ညနေပိုင်း မြို့ထဲခဏသွားရင်း လိုအပ်သည့်ဆေးဝါးအချို့ဝယ်ရန်အတွက် နီးစပ်ရာဆေးဆိုင်တခုသို့ ဝင်လာခဲ့သည်။ ဆိုင်ရှင်ဖြစ်သူထံမှ လိုအပ်သည့်ဆေးဝါးများ မှာယူနေစဉ် ဆိုင်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ဝင်လာကာ အရောင်း ကောင်တာမှ အမျိုးသမီးအား “အစ်မရေ ညီမနေမကောင်းချင်သလိုဖြစ်လို့ အရင်တခါ ပေးနေကျ ဆေးလေးစပ်ပေးပါဦး”ဟု ပြောသံကြားလိုက်သည်။
မိမိလည်း စပ်စုလိုစိတ်ဖြင့် သွားကြည့်မိလိုက်တော့ ဆေး (၄) မျိုးခန့်ကို အထုတ်ငယ်လေးများ ထုတ်နေသည်ကို တွေ့လိုက်ရသည်။ သေချာကြည့်လိုက်တော့ ဆေး (၂) မျိုးမှာ အကိုက်အခဲပျောက်ဆေးများဖြစ်၍ ဆေးတမျိုးမှာ အစာအိမ်ဆေးတမျိုးဖြစ်သည်။ ကျန်ဆေးတမျိုးမှာ ပဋိဇီဝပိုးသတ်ဆေး။ ပိုးသတ်ဆေးမှ ကိုယ်ဝန်ဆောင်ကာလတွင် လုံးဝအသုံးမပြုသင့်သော ပိုးသတ်ဆေး။ လိမ္မော်ရောင်နှင့် အစိမ်ရောင်တွဲထားသော ပိုးသတ်ဆေးတောင့်တမျိုးဖြစ်နေသည်။
လွဲမှားစွာ အသုံးပြုလျက်ရှိသော ဆေးဝါးများ
အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် ကလေးငယ်များအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုနှင့် အသိဉာဏ်ဖွံ့ဖြိုးမှုများသည် မိခင်၏ ကိုယ်ဝန်ဆောင် ကာလနှင့် ကလေး၏ ငယ်ရွယ်စဉ်ကာလ ကျန်းမာရေးအပေါ် များစွာတည်မှီနေသည်။ ကိုယ်လက်အင်္ဂါ ချို့တဲ့သောကလေးများ၊ လူစဉ်မမှီသော ကလေးများ၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု နှောင့်နှေးသော ကလေးများ မွေးဖွားလာခြင်းနှင့် ကလေးအသေမွေးခြင်းများသည် (အတိတ်ကံဟု ဆိုနိုင်သော်လည်း) ကိုယ်ဝန်ဆောင်ကာလတလျောက် မိခင်၏ အနေအထိုင်၊ အစားအသောက်နှင့် မလိုအပ်ပဲ အသုံးပြုမိသော ဆေးဝါးများနှင့် မှားယွင်းစွာ အသုံးပြုမိသော ဆေးဝါးများကြောင့် အများဆုံးဖြစ်ပွားရခြင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်ကာလနှင့် ကလေးငယ်စဉ်ကာလများတွင် နာမကျန်းမှုဖြစ်ပွားပါက ဆေးရုံ၊ ဆေးခန်းများတွင်ပင် ကုသမှုခံယူရန်အတွက် ကျန်းမာရေးဝန်ထမ်းများမှ အာပေါက်မတတ် မှာနေရသော်လည်း ဝေးလံခေါင်သီးသော ဒေသများတွင်သာမက မြို့ကြီးများရှိ ခေတ်ပညာတတ် မိသားစုများပင် ဆေးမြီးတိုများ စပ်ဆေးများကို ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြု နေကြဆဲဖြစ်သည်။
ဆေးဆိုင်များအနေနှင့်လည်း လက်သုံးဆေးဝါးများနှင့် ဆရာဝန် ညွှန်ကြားချက်အရ အသုံးပြုသင့်သော ဆေးဝါးများကို သေချာစီစစ်ခြင်း မရှိပဲ အလွယ်တကူ ရောင်းချနေခြင်းများကြောင့် ဆေးယဉ်ပါးခြင်း၊ ဆေးဝါးများ၏ နောက်ဆက်တွဲ ပြဿနာများ ခံစားရခြင်းနှင့် ကုသရန်ခက်ခဲသည့် မွေးရာပါရောဂါများနှင့် မွေးကင်းစကလေး ကျန်းမာရေးပြဿနာများ ယနေ့ခေတ်တွင် ပိုမိုဖြစ်ပွားလာလျက်ရှိသည်။ အထူးသဖြင့် ပိုးသတ်ဆေးဝါးများကို နေရာမရွေး လွဲမှားစွာ အသုံးပြုမိနေကြသည်။
ပိုးသတ်ဆေးများနှင့် အနာဂတ်အန္တရာယ်
