ကိုယ့်ရင်သွေးလေးကို ကောင်းကောင်းမွန်မွန် ကြီးထွားဖွံ့ဖြိုးလာစေချင်တာ မေမေတိုင်းရဲ့ဆန္ဒပါ။ မေမေတို့ ကိုယ်ဝန်ဆောင်ချိန်ကစပြီး သန္ဓေသားလေးရဲ့ကျန်းမာရေးကို ဂရုစိုက်ကြရတဲ့အပြင် မွေးကင်းစ ရင်သွေးလေးကနေ အရွယ်ရောက်လာချိန်အထိ ပုံမှန်ကြီးထွားဖွံ့ဖြိုးအောင် ပြုစုပျိုးထောင်ပေးရတာလည်း မေမေတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။
ကိုယ့်ကလေးတွေ အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားဖွံ့ဖြိုးနေရဲ့လားဆိုတာကို မေမေတို့အနေနဲ့ အမြဲစောင့်ကြည့်သင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာကြီးထွားလာမှုအပြင် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေဖြစ်တဲ့ အပြုအမူ၊ အာရုံစူးစိုက်နိုင်မှု၊ စိတ်ခံစားနားလည်နိုင်မှု စတဲ့အရည်အချင်းတွေပါ တိုးတက်လာမှု ရှိ၊ မရှိ အမြဲဆန်းစစ်နေရပါမယ်။ ဒါကြောင့် မေမေတို့ သိထားသင့်တဲ့ ကလေးတွေရဲ့ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာစံနှုန်းမှတ်တိုင်တွေကို ဖော်ပြလိုက်ပါတယ်။
မွေးကင်းစကနေ တစ်နှစ်အတွင်း
မွေးကင်းစကနေ တစ်နှစ်အတွင်းကာလဟာ ရင်သွေးလေးတွေ ကျန်းကျန်းမာမာကြီးထွားဖွံ့ဖြိုးစေဖို့ အရေးအကြီးဆုံးအချိန်ကာလပဲ ဖြစ်ပါတယ်။ ဒီကာလမှာ ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် အာဟာရဓါတ်က အရေးကြီးပါတယ်။ မွေးကင်းစကနေ ၆ လအထိ မိခင်နို့တစ်မျိုးတည်း သောက်ရတဲ့ကလေးတွေက နှို့မှုန့်သောက်ရတဲ့ကလေးတွေထက် ကိုယ်အလေးချိန်တိုးတာ ပိုမြန်ပါတယ်။ ၆ လနောက်ပိုင်းမှာ ဖြည့်စွက်စာကို အာဟာရဓါတ်ပြည့်ပြည့်ဝဝ စားခွင့်ရတယ်ဆိုရင် ပုံမှန်အတိုင်း ကျန်းကျန်းမာမာကြီးထွားဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ မွေးကင်းစအရွယ် ကိုယ်အလေးချိန်အနေနဲ့ အနည်းဆုံး ၇ ပေါင် ရှိသင့်ပြီး ၆ လအရွယ်မှာ ကိုယ်အလေးချိန် ၂ ဆ တိုးလာသင့်ပါတယ်။ တစ်နှစ်ပြည့်ချိန်မှာတော့ ကလေးရဲ့ကိုယ်အလေးချိန်ဟာ မွေးကင်းစကိုယ်အလေးချိန်ရဲ့ ၃ ဆ (၂၂ ပေါင်အထိ) ဖြစ်နေမယ်ဆိုရင် ကျန်းမာတယ်လို့ ယူဆနိုင်ပါတယ်။ အရပ်အမြင့်အနေနဲ့ တစ်နှစ်အရွယ်သားသားလေးတွေက ၂၉ လက်မကျော်ကျော်ရှိသင့်ပြီး မီးမီးလေးတွေက ၂၉ လက်မအထိ ရှိသင့်ပါတယ်။
