဲကကလေးလေးတွေရဲ့၉၇ရာခိုင်နှုန်းဟာကိုယ်ဝန်၃၇ပတ်မြှောက်ကျ သူ့ဘာသူဇောက်ထိုးပုံစံ(ခေါင်းအောက်စိုက်ပုံစံ)ဖြစ်သွားနိုင်တာကြောင့်
(၃) တကယ်လို့ဗိုက်ပြင်ရာကနေမတော်တဆနောက်ဆက်တွဲဆိုးကျိုးဖြစ်ပါကလည်း ကလေးအသက်ရှင်နိုင်ဖို့များအောင်ရယ် ဆိုတဲ့အချက်၃ချက်ကြောင့်ပါ။
ဗိုက်ပြင်တာကို ဆေးပညာအရ External Cephalic Version လုပ်တယ်လို့ခေါ်ပါတယ်။
ဗိုက်ပြင်တယ်ဆိုတာအကြမ်းအားဖြင့်ပြောရရင်
မိခင်ဗိုက်ထဲမှာ နေတဲ့ပုံစံမမှန်တဲ့ကလေးကို မိခင်ဗိုက်အပေါ်ကနေ မပြီးတဖြေးဖြေးနဲ့တွန်းလှည့်ကာ ခေါင်းအောက်စိုက်ပုံစံရအောင်လုပ်တာပါ။
ဗိုက်ပြင်ရာကနေ
ရေမွှာပေါက်သွားတာ၊ချက်ကြိုးထုံးသွားတာ၊ချက်ကြိုးကိုဖိမိတာ၊အချင်းကွာတာ၊သားအိမ်ကွဲတာ၊ကလေးနှလုံးခုန်နှေးပြီး ကလေးသေတာ စသဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။
ဒီနောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အာင် ဖြစ်ပွားနိုင်ခြေနည်းအောင် ဗိုက်ပြင်ရာမှာ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေရှိပါတယ်။
- ကလေးခွဲမွေးထားတာ သို့မဟုတ် သားအိမ်အလုံးထုတ်ထားတာကြောင့်ဗိုက်မှာ ခွဲကြောင်းအမာရွတ်ရှိတဲ့ကိုယ်ဝန်ဆောင်တွေ
- ကိုယ်ဝန်ဆောင်စဉ်မှာသွေးဆင်းဖူးတဲ့ ကိုယ်ဝန်ဆောင်တွေ
- ၃ခါနဲ့အထက်ကိုယ်ဝန်ပျက်ကျဖူးတဲ့ကိုယ်ဝန်ဆောင်တွေ
- တင်ပဆုံရိုးကွင်းကျဉ်းတဲ့ကိုယ်ဝန်ဆောင်တွေ
- အချင်းနေရာမမှန်တဲ့ကိုယ်ဝန်ဆောင်တွေ
- ဗိုက်ထဲကကလေးကအမွှာဖြစ်နေတဲ့ကိုယ်ဝန်ဆောင်တွေ ဆိုရင် ဗိုက်ပြင်ခြင်းကိုလုံးဝမလုပ်ရပါ။
အရေးကြီးဆုံးအချက်အနေနဲ့ကတော့ ဗိုက်ပြင်တာကို သားဖွားမီးယပ်ဆရာဝန်(OG)နဲ့ပဲ ခွဲခန်းထဲမှာ သို့မဟုတ် ခွဲခန်းနဲ့နီးတဲ့ နေရာတခုခုမှာလုပ်ရပါမယ်။
အရပ်လက်သည်တွေ၊သားဖွားဆရာမတွေနဲ့ အိမ်မှာ ပြင်တာမျိုးကိုလုံးဝရှောင်ရပါမယ်။
ဒါမှသာ လုပ်နေရင်းနဲ့ မတော်တဆတခုခု နောက်ဆက်တွဲဆိုးကျိုးတခုခုဖြစ်လာပါက အရေးပေါ်ခွဲမွေးလို့ရမှာပါ။
မပြင်ခင်နဲ့ ပြင်အပြီးမှာ ကလေးနှလုံးခုန်သံ(Fetal Heart Sound)ကိုစစ်ရပါတယ်။
ပြင်တဲ့အချိန်ကလည်း၁၀မိနစ်ထက်ပိုမကြာရပါဘူး။
ကိုယ်ဝန်ဆောင်မိခင်ကိုလည်း ဗိုက်ပြင်ပြီးတဲ့နောက်မှာ ဗိုက်တအားနာတာ၊မိန်းမကိုယ်ကသွေးဆင်းတာ၊အရည်ဆင်းတာတွေရှိရင်၊ဗိုက်ထဲကကလေးက ပြန်ပြီးလည်သွားသလိုခံစားရရင် လည်းပြန်လာဖို့ မှာရပါတယ်။
၃၇ပတ်မြှောက်မှာ ဗိုက်ပြင်တာဟာ တကြိမ်တည်းနဲ့မအောင်မြင်တာလည်းဖြစ်နိုင်ပါတယ်။
မအောင်မြင်ရင် နောက်ထပ်တပတ်ထပ်စောင့်ပြီး ပြန်လုပ်နိုင်ပါတယ်။
ဒုတိယအကြိမ်လုပ်တာပါ မအောင်မြင်ရင်တော့ ထပ်လုပ်လို့မရပါဘူး။ ကလေးကသူ့ဘာသာသူ နေတဲ့ပုံစံလှည့်မလားပဲစောင့်ကြည့်ရပါမယ်။
မလှည့်ဘူးဆိုရင်တော့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ခွဲမွေးမလား သို့မဟုတ် တင်ပဆုံအောက်စိုက်အနေထားနဲ့ပဲ ရိုးရိုးမွေးဖို့ကြိုးစားကြည့်မလားဆိုတာ စဉ်းစားဆုံးဖြတ်ရပါမယ်။
Dr 528