“မေမေ သား သား ကျောက်သင်ပုန်းမှာ ရေးထားတဲ့ စာတွေကို မမြင်ရဘူး ”
သားကား ကျောင်းကအပြန် မေမေ့အား အိမ်နောက်ဖေးထိလာပြောလေသည်။
“ဟေ ဟုတ်လား၊ မမြင်တာ ကြာပြီလား”
“သားအရင်က မသိဘူး။ ဒီနေ့နောက်ဆုံးတန်းမှာထိုင်မှ ကျောက်သင်ပုန်းမှာ ဆရာမရေးထားတဲ့ စာတွေကို ဖတ်လို့မရမှ သိတယ်။ သားသူငယ်ချင်းတွေက မြင်ရတယ်။ သားက မမြင်ရဘူး။ အဲဒါနဲ့ ဆရာမကို ပြောလိုက်လို့ ဆရာမကသားကို အရှေ့ခေါ်ထိုင်းခိုင်းတယ်။ ပြီးတော့ မေမေတို့ကိုလည်း ပြောလိုက်ပါတဲ့။ သားကို မျက်စိ စမ်းသပ်ပါတဲ့။ ဆရာမက မှာလိုက်တယ် မေမေ။”
သားကား ကျောင်းမှအပြန် မိမိအား ရေပက်မဝင်ပြောနေသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မေမေ့သားလေး မျက်စိမှုန်နေပြီလားမသိ။ သီတာ သားကို စိုးရိမ်မိသည်။
“သားဖေဖေကို ပြောပြီး နက်ဖြန်ညနေကျရင် ဆေးခန်းသွားပြပေးမယ်နော် သား” ဟု နှစ်သိမ့်ထားလိုက်သည်။
သားကား ဟုတ်ကဲ့ မေမေဟု ပြောကာ ဧည့်ခန်းထဲ သို့ထွက်သွားသည်။
သားကို လှမ်းကြည့်လိုက်သည်။ တစ်ဦးတည်းသော သားဖြစ်သောကြောင့် သားတွင် ကစားဖော်မရှိ။ လင်မယားနှစ်ယောက်စလုံးကလည်း အလုပ်ကိုယ်စီနဲ့မို့သားအား အချိန်သိပ်မပေးနိုင်။ သားကား တီဘီဖွင့်ကာ game ကစားရန် ပြင်ဆင်လိုက်သည်။
“သားစာကျက်ပြီးပြီလား”
“သားကျုရှင်မှာ အားလုံးပြီးခဲ့ပြီမေမေ။ နက်ဖြန်လည်း ကျောင်းပိတ်တယ်လေ မေမေ”
သားကား အမေကို ဆင်ခြေပေးကာ game ကစားရန် ပြင်နေပြီ။ ကိုယ်ကလည်း တစ်နေကုန် အလုပ်သွား ညနေခင်း အိမ်အလုပ်တွေ လုပ်နေရသည်နှင့် သားကို အချိန်သိပ်မပေးနိုင်။
သူများတွေလိုမျိုး ခြံနှင့်ဝန်းနှင့် နေသည်လည်း မဟုတ်။ တိုက်ခန်းတွင် နေရသဖြင့် သားကိုလည်း လမ်းမပေါ်ထွက်ပြီး မကစားခိုင်း။ မိမိကလည်း လိုက်မကြည့်နိုင်။ ထို့ကြောင့်သားသည် အိမ်ထဲတွင်သာ အချိန်ကုန်နေတော့သည်။ Computer game ကစားလိုက် သူ့အဖေအားလျှင် အရုပ်ပစ်တန်းကစားလိုက်နှင့် အချိန်ကုန်နေတော့သည်။
မျက်စိဆေးခန်းရှေ့တွင် ထိုင်စောင့်ရင်း သားကား သူ့အဖေဖုန်းနှင့် Game ကစားနေသည်။ သားကား ငယ်ငယ်ကတည်းက ဉာဏ်ကောင်းသည်။ Game တွေကိုလည်း ငယ်ငယ်ရွယ်ရွယ်နှင့် ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သည်။ သားအလှည့်ရောက်တော့ ဆေးခန်းထဲ ဝင်လိုက်သည်။
” ခုနတုန်းက အပြင်မှာ ဖုန်းနဲ့ Game ကစားနေတဲ့ ကလေးလေးလား ” အခန်းထဲ ဝင်ဝင်ချင်းပင် ဆရာဝန်ကြီးမှ လှမ်းမေးလိုက်သည်။
” ဟုတ်ကဲ့ပါ ဆရာ။ ” အမျိုးသားကား ဝင်ဖြေလိုက်သည်။
” ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးက Game တွေ အရမ်းကစားသလား။ ” ဆရာဝန်ကြီးမှ သားကို စမ်းသပ်စစ်ဆေးပြီးမေးလိုက်သည်။
” တစ်ယောက်ထဲ မွေးထားတာဆိုတော့ သူ့မှာ အဖော်လည်းမရှိဘူး ဆရာ။ ကျွန်မတို့လင်မယားနှစ်ယောက် စလုံးကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ သားကိုလည်း အဖော်မလုပ်နိုင်တာနဲ့။ ကလေးက ငယ်ငယ်ကတည်းက Game ကစားတတ်ပါတယ်။ တစ်ခါတစ်လေလည်း အရုပ်တွေနဲ့ ကစားတတ်ပါတယ်” သီတာတစ်ယောက် ဆရာဝန်ကြီးအား ရှင်းပြလိုက်သည်။
” အခုဆိုရင် ကလေးက မျက်စိမှုန်နေပြီ။ ကလေး မိဘနှစ်ပါးစလုံး မျက်မှန်တပ်မရသေးပဲနဲ့ ကလေးက မျက်မှန်တပ်ရတော့မယ်။ ကလေးကို ဖုန်းတွေနဲ့ Game ပေးကစားတာဟာ သိပ်ကို မှားပါတယ်။ ”
” ဟုတ်ကဲ့ ဆရာ။ သားမျက်စိမှုန်တာ Game ကစားလို့လားဆရာ” မိငယ်တစ်ယောက် သားအပေါ် တာဝန်မကျေသလိုများဖြစ်နေသလားလို့ တွေးမိသည်။ အချိန်မပေးမိပဲ Game များနှင့် လွှတ်ထားမိသည်ကို နောင်တရချင်လာသည်။
” ဟုတ်ပါတယ်။ ကလေးမျက်စိမှုန်တာ Game တွေ အရမ်းကစားလို့ပဲ။ နောက်ကို ကလေးကို Game တွေ ပေးမကစားပါနဲ့။ မိဘတွေအနေနဲ့ ကလေးကို လွှတ်မထားပဲ အချိန်ပေးပါ”
” ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော်တို့ နောက်ကိုဆင်ခြင်ပါမယ်။ ကလေးကိုလည်း အချိန်ပေးပါမယ်။ ” အမျိုးသားမှ ဆရာဝန်ကြီးအား ကတိပေးလိုက်သည်။ အမျိုးသားမှာလည်း မျက်နှာပျက်ကာ သားအတွက် စိတ်မကောင်းဖြစ်နေပုံရသည်။
မျက်မှန် တပ်ရမယ်ဆိုလို့ သားကား သူကြိုက်သော မျက်မှန်ကိုင်းကိုရွေးကာ ပျော်ရွှင်နေသည်။ မိငယ်တို့လင်မယားသာ ရင်ထဲတွေ မောကျပ်ကျပ်ကြီး။
Author : Dr. အေးချမ်းမိုး