ကလေးရဲ့ဖွံ့ဖြိုးမှုအနေနဲ့ ၆ လအရွယ်မှာ အကူနဲ့ထိုင်တတ်လာပြီး နောက်ပိုင်းမှာ သူ့ဘာသာသူ ထိုင်တတ်လာပါလိမ့်မယ်။ သူ့နာမည်ခေါ်ရင် လှည့်ကြည့်တတ်ပြီး ”အဲ့၊ အာ့” စတဲ့ သရသံလေးတွေ အသံထွက်ပြောနေတတ်ပါပြီ။ ၉ လ၊ ၁၀ လအရွယ်မှာ လေးဘက်စထောက်ပြီး ၁ နှစ်ပြည့်ချိန်မှာတော့ အကူနဲ့လမ်းလျှောက်တတ်နေပါပြီ။
၁ နှစ်ကနေ ၃ နှစ်အတွင်း
ကလေးတွေရဲ့ ၁ နှစ်နောက်ပိုင်းကြီးထွားမှုက ကြီးထွားမှုဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဒါ့အပြင် မိဘမျိုးရိုးဗီဇ၊ ကလေးကျန်းမာရေး၊ ကိုယ်ဝန်ဆောင်စဉ် မိခင်ရဲ့အာဟာရဓါတ်၊ ကလေးရဲ့ကာကွယ်ဆေးထိုးနှံမှု စတဲ့အချက်တွေပေါ်မူတည်ပြီး ကလေးတွေရဲ့ကိုယ်အလေးချိန်နဲ့ အရပ်ဟာ ကွဲပြားသွားနိုင်ပါတယ်။
ဒီကာလဟာ လမ်းလျှောက်တတ်ခါစအရွယ်ဖြစ်တဲ့အတွက် မေမေတို့ ပိုဂရုစိုက်ရမယ့်အရွယ်လည်း ဖြစ်ပါတယ်။ ကလေး ၂ နှစ်အရွယ်မှာ ဘောလုံးကန်တတ်လာပြီး ၃ နှစ်အရွယ်မှာ သုံးဘီးပါတဲ့စက်ဘီး စီးတာမျိုး၊ တစ်ခြားကလေးတွေနဲ့တန်းတူပြေးလွှားဆော့ကစားတာမျိုး လုပ်တတ်ပါပြီ။ စာကြောင်း ၂ ကြောင်း ဒါမှမဟုတ် ၃ ကြောင်းပါတဲ့ စကားတွေလည်း ပြောတတ်နေပါပြီ။ လူကြီးတွေလုပ်သလို တုပလုပ်ဆောင်နေတတ်ပါပြီ။
၂ နှစ်အရွယ်ကလေးရဲ့ ကိုယ်အလေးချိန်က မွေးကင်းစကိုယ်အလေးချိန်ရဲ့ ၄ ဆ (၂၈ ပေါင်အထိ) ရှိသင့်ပြီး ၃ နှစ်အရွယ်ဆိုရင်တော့ ၅ ဆ (၃၀ မှ ၃၅ ပေါင်အထိ) ရှိသင့်ပါတယ်။ အရပ်အမြင့်ကလည်း ၂၉ လက်မကနေ ၃၇ လက်မလောက်ထိ ရှိလာသင့်ပါတယ်။
၄ နှစ်ကနေ ၉ နှစ်အတွင်း
ကလေးအသက် ၄ နှစ်အရွယ် ရောက်လာရင်တော့ စကားကောင်းကောင်းပြောနေတတ်ပါပြီ။ ဒီအရွယ်မှာ တစ်ယောက်တည်းနေရတာထက်စာရင် တစ်ခြားကလေးတွေနဲ့ ဆော့ကစားရတာကို ပိုပြီးနှစ်သက်လာတတ်ပါတယ်။ အဝတ်အစားလည်း ဝတ်တတ်လာပါပြီ။ ၅ နှစ်အရွယ်ရောက်လာရင် သီချင်းဆိုတတ်၊ က တတ်နေပါပြီ။ နံပါတ်စဉ်ကို ၁၀ အထိ ရေတွက်တတ်လာပြီး နာမည်တွေ၊ လိပ်စာတွေပါ ပြောလာတတ်ပါပြီ။
၄ နှစ်ကနေ ၅ နှစ်အတွင်းမှာ အရပ် ၂ လက်မနေ ၃ လက်မထိ တိုးလာရပါမယ်။ အသက် ၅ နှစ်ကနေ ၉ နှစ်အတွင်း အရပ်က ၃ ပေ ၆ လက်မကနေ ၄ ပေ ၄ လက်မအထိ ရှိလာရပါမယ်။ ကိုယ်အလေးချိန်လည်း တဖြည်းဖြည်းတိုးလာပြီး ၃၉ ပေါင်ကနေ ၆၂ ပေါင်အထိ ရှိလာသင့်ပါတယ်။
ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့ မေမေတို့အနေနဲ့ ဒါလေးတွေ လုပ်ဆောင်ပေးသင့်ပါတယ်
(၁) အစာအာဟာရ ညီညွတ်မျှတအောင် ကျွေးမွေးပါ။