ကိုယ်ဝန်ဆောင်ကာလတွင် မလိုအပ်ပဲ ပဋိဇီဝ ပိုးသတ်ဆေးများ လွဲမှားစွာ အသုံးပြုမိသော မိခင်များတွင် ဆေးနှင့်ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော လက္ခဏာများ ခံစားရခြင်းနှင့် နောင်တချိန်တွင် ဆေးယဉ်ပါးခြင်းအတွက် ပိုးသတ်ဆေးအပြင်းများကို အသုံးပြုရခြင်းကြောင့် ငွေကုန်ကြေးကျများခြင်း ဖြစ်စေနိုင်သည်။ မွေးဖွားရာတွင်လည်း ကလေးစော၍ မွေးခြင်း၊ ကလေးအသေမွေးခြင်း၊ မွေးလာသည့် ကလေးတွင်လည်း ကိုယ်လက်အင်္ဂါ မစုံလင်ခြင်း၊ မွေးရာပါ ရောဂါများ ပါလာခြင်းနှင့် အခြား ကုသရန် ခက်ခဲသည့်ရောဂါများ၊ ကုသမရနိုင်သည့် ရောဂါများပါလာနိုင်ခြင်းတို့ ဖြစ်ပွားနိုင်သည်။
အချို့ဆေးဝါးများ အနေနှင့် နောက်ဆက်တွဲပြဿနာများ ရောဂါများကို ချက်ခြင်း ခံစားရစေခြင်းမျိုးမဟုတ်ပဲ ကလေးအသက်တဖြည်းဖြည်းကြီးလာမှသာ ဉာဏ်ရည် ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ ဉာဏ်ရည်မမှီခြင်း စသည့် ပြဿနာများ ခံစားရစေနိုင်သဖြင့် မိသားစုအတွက်သာမက နိုင်ငံတော်အတွက်လည်း ကြီးစွာသော ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။
ဘယ်လိုကာကွယ်ကြရမလဲ
မွေးဖွားလာသည့်ကလေးတွင် ကိုယ်လက်အင်္ဂါ စုံလင်စွာမွေးဖွားစေလိုခြင်းနှင့် ကျန်းကျန်းမာမာဖြင့် အခြားကလေးများနည်းတူ ဉာဏ်ရည်ဖွံ့ဖြိုးလာခြင်းသည် မိဘတိုင်း၏ မျှော်လင့်ချက်ဖြစ်သည်။ အဆိုပါ မျှော်လင့်ချက်ကို ပြည့်ဝစေရေးအတွက် အဓိက တာဝန်ရှိသူမှာလည်း မိဘနှစ်ပါးသာလျှင်ဖြစ်သည်။ ကိုယ်ဝန်ရှိသည်ဟု စတင် သိရှိသည်မှစ၍ ကိုယ်ဝန်ဆောင်ချိန် နာမကျန်းဖြစ်လျှင် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်သာ ပြသရမည်ဖြစ်ပြီး ညွှန်ကြားချက်များအတိုင်း အတိအကျ လိုက်နာရန် လိုသည်။ ဆေးမြီးတိုများ၊ စပ်ဆေးများ အသုံးပြုမိခြင်းကို လုံးဝရှောင်ကျဉ်ရန်လည်း လိုသည်။
ဆေးဆိုင်များနှင့် အခြေခံ ကျန်းမာရေးဝန်ထမ်းများအနေနှင့်လည်း မိမိ၏ အကျိုးစီးပွားနှင့် မိမိ၏အမှားကြောင့် အခြားမိသားစုများတွင် စိတ်ဒုက္ခမရောက်စေရေး အမြဲသတိပြုရန်လိုသည်။ လက်သုံးဆေးဝါးများနှင့် ဆရာဝန်ညွှန်ကြားချက်အရ အသုံးပြုသင့်သော ဆေးဝါးများကို တိကျစွာသိရှိထားရန်လိုမည်ဖြစ်သလို အခြေခံ ကျန်းမာရေး ပညာပေးခြင်းများကို သိရှိထားရန်လိုပြီး ကျန်းမာရေး အကြံပြုချက်များကိုလည်း တိကျစွာ လိုက်နာရန်လိုသည်။
အခြေခံကျန်းမာရေးဝန်ထမ်းများအနေနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး နာမကျန်းမှုများအတွက် လိုအပ်လျှင် အရေးပေါ်ပြုစုမှုသာပေးပြီး နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများထံသို့ အချိန်မီသွားရောက် ကုသမှုခံယူစေရေး တိုက်တွန်းရမည် ဖြစ်သည်။
ကျန်းမာရေးဝန်ထမ်းများအနေနှင့်လည်း ကိုယ်ဝန်ဆောင် လူနာများကို လိုအပ်သလို ကုသမှု ပေးရင်း ကျန်းမာရေးပညာပေးလုပ်ငန်းများနှင့် ဆေးဝါးများနှင့် ပတ်သတ်သော ဆောင်ရန်/ရှောင်ရန်များကို တပါတည်း ပြောဆို တိုက်တွန်းပေးသွားရန်လိုသည်။ သို့မှာသာ ကိုယ်ဝန်ဆောင်မိခင်များတွင် ဆေးဝါးများမှားယွင်းစွာ အသုံးပြုမိခြင်းကြောင့် ဖြစ်ပေါ်ခံစားရသော ပြဿနာများကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး အနာရောဂါကင်းစင်သော အနာဂတ်ခေါင်းဆောင်လောင်းများ မွေးဖွားနိုင်စေမည်မှာ အမှန်ပင်ဖြစ်သည်။
တင့်တယ်