ခုခံအားစနစ်သည် ကလေးများကို ရောဂါပိုးမွှားအပေါင်း၏ အန္တရာယ်မှ ကင်းဝေးအောင် အကာအကွယ် ပေးနိုင်ပါသည်။
ခုခံအားစနစ် ကောင်းမွန်နေသော ကလေးတစ်ယောက်သည် ကျန်းမာရေးကောင်းမွန်သကဲ့သို့ ခန္ဓာကိုယ်ရှိ စနစ်များစွာသည်လည်း ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးလာနိုင်မည် ဖြစ်ပါသည်။
ခုခံအားစနစ် ချို့တဲ့မှုကြောင့် မကြာခဏ ဖျားနာ ချူချာနေသော ကလေးတစ်ယောက်သည် ဉာဏ်ရည်ချို့တဲ့ခြင်းများ အပါအဝင် နောက်ဆက်တွဲ ပြဿနာများစွာနှင့် ရင်ဆိုင်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် ခုခံအားစနစ်ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်ရမည် ဖြစ်ပါသည်။
ခန္ဓာကိုယ်၏ ခုခံအားစနစ်နှင့် ပတ်သက်လျှင် ပါဝင်လုပ်ဆောင်ပေးသော၊ ကူညီပေးသောအရာများစွာ ရှိပါသည်။
ထိုအရာများစွာအနက် အူလမ်းကြောင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
အူလမ်းကြောင်းအတွင်းတွင် ရှိသော ဘက်တီးရီးယားများတွင် ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယား များစွာ ပါဝင်ပါသည်။
ထိုဘက်တီးရီးယားများ၏ အရေအတွက်နှင့် အရည်အသွေးသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်အပေါ်တွင် များစွာ လွှမ်းမိုးမှုရှိပါသည်။
အူလမ်းကြောင်းရှိ အကျိုးပြု ဘက်တီးရီးယားများ ကျန်းမာပါက ခန္ဓာကိုယ်လည်း ကျန်းမာမည်၊ အူလမ်းကြောင်းရှိ အကျိုးပြု ဘက်တီးရီးယားများ အားနည်းပါက ခန္ဓာကိုယ်လည်း အားနည်းမည်ဟု ဆိုကြပါသည်။
ထို့ကြောင့် အူလမ်းကြောင်းရှိ ဘက်တီးရီးယားများ၏ အခန်းကဏ္ဍသည် များစွာ အရေးပါလာပါတော့သည်။
ထိုအကျိုးပြု ဘက်တီးရီးယားများ ပွားများ များပြားလေလေ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အကျိုးပြုလေလေ ဖြစ်သည့်အတွက်ကြောင့် ၎င်းတို့ ပွားများရေးကို အထောက်အကူပေးသည့် အစားအစာများကို စားသုံးပေးသင့်ပါသည်။
ထိုသို့ အကျိုးပြု ဘက်တီးရီးယားများ၏ အရေအတွက်ကို များပြားစေသော အစားအစာများကို Prebiotics ဟု ခေါ်ဆိုပါသည်။
ထို Prebiotics များသည် ဘက်တီးရီးယားများကို များပြားစေသည့်အပြင် ဘက်တီးရီးယားများ၏ စွမ်းဆောင်ရည်ကိုပါ တိုးတက်ကောင်းမွန်စေပါသည်။
Prebiotics များစွာ ရှိသည့်အနက် LcFOS ဟုခေါ်ဆိုသည့် Long chain Fructo-oligosaccharides သည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။
LcFOS သည် အူလမ်းကြောင်းအတွင်းတွင် အကျိုးပြု ဘက်တီးရီးယားများနှင့် အန္တရာယ်ဖြစ်စေနိုင်သော ဘက်တီးရီးယားများ၏ မျှခြေကို မှန်ကန်စေရန် ထိန်းညှိဆောင်ရွက်ပေးကာ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တိုးတက်လာစေပါသည်။
ထို့အပြင် အူလမ်းကြောင်းနံရံရှိ ဆဲလ်များ၊ တစ်ရှူးများမှ ခန္ဓာကိုယ်၏ ခုခံအားစနစ်အတွက် အထောက်အကူပြု ပဋိပစ္စည်းများကို ထုတ်လုပ်ပေးရာတွင်လည်း တစ်ထောင့်တစ်နေရာမှ ကူညီပေးပါသည်။
အူနံရံများကို ထူထဲကာ တောင့်တင်းခိုင်မာလာစေခြင်းအားဖြင့်လည်း အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားများရန်မှလည်း ကာကွယ်ပေးပါသည်။
ခန္ဓာကိုယ်၏ ခုခံအားစနစ်၏ ၇၀% သည် အူလမ်းကြောင်းအတွင်းတွင် တည်ရှိပါသည်။
အူလမ်းကြောင်းရှိ ခုခံအားစနစ်ကို ကောင်းမွန်စေသောအရာများတွင်လည်း LcFOS ကဲ့သို့သော Prebiotics များ၏ အခန်းကဏ္ဍသည်လည်း အဓိကကျပါသည်။
ထို့ကြောင့် ခန္ဓာကိုယ်၏ ခုခံအားစနစ် တိုးတက်ကောင်းမွန်စေရန် အဓိက အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေသည့် LcFOS ပါဝင်သော အစားအစာများ၊ ဖြည့်စွက် အာဟာရများကို သားသားမီးမီးတို့ ပြည့်ဝစွာ ရရှိနိုင်စေရန် မေမေတို့အနေဖြင့် စီစဉ်ပေးသင့်ပါကြောင်း တင်ပြလိုက်ပါသည်။