ဖေဖေမေမေအဖြစ်သို့ ရောက်ရှိလာကြခြင်းသည် အရွယ်ရောက်ပြီးသောသူများ၏ဘဝတွင် ကြီးမားသည့် အလှည့်အပြောင်းတစ်ခုနှင့် ကြုံတွေ့ကြရခြင်းဖြစ်ပါသည်။
ထိုအချိန်တွင် မိမိတို့၏စိတ်ခံစားချက်များကို ရှေ့တန်းမတင်ဘဲ သားသားမီးမီးတို့၏ ကျန်းမာရေး၊ ပျော်ရွှင်ရေးနှင့် ဖျားနာခြင်းကင်းဝေးစေရေးသည်သာ ဦးစားပေး နံပါတ် ၁ ဖြစ်လာပါတော့သည်။
ဖေဖေမေမေတို့အတွက် သားသားမီးမီးတို့ နေထိုင်မကောင်းဖြစ်နေခြင်း၊ ချောင်းဆိုးခြင်း၊ အအေးမိခြင်းနှင့် အခြားကူးစက်ရောဂါများ ကူးစက်ခံရကာ ရောဂါများခံစားနေရခြင်းတို့ကို တွေ့မြင်နေရခြင်းသည် စိတ်မချမ်းမြေ့ဖွယ်ရာအကောင်းဆုံး ကိစ္စတစ်ခုပင်ဖြစ်ပါသည်။
သားသားမီးမီးတို့ မူကြို သို့မဟုတ် ကျောင်း စသည်တို့ကို သွားရောက်ရသည့်အခါ ထိုကူးစက်ရောဂါများ၏အန္တရာယ်သည် ရှောင်ရှားရန် မဖြစ်နိုင်သည့် ကိစ္စတစ်ခုဖြစ်လာပါတော့သည်။
ထို့ကြောင့် ထိုကူးစက်ရောဂါအန္တရာယ်များမှ ကာကွယ်နိုင်ရန် သားသားမီးမီးတို့တွင် ကောင်းမွန်သောခုခံအားစနစ် ရှိနေစေရန် တည်ဆောက်ပေးထားနိုင်ခြင်းသည် ဖေဖေမေမေတို့အတွက် အရေးကြီးလှသည့် ကိစ္စရပ်တစ်ခုဖြစ်လာပါသည်။
အောက်ပါအကြောင်းရင်းများသည် ကောင်းမွန်သည့်ခုခံအားစနစ်တစ်ခုကို တည်ဆောက်နိုင်သည့် နည်းလမ်းများထဲမှ အချို့ဖြစ်ကြပါသည်။
နို့ရည်
မိခင်၏နို့ရည်သည် သားသားမီးမီးတို့၏ခန္ဓာကိုယ်အတွက် အကောင်းဆုံး၊ အာဟာရအစုံလင်ဆုံး အရာတစ်ခုပင်ဖြစ်ပါသည်။
မိခင်၏နို့ရည်ကို အနည်းဆုံး ၆ လ ကြာအောင် တိုက်ကျွေးထားသောကလေးငယ်များသည် ခုခံအားစနစ်ဖွံ့ဖြိုးမှု ကောင်းမွန်ကြောင်း လေ့လာတွေ့ရှိထားကြပါသည်။
အကယ်၍ အကြောင်းကြောင်းကြောင့် မိခင်၏နို့ရည်မတိုက်ကျွေးနိုင်ပါက သို့မဟုတ် အသက် ၆ လ နောက်ပိုင်းတွင် ဖြည့်စွက်အာဟာရနို့မှုန့်များကို တိုက်ကျွေးလိုပါက LcFOS၊ DHA နှင့် အခြားအာဟာရဓါတ်များ စုံလင်စွာပါဝင်သည့် Formula နှင့် ထုတ်လုပ်ထားသည့် ဖြည့်စွက်အာဟာရနို့မှုန့်များကို ရွေးချယ်ဝယ်ယူ တိုက်ကျွေးနိုင်ပါသည်။
ကာကွယ်ဆေး
ကာကွယ်ဆေးထိုးနှံသည့် ပုံစံ၊ အချိန်ဇယားများအတိုင်း အတိအကျလိုက်နာ၍ သားသားမီးမီးတို့ကို မပျက်မကွက် ထိုးနှံပေးခြင်းသည်လည်း ကိုယ်ခန္ဓာ၏ခုခံအားစနစ်ကို တိုးတက်စေရန်ကူညီပေးသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။
အာဟာရစုံလင်အောင် ကျွေးမွေးပါ
သားသားမီးမီးတို့ကို အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များစသည်ဖြင့် အစားအစာများကို စုံလင်အောင်ကျွေးမွေးခြင်းအားဖြင့် ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များကို စုံစုံလင်လင်ရရှိစေပါသည်။ ထိုသို့ရရှိခြင်းသည် ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်ပေးနိုင်သည့် နည်းလမ်းတစ်ခုပင်ဖြစ်ပါသည်။
ဘယ်ရီသီး၊ ငရုတ်ပွသီး၊ ဘရိုကိုလီကဲ့သို့သော အသီးအရွက်များတွင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ ကြွယ်ဝပါသည်။
