“ကလေးရဲ့ ဦးနှောက်အရွယ်အစားဟာ မွေးဖွားပြီးခါစမှာ ပုံမှန်လူကြီးဦးနှောက်ရဲ့ လေးတစ်ပုံခန့်ရှိပါတယ်။ အသက်တစ်နှစ်မှာ ဦးနှောက်ဟာ လူကြီးဦးနှောက်ရဲ့ ၅၀ % အထိ ဖွံ့ဖြိုးလာပြီး သူငယ်တန်းအရွယ်ရောက်လာတဲ့အခါ လူကြီးဦးနှောက်ရဲ့ ၉၀ % အထိ ဖွံ့ဖြိုးလာပါတယ်။”
ရင်သွေးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အစောပိုင်းကာလတွေဟာ အလွန်အရေးကြီးပါတယ်။ အနာဂတ်မှာ ကောင်းမွန်စွာ သင်ယူလေ့လာနိုင်ဖို့ အခြားသူတွေထက် ပိုမို ထူးချွန်ဖို့ရာ ကလေးရဲ့ အသက်ရှစ်နှစ်အထိဟာ ပုံသွင်းဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ။ ဒါ့ကြောင့် မေမေတို့ရဲ့ ရင်သွေးလေး အနာဂတ်မှာ ဉာဏ်ကောင်းပြီး ထူးချွန်ထက်မြက်ဖို့ဆိုရင် ကိုယ်ဝန်ဆောင်စဉ်ကတည်းမှ စတင်ပြီး အသေအချာ ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံဖြိုးမှုဟာ ဗီဇမျိုးရိုးအပြင်…
- ကိုယ်ဝန်ဆောင်စဉ် အာဟာရ ကြွယ်ဝစွာ စားသုံးခြင်း
- ကိုယ်ဝန်ဆောင်စဥ်မှာ ရောဂါပိုး သို့မဟုတ် အဆိပ်အတောက်များ နှင့်ထိတွေ့မှု ရှိခြင်း၊ မရှိခြင်း
- ကလေး ကြီးပြင်းလာမယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ မိဘတွေရဲ့ ပြုစုပျိုးထောင်မှု
စတဲ့ အချက်တွေပေါ်မှာ မူတည်ပါတယ်။
ကလေးရဲ့ ဦးနှောက်အရွယ်အစားဟာ မွေးဖွားပြီးခါစမှာ ပုံမှန်လူကြီးဦးနှောက်ရဲ့ လေးတစ်ပုံခန့်ရှိပါတယ်။ အသက်တစ်နှစ်မှာ ဦးနှောက်ဟာ လူကြီးဦးနှောက်ရဲ့ ၅၀ % အထိ ဖွံ့ဖြိုးလာပြီး သူငယ်တန်းအရွယ်ရောက်လာတဲ့အခါ လူကြီးဦးနှောက်ရဲ့ ၉၀ % အထိ ဖွံ့ဖြိုးလာပါတယ်။ ဒီလိုဦးနှောက်ဖွံဖြိုးနေတဲ့အချိန်မှာ ပြုစုပျိုးထောင်ရင် ပျိုးထောင်နိုင်သလောက် ကလေးတွေရဲ့ ဦးနှောက်ဖွံဖြိုးမှုဟာ တိုးတက်နိုင်ပါတယ်။
သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးရန် ဘယ်လို ပျိုးထောင်ရမလဲ?
