ကလေးတွေဖျားတာနဲ့ ပတ်သက်ပြီး မေမေတွေ သေချာမသိတဲ့အချက် ၇ ချက်
သားသားမီးမီးလေးတွေ မွေးထားတဲ့ မေမေအများစုဟာ ကလေးတွေဖျားနာတာနဲ့ ပတ်သက်လို့ အတွေ့အကြုံ တွေ ရှိဖူးကြမှာပါ။ ဒီတခေါက်မှာတော့ သားသားမီးမီးတွေ ဖျားတာနဲ့ပတ်သက်ပြီး မေမေတွေ သိသလိုလိုနဲ့ တကယ်တမ်း သေချာမသိကြသေးတဲ့အချက် ၇ ချက်ကို ဖော်ပြပေးသွားပါမယ်။
၁။ ကိုယ်ပူချိန် ဘယ်လောက်ဆို ဖျားတယ်လို့ ခေါ်သလဲ
သာမိုမီတာနဲ့ တိုင်းကြည့်ပြီး ၁၀၀ .၄ ဒီဂရီဖာရင်ဟိုက် ကျော်မှသာ ဖျားတယ်လို့ သတ်မှတ်ပါတယ်။
၂။ ကိုယ်ပူချိန်တိုင်းတာဖို့ အကောင်းဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းက ဘာလဲ
ချိုင်းကြားမှာတိုင်းပြီး ၁၀၀ . ၄ ရှိယုံနဲ့ ကလေး ဖျားနေပြီလို့ ပြောလို့ မရတဲ့မခြေအနေအချို့ရှိနိုင်ပါတယ်။ အတိကျဆုံးနေရာကတော့ စအိုပါပဲ။ သုံးလနဲ့အောက် ကလေးငယ်တွေမှာဆို စအိုအပူချိန်ဟာ ခန္ဓာကိုယ်အပူချိန်ကို အတိအကျဖော်ပြပေးနိုင်ပါတယ်။
၃။ ကိုယ်ပူချိန် သာမက ကလေးရဲ့ အပြုအမူပုံစံတွေကလည်း အရေးကြီးပါတယ်။
တခါတလေကျ ကိုယ်အရမ်းမပူပဲနဲ့ ကလေးက နုန်းနေတာ ငိုယိုဂျီကျနေတာ အချီပဲခံချင်နေတာ စတဲ့ လက္ခဏာတွေ ကြုံရတတ်ပါတယ်။
တခါတလေကျပြန်တော့လည်း အဖျားက ၁၀၅ လောက် ရှိနေပေမဲ့ ကလေးက ပြုံးပြုံးရွှင်ရွှင် ဆော့နေတတ်ပါတယ်။
ဒါကြောင့် သာမိုမီတာပေါ်က ဂဏန်းတွေသာမကပဲ ကလေးမှာဖြစ်ပေါ်နေတဲ့ အခြားလက္ခဏာတွေကိုလည်း အာရုံစိုက်ဖို့ လိုပါလိမ့်မယ်။
၄။ ဖျားရင် အရေးကြီးဆုံးက အရည်များများတိုက်ပါ။
ဖျားတာကနေ အမြန်ဆုံးပြန်သက်သာဖို့ အရေးကြီးဆုံးအချက်က နို့စို့ကလေးဆို နို့များများတိုက်ပေးဖို့နဲ့ အခြားအရွယ်ကလေးဆို ရေများများတိုက်ပေးဖို့ပါပဲ။
၅။ ဘယ်လို အခြေအနေမှာ ဆေးခန်းပြမလဲ
သုံးလအောက်ကလေးတွေမှာ ဖျားပြီဆိုတာနဲ့ ဆေးရုံဆေးခန်းသွားတာ အကောင်းဆုံးပါ။ သုံးလအထက်တွေအတွက်ဆိုရင် ဖျားတာအပြင် အန်တာ ဝမ်းသွားတာ အနီစက်တွေထွက်တာနဲ့ တက်တာ စတဲ့လက္ခဏာတွေပါ တွေ့ရရင် ဆေးရုံ အမြန်ဆုံးသွားပြဖို့လိုပါမယ်။
၆။ ဘယ်လိုအဖျားမျိုးလဲ
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိတုပ်ကွေးစတာမျိုးဆိုရင် သုံးရက်လောက်ကြာတဲ့အခါ ပြန်ပျောက်ပါတယ်။
ဘက်တီးရီးယားကြောင့်ဖြစ်တဲ့အဖျားကတော့ ရက်အတန်ကြာဖြစ်တတ်ပြီး သေချာကုသမှုမခံယူရင် ပိုမိုဆိုးရွားတဲ့အခြေအနေတွေဖြစ်စေနိုင်ပါတယ်။
၇။ နောက်ဆုံးအနေနဲ့ကတော့ ကိုယ်ပူတယ်ဆိုတာ သင့်ကလေးရဲ့ ခုခံအားစနစ်က ကောင်းမွန်စွာအလုပ်လုပ်တယ်ဆိုတဲ့ လက္ခဏာပါပဲ။ အရမ်းကြီး စိတ်မပူပါနဲ့။
ဖော်ပြခဲ့တဲ့အချက်အလက်တွေကို သိရှိထားပြီဆိုရင် မေမေတို့အနေနဲ့ သားသားမီးမီးတို့ အဖျားဝေဒနာနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
Dr.KG