လေထုညစ်ညမ်းမှုသည် ယနေ့ခေတ်တွင် လူတိုင်း ကြုံတွေ့နေရသော ဆိုးရွားသော ပြဿနာတစ်ခုဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ကြေငြာမှုအရ ကမ္ဘာ့လူဉီးရေ၏ (၉၀) ရာခိုင်နှုန်းကျော်သည် သန့်ရှင်းသော လေကောင်းလေသန့်ကို မရနိုင်သော အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် လူပေါင်းများစွာသည် အသက်ရူလမ်းကြောင်းနှင့် ဆိုင်သောရောဂါလက္ခဏာများကို ခံစားနေရသည်။ မြန်မာနိုင်ငံတွင်လည်း အိမ်တွင်း လေထုညစ်ညမ်းမှုနှင့် ပြင်ပလေထု ညစ်ညမ်းမှုများနှင့် ရင်ဆိုင်နေရသည်။
လေထုညစ်ညမ်းမှုသည် အဆုတ်ကို ဆိုးရွားစွာ ထိခိုက်စေသည်။ ရှူသွင်းလိုက်သောလေထဲတွင် အောက်ဆီဂျင် လုံလောက်စွာ မပါ၀င်ဘဲ အဆုတ်ကို ထိခိုက်ပျက်စီးစေသည်။ အဆုတ်နှင့် ပတ်သတ်သောရောဂါများ ဖြစ်ပွားစေသည်။ ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကို ပျက်စီးစေသော ဓာတုပစ္စည်းများ အများအပြား ပါ၀င်ကာ အဆုတ်ကင်ဆာ အထိပါ ဖြစ်ပွားစေသည်။ ဆေးလိပ်သောက်သုံးသူ ကိုယ်တိုင်သာမက ဘေးပတ်၀န်းကျင်ရှိ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိသော ကလေးသူငယ်များနှင့် မိသားစု၀င်များပါ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်သည်။
ကားအိတ်ဇောပိုက်မှ ထွက်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များသည်လည်း လေထုကို ညစ်ညမ်းစေကာ အဆုတ်အတွက် အန္တရာယ်ပေးသော ဓာတ်ငွေ့ဖြစ်သည်။ အမှိုက်များ မီးရှို့ခြင်းကြောင့် ထွက်လာသော ဓာတ်ငွေ့များ၊ အိမ်တွင်း ထမင်းဟင်းချက်ပြုတ်ရာတွင် သုံးသော လောင်စာဆီများမှ ထွက်လာသော အခိုးအငွေ့များ၊ တောမီးလောင်ရာမှ ထွက်လာသော အခိုးအငွေ့များ၊ တောမီးရှို့ရာမှ ထွက်လာသော အခိုးအငွေ့များသည်လည်း လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေကာ ရှူရှိုက်မိသူများအတွက် အဆုတ်ကို ပျက်စီးစေပါသည်။ တစ်ချို့စက်ရုံအလုပ်ရုံများမှ ထွက်သော ဖုန်မှုန့်များနှင့် အိမ်တွင်းနံရံရှိ မှိုများသည်လည်း ရပ်ကျပ်ခြင်း၊ အသက်ရူမ၀ခြင်း၊ ဓာတ်မတည့်ခြင်းများ ဖြစ်ပွားရုံသာမက အဆုတ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပါသည်။
အဆုတ်ကို ထိခိုက်စေသော လေထုညစ်ညမ်းမှုများမှ ကာကွယ်စေရန်အတွက် လေထုညစ်ညမ်းမှု အများဆုံးအချိန်များတွင် အိမ်တွင်းတွင် နေထိုင်ရမည်။ ထို့အပြင် ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ အားကစားလုပ်ခြင်းများကို လေထုညစ်ညမ်းမှုနည်းသော မနက်စောစောတွင် ပြုလုပ်ပေးခြင်းဖြင့် အဆုတ် ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။
Author: Dr. Aye Chan Moe