လိမ္မော်သီးကဲ့သို့သော ချဉ်သောအသီးအနှံများတွင် ခန္ဓာကိုယ်၏ခုခံအားစနစ်ကို တိုးမြှင့်ပေးနိုင်သည့် ဗီတာမင် – စီ ကြွယ်ဝပါသည်။
ဟင်းနုနွယ်ကဲ့သို့သော အစိမ်းရောင်အသီးအနှံရှိသည့် ဟင်းသီးဟင်းရွက်များတွင် သံဓာတ်ကြွယ်ဝပါသည်။ ၎င်းသံဓာတ်သည် ရောဂါပိုးများကို ကာကွယ်ပေးနိုင်သည့် သွေးဖြူဥနှင့် ပဋိပစ္စည်းများ ထုတ်လုပ်ခြင်းကို အကူအညီပေးနိုင်ပါသည်။
အခွံမာသီး၊ အစေ့အဆန်များနှင့် ပဲများတွင် OMEGA-3 Fatty acids များကြွယ်ဝပါသည်။
အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ ကဲ့သို့သော အစားအစာများတွင် အသားဓါတ်ကြွယ်ဝပါသည်။
သတိပြုသင့်သည်မှာ အသင့်စား အဆာပြေအစားအစာများနှင့် သကြားများစွာထည့်ထားသော အစားအစာများကို ကလေးများအား မကျွေးမွေးဘဲ တတ်နိုင်သလောက်ရှောင်ရှားရန်ဖြစ်ပါသည်။
အူလမ်းကြောင်းကျန်းမာရေး
အူလမ်းကြောင်းကျန်းမာရေးသည် ကူးစက်ရောဂါအများစု စတင်ဖြစ်ပွားရာ အစာခြေစနစ်ကောင်းမွန်ရန်အတွက် အရေးပါသည့်အခန်းကဏ္ဍမှတည်ရှိနေပါသည်။
ဒိန်ချဉ်ကဲ့သို့သော Probiotics ကြွယ်ဝသောအစားအစာများသည် အူလမ်းကြောင်းအတွင်းနေထိုင်သည့် အကျိုးပြုဗက်တီးရီးယားများ၏ ပွားများ၊ ကြီးထွားနှုန်းကို အကူအညီပေးနိုင်ပါသည်။ ထို့ပြင် စျေးကွက်ထဲတွင် LcFOS ကဲ့သို့သော Probiotics များပါဝင်သည့် Formula ဖြင့် ထုတ်လုပ်ထားသည့် အာဟာရနို့မှုန့်များကိုလည်း ဝယ်ယူကျွေးမွေးနိုင်ပါသည်။
အိပ်ရေးဝပါစေ
ကလေးအများစုသည် တစ်နေ့လျှင် ၁၀ နာရီမှ ၁၄ နာရီအထိ အိပ်စက်ရန် လိုအပ်ပါသည်။
အိပ်ချိန်၊ နိုးထချိန်မှန်ကန်အောင် ပြုလုပ်ပေးခြင်း၊ ကလေးများ၏အိပ်ခန်း အပူချိန် မပူလွန်း၊ မအေးလွန်းဘဲ သက်သောင့်သက်သာ အဆင်ပြေနေစေရန် ပြုလုပ်ပေးခြင်း ၊ အသံဗလံများ ကင်းဝေးစေရန်ပြုလုပ်ပေးခြင်း စသည်အားဖြင့် ကလေးများ၏အိပ်စက်ခြင်းအရည်အသွေးများကို တိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ပေးရပါသည်။
ကောင်းမွန်သည့်အိပ်စက်ခြင်းကို ရရှိထားကြသည့် ကလေးများသည် ကူးစက်ရောဂါများမှကာကွယ်ပေးနိုင်သည့် ကိုယ်ခံစွမ်းအားမြင့်မားနေတတ်ပါသည်။
တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်တတ်အောင် သင်ကြားပေးပါ
ကစားခုန်စားပြီးနောက် လက်ဆေးခြင်း၊ အစာမစားမီနှင့် အစာစားပြီးသည့်နောက် လက်ဆေးခြင်း၊ အိမ်သာသွားပြီးတိုင်းလက်ဆေးခြင်း စသည့်ရိုးရှင်းသည့် တစ်ကိုယ်ရည်သန့်ရှင်းရေးနည်းလမ်းများသည် ကူးစက်ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်၍ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် မထိခိုက်စေရန် တစ်ဖက်တစ်လမ်းမှ ကူညီလုပ်ဆောင်ပေးနိုင်သည့် ကောင်းမွန်သောအလေ့အကျင့်ကောင်းများ ဖြစ်ကြပါသည်။
ထို့ကြောင့် ထိုနည်းစနစ်များကို သင်ကြားပေးထားခြင်းအားဖြင့် ကလေးများ၏ ကိုယ်ခံစွမ်းအားကို တိုးတက်လာအောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်မည် ဖြစ်ပါသည်။
Author : Dr. CK