ဘယ်အချိန်ဆို အပျိုဖြစ်သလဲ
ယေဘူယျအားဖြင့် ကလေးဘဝကနေ လူကြီးအဖြစ်ပြောင်းသည့်အခါ (တစ်နည်းဆိုရလျှင် အရွယ်ရောက်သည့်အခါ ) ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ကြုံရတတ်ပါတယ်။ အမျိုးသမီးများမှာ အမျိုးသားများ ထက်ပိုစောစွာ အရွယ်ရောက်လေ့ရှိပါတယ်။ ဟော်မုန်းပြောင်းလဲမှုကြောင့် အဆိုပါပြောင်းလဲမှုများ ကြုံရခြင်းဖြစ်ပါတယ်။ ယခုတစ်ခေါက်မှာ အမျိုးသမီးများ အပျိုဖော်ဝင်ချိန်တွင်ကြုံရသော ပြောင်းလဲမှုဖြစ်စဉ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
•ကိုယ်အလေးချိန်တက်ကာ အရပ်ရှည်လာခြင်း
အသက် ၉ နှစ်လောက်မှစ၍ အရပ်များပိုထွက်လာတတ်ကြပါတယ်။ မိန်းကလေးအများစုမှာ ပထမဆုံးရာသီသွေးမပေါ်ခင် ၆ လ အလိုလောက်တွင် ကြီးထွားနှုန်း အမြန်ဆုံးဖြစ်တတ်ပါတယ်။
ထို့အပြင် အဆိုပါကