ကလေးများနှင့် နားပြည်ယိုခြင်း
နားပြည်ယိုခြင်းဆိုသည်မှာ မြို့ပြ၊ ကျေးလက်မရွေး အသက်အရွယ် ငယ်ရွယ်သော ကလေးများတွင် ဖြစ်ပွားခံစားရနိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာတရပ်ပင်ဖြစ်သည်။ ဘတ်တီးရီးသားပိုးမွှားများကြောင့် နားအတွင်းပိုင်း ရောင်ရမ်းခြင်းနှင့် ၎င်းမှနောက်ဆက်တွဲအဖြစ် နားအတွင်းမှ ပြည်နှင့် သားငံရည်များ ထွက်လာတတ်ခြင်းမျိုးကို နားပြည်ယိုခြင်းနှင့် ခေါ်သည်။ နားပြည်ယိုခြင်းနှင့် အခြားသော နားအတွင်းဆိုင်ရာ ရောဂါများသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း ကိုယ်ခံအားစနစ်ကောင်းစွာမဖွံ့ဖြိုးသေးသည့် အသက် ၅နှစ်အောက် ကလေးများတွင် အများဆုံး တွေ့ရလေ့ရှိသည်။
နားအတွင်းရောင်ရမ်းခြင်းနှင့် အခြားသော နားနှင့်ဆိုင်သည့် ပြဿနာများကို ခံစားရနိုင်သည့် ကလေးအများစုသည် အသက်ငယ်ရွယ်သောကလေးများ ဖြစ်သည့် အားလျော်စွာ မိမိခံစားနေရသောရောဂါအပေါ် ကောင်းမွန်စွာဖော်ပြနိုင်ခြင်း မရှိသည့်အတွက် နားအတွင်းမှ ပြည်(သို့) သားငံရည်များ ထွက်လာသည့် အခါမှသာ ဆေးရုံ/ဆေးခန်းများသို့ ရောက်လာတတ်ကြသည်။ ကုသမှုခံယူရန် နောက်ကျ တတ်သည့်အတွက်လည် ရောဂါကြောင့်ဖြစ်သည့်လက္ခဏာများကို အချိန်ကြာမြင့်စွာ ခံစားရလေ့ရှိသည်။
ဘယ်လိုသိရှိနိုင်မလဲ
မိမိကလေးတွင် အောက်ဖော်ပြပါအချက်များ တွေ့ရှိရလျှင် နားအတွင်း ရောင်ရမ်းခြင်းနှင့် နားပြည်ယိုခြင်းများ ခံစားနေရကြောင်းကို သိရှိနိုင်သည်။
အကြောင်းအရင်းမယ်မယ်ရရမရှိပဲ နားကိုဆွဲနေတတ်ခြင်း၊ ငိုနေတတ်ခြင်းနှင့် အီနေတတ်ခြင်း
ညဘက်များတွင် ကောင်းကောင်းမအိပ်ခြင်း၊ ငိုနေခြင်း
တခါတရံ ဖျားနာတတ်ခြင်း (တုပ်ကွေးဖြစ်သကဲ့သို့)
လမ်းလျှောက်ရာတွင် ဂဏာမငြိမ်ခြင်း၊ မူးသကဲ့သို့ဖြစ်နေတတ်ခြင်း၊
နားကောင်းကောင်းမကြားရခြင်း (အသံတိုးတိုးဖြင့်ခေါ်လျှင် မကြားရခြင်း)
နားအတွင်းမှ ပြည်(သို့) သားငံရည်များထွက်လာတတ်ခြင်းနှင့်
စကားပြောတတ်သည့် ကလေးအချို့တွင် နားကိုလက်ဖြင့်ညွှန်၍ နာနေသည်ဟု ပြောခြင်း စသည့် လက္ခဏာများသည် နားအတွင်းရောဂါတခုခု ခံစားနေရသည့် လက္ခဏာများဖြစ်သည်။
မိမိကလေးတွင် ဖော်ပြပါလက္ခဏာများ တခုထက် ပို၍ ခံစားနေရကြောင်း တွေ့ရှိရလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွား၍ နားလည်တတ်ကျွမ်းသော ဆရာဝန်ဖြင့် တိုင်ပင်ပြသ ကုသမှုခံယူသင့်သည်။
ဖြစ်ပွားရသည့် အကြောင်းအရင်းများ
နားအတွင်းရှိ နားစည်၏အနောက်တွင်ရှိသော အကန့်အတွင်း ဘတ်တီးရီးယားပိုးများ ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အထူးသဖြင့် လည်ချောင်းနာခြင်း၊ တုပ်ကွေးဖြစ်ခြင်းနှင့် နှာရည်ယို၊ နှာပိတ်ခြင်းစသော အသက်ရှူ လမ်းကြောင်းပိုးဝင်ရောက်ခြင်း စသည့်အခြေအနေများတွင် နားနှင့် နှာခေါင်းကို ဆက်ထားပေးသော အစိတ်အပိုင်း(လေပြွန်) ကလေးမှတဆင့် နားအတွင်းပိုင်းသို့ ဘတ်တီးရီးယားပိုးမွှားများ ဝင်ရောက်လာနိုင်သည်။ ဘတ်တီးရီးယားပိုးမွှားများ ဝင်ရောက်ခြင်းကြောင့် နားအတွင်း အရည်များများလာနိုင်ပြီး နားအတွင်းမြှေး ရောင်ရမ်းခြင်းနှင့် နားပြည်ယိုခြင်း ဖြစ်ပွားနိုင်သည်။ အခြားသော ဖြစ်ပွားရသည့် အကြောင်းအရင်းများမှာ
– ကလေးငယ်များဖြင့် လေကြောင်းခရီသွားခြင်း
– ကလေးများ၏ နားအတွင်း ဂွမ်းတံများ၊ ကြက်မွှေးများဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊
– မသန့်ရှင်းသော ရေတွင်ရေကူးခြင်း၊
– နားအတွင်း ရေနှင့် အခြားသော အရာဝတ္ထုများ ဝင်ခြင်း စသည်တို့ကြောင့်လည်း နားအတွင်း ရောင်ရမ်းခြင်းနှင့် နားပြည်ယိုခြင်း ဖြစ်ပွားနိုင်သည်။
နားပြည်ယိုခြင်းနှင့် နားရောဂါများကို ကာကွယ်ရန်
– မိမိကလေးနှာစေးချိန်များနှင့် ချောင်းဆိုးချိန်များတွင် နှာခေါင်းနှင့် ပါးစပ်ကို ကာကွယ်ရန်အတွက် တခါသုံးတစ်ရှူးများ အသုံးပြုတတ်ရန်နှင့် လက်ကို စနစ်တကျ ဆေးကြောတတ်စေရန် အကျင့်ပြုလုပ်ပေးထားပါ။
– ပါးစပ်အတွင်း ကစားစရာများထည့်၍ဆော့ခြင်း မရှိစေရန် ဂရုပြုပါ။
– ညစ်ပတ်နေသော ကစားစရာများနှင့် ကစားစရာအဟောင်းများကို ဆေးကြော သန့်စင်ပြီးမှ ပေးဆော့ပါ။
– နာမကျန်းသော ကလေးကို အခြားကလေးများနှင့်အတူတွဲ၍ အစာစားစေခြင်းကို ရှောင်ကျဉ်ပါ။
– ကလေးကစားကွင်းများနှင့် ကစားစရာများကိုလည်း သန့်ရှင်းရေး မကြာခဏ ပြုလုပ်ပေးပါ။