- ကျန်းမာသော ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်နေပါစေ
ကိုယ်ဝန်ဆောင်စဥ်မှာ အာဟာရပြည့်အောင် စားသောက်နေမှသာ မိမိဗိုက်ထဲက ရင်သွေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အတွက်လိုအပ်တဲ့ DHA, Folic Acid, Choline, Iron စတဲ့ဓာတ်တွေ ရရှိမှာဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ ကူးစက်ရောဂါပိုးတွေဖြစ်တဲ့ Cytomegalovirus , Zika Virus ပိုးကြောင့်လည်းကောင်း၊ ကိုယ်ဝန်ဆောင်စဉ် အရက်နဲ့ ဆေးလိပ်တို့ကို သောက်သုံးမှုကြောင့်ဖြစ်စေ၊ မိခင်ရဲ့ စိတ်ဖိစီးမှု၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု (Trauma)များကြောင့်ဖြစ်စေ၊ စိတ်ကျရောဂါကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ရောဂါများကြောင့်ဖြစ်စေ ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်စေတာကြောင့် ကိုယ်ဝန်ရှိမှန်းစသိကတည်းက ကျန်းမာရေး စောင့်ရှောက်မှု ခံယူသင့်ပါတယ်။
- ကလေးရဲ့ ဦးနှောက် ဖွံဖြိုးဖို့ အတွက်…
မှန်ကန်တဲ့ ပြုစုပျိုးထောင်ပေးမှုနဲ့ အာဟာရဓာတ်ကြွယ်ဝအောင် ကျွေးမွေးပေးနိုင်ခြင်း ရှိမရှိဟာ ကလေးယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အဓိကကျပါတယ်။
- ဦးနှောက်ဖွံ့ဖြိုးမှုကို ဟန့်တားနိုင်တဲ့ အဆိပ်အတောက်ဓာတ်များ[ဥပမာ- ခဲဓာတ် (lead) ဆိပ်တက်ခြင်း] နဲ့ မထိတွေ့နိုင်အောင် ရှောင်ကြဉ်ခြင်း၊
- ဦးနှောက်ကို ထိခိုက်စေနိုင်မည့် ရောဂါများ ဥပမာ- ဝက်သက်၊ ဂျပန်ဦးနှောက်ရောင်ရောဂါ စတာတွေမဖြစ်အောင် ကလေးကို အသက်အလိုက် ထိုးရမယ့် ကာကွယ်ဆေးများထိုးထားပေးခြင်း
- မိဘ သို့ ပြုစုပျိုးထောင်ပေးသူတွေ အနေနဲ့ မိမိရင်သွေးငယ်ကို ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ လုံခြုံမှု ရှိစေရန် ပျိုးထောင်ခြင်း
စတဲ့အချက်တွေ လိုအပ်ပါတယ်။
ကလေးတွေဟာ နေ့စဉ် တွေ့ကြုံရတဲ့ အဖြစ်အပျက်မှန်သမျှကို မှတ်သားထားနိုင်ကြပြီး ဒီအတွေ့အကြုံတွေကို အခြေခံကာ သူတို့ရဲ့ ဘဝတစ်လျှောက်မှာ ကြုံတွေ့ရတဲ့ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတတ်ကြပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးမှာ Problem Solving Skill, Communication, Emotional Intelligence, Leadership, Stress Management, သင်ယူလေ့လာနိုင်စွမ်း စတဲ့ Skillတွေဟာ ကွာခြားနိုင်ခြင်းဟာ ငယ်စဉ်က ကြုံတွေ့ရသမျှအပေါ် မူတည်ပါတယ်။
မိဘတွေအနေနဲ့ ဘယ်လို ပြုစုပျိုးထောင်ရမလဲ?
- ကလေးကို မွေးစအရွယ်ကတည်းက နွေးနွေးထွေးထွေးဆက်ဆံပေးခြင်း၊ စကား များပြောပေးခြင်း၊ ဆော့ကစားပေးခြင်း
- ကလေးရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်(Developmental Milestones) တွေအလိုက် ဦးနှောက်ဖွံ့ဖြိုးစေရန် လေ့ကျင့်ခန်းများဖြင့် လေ့ကျင့်ပျိုးထောင်ပေးခြင်း
- ဒီအချိန်မှာ ကလေးရဲ့ ဦးနှောက်ဟာ ဆက်လက် ဖွံ့ဖြိုးနေချိန်ဖြစ်ပြီး အထိရှမခံသင့်တဲ့အချိန်ဖြစ်တာမို့ ကလေးကို ဆူခြင်း၊ ရိုက်နှိက်ခြင်း၊ ကလေးရှေ့မှာ ရန်ဖြစ်ခြင်း၊ ဆဲဆိုအော်ပြောခြင်း စတာတွေကို ဂရုစိုက် ဆင်ခြင်သင့်ပါတယ်။ ၏