ကလေးနေ့စဉ်စားတဲ့ အစားအစာမှာ ကစီဓာတ်၊ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ သင့်တင့်မျှတအောင် ထည့်သွင်းကျွေးမွေးဖို့ လိုအပ်ပါတယ်။ အစာ အုပ်စု ၃ စုကို ညီညွတ်မျှတအောင် ကျွေးမွေးမယ်ဆိုရင် ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးလေးတွေ ဖြစ်လာမှာပါ။
(၂) ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပေးပါ။
တစ်ခြားကလေးတွေနဲ့ အတူတူ ပြေးလွှားဆော့ကစားခွင့် ပြုလိုက်ပါ။ ကစားဖော်မရှိရင်တောင် ဖေဖေမေမေတို့က အချိန်ပေးပြီး ကလေးနဲ့အတူ ဆော့ကစားတာမျိုး လုပ်ဆောင်ပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှား၊ ဆော့ကစားခြင်းက ကလေးကို ကျန်းမာသန်စွမ်းစေပြီး ခန္ဓာကိုယ်ကိုလည်း ကြီးထွားစေနိုင်ပါတယ်။
(၃) အိပ်ရေးဝဝ အိပ်စက်ပါစေ။
၃ နှစ်က ၅ နှစ်အရွယ်ကလေးတွေအတွက် အိပ်ချိန် ၁၀ နာရီက ၁၃ နာရီ ရှိသင့်ပြီး ၆ နှစ်က ၁၃ နှစ်အရွယ်တွေက အိပ်ချိန် ၉ နာရီက ၁၁ နာရီ ရှိသင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကစပြီး ညဘက်အိပ်ချိန် ၈ နာရီ ပြည့်ပြည့်ဝဝ ရှိသင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်မှုပုံစံကို အလေ့အကျင့်ရအောင် မွေးမြူပေးသင့်ပါတယ်။
(၄) ကလေးကို ချစ်ပေးပါ။
ကလေးငယ်စဉ်ကာလတည်းက မေမေတို့ရဲ့ ဂရုဏာနဲ့ အကောင်းဆုံးချစ်ခြင်းမေတ္တာတွေ ရရှိမယ်ဆိုရင် ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေဟာ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။ ကလေးကို စိတ်ဖိစီးမှုကင်းအောင် ပျိုးထောင်ပါ။ ကလေးရဲ့ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ဆောင်မယ်ဆိုရင် လိမ္မာရေးခြားရှိတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။
အထက်က ဖော်ပြခဲ့တာတွေကတော့ မေမေတို့သိထားသင့်တဲ့ ကလေးတွေ အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုမှတ်တိုင်တွေဖြစ်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် လုပ်ဆောင်ရမယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုခရီးစဉ်ကို အမြဲစောင့်ကြည့်မှတ်သားသင့်ပြီး နှောင်နှေးနေရင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့ စောစောစီးစီး ပြသဖို့က မေမေတို့ရဲ့တာဝန်ပဲ ဖြစ်ပါတယ်။