– သွားပွတ်တံ၊ သောက်ရေခွက်နှင့် ကလေးပါးစပ်အတွင်း ထည့်သည့်ပစ္စည်း များကိုလည်း အမြဲသန့်ရှင်းမှုရှိနေစေရေး ဂရုပြုပေးပါ။
– ကလေးအသက် ၆ လမှ တနှစ်အထိ မိခင်နို့တိုက်ကျွေးခြင်း အထူးဂရုပြု လုပ်ဆောင်ပေးပါ။
– နို့ဘူးစို့အရွယ်ကလေးများ လဲလျောင်း၍ နို့ဘူးစို့စေခြင်း မပြုလုပ်သင့်ပါ။
– ကလေးများအနီး ဆေးလိပ်သောက်သုံးခြင်းကို အထူးဂရုပြု ရှောင်ကျဉ်ပါ။
– ကလေးအနီး ခြင်ဆေးခွေထွန်းခြင်းနှင့် မီးခိုးမှိုင်းများ ပြုလုပ်ခြင်းကိုလည်း ရှောင်ကျဉ်ပါ။
– လူစည်ကားသောနေရာများသို့ မလိုအပ်ပဲ ကလေးငယ်များ ခေါ်သွားခြင်းကို ရှောင်ကျဉ်ပါ။
နားပြည်ယိုခြင်းခံစားနေရကြောင်း သတိထားမိလျှင်
နားအတွင်းဖြစ်ပွားတတ်သည့် ရောဂါအများစုသည် ရက်အနည်းငယ်အတွင်း သူ့အလိုလို သက်သာပျောက်ကင်းသွားနိုင်သော်လည်း အချို့သောကလေးများတွင် သက်သာပျောက်ကင်းခြင်းမရှိပဲ ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရနိုင်သည့် အတွက် နားလည်တတ်ကျွမ်းသော ဆရာဝန်ဖြင့် တိုင်ပင်ပြသ အကြံပြုချက် ရယူရန် လိုသည်။ သာမန်အားဖြင့်
– ရေနည်းနည်းနှင့် မကြာခဏတိုက်ခြင်း
– ဖျားနာမှုနှင့် နာကျင်မှုသက်သာစေရန်အတွက် ပါရာစီတမောလ် အရည်/အခဲ စသည်ဖြင့် တိုက်ကျွေးခြင်း၊
– မည်သည့်လှုပ်ရှားမှုမျှ မလုပ်စေပဲ ပြည့်ပြည့်ဝဝ အနားယူစေခြင်း
– ကလေးအိပ်ရာတွင် ဦးခေါင်းပိုင်းကို အနည်းငယ် မြှင့်၍ထားပေးခြင်း စသည်တို့ကို သေချာဂရုပြု လုပ်ဆောင်ပေးခြင်းဖြင့် ရောဂါသက်သာ ပျောက်ကင်းစေနိုင်သည်။
အထူးဂရုပြုရန်မှာ ကလေး၏ နားအတွင်းမှ အရည်များ၊ ပြည်များကို ဖယ်ရှားရန်အတွက် နားကျပ်တံ၊ ဂွမ်းတံများဖြင့် ကျပ်ပေးခြင်းမျိုး ရှောင်ကျဉ်ရန်လိုပြီး ကလေး၏ နားပြဿနာ သက်သာပျောက်ကင်းသည်အထိ ရေကူးခြင်းနှင့် လေကြောင်းမှ ခရီးသွားခြင်းကိုလည်း ရှောင်ကျဉ်ရမည်ဖြစ်သည်။ အထက်ဖော်ပြပါ နည်းလမ်းများအတိုင်း လုပ်ဆောင်သော်လည်း မသက်သာသူများနှင့် ရောဂါလက္ခဏာများ ပြင်းထန်စွာခံစားနေရလျှင် နီးစပ်ရာဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်သော ကုသမှု ခံယူကြရန်လိုသည်။
နားပြည်ယိုခြင်းပြဿနာ ကင်းဝေးကြပါစေ။
Dr.တင့္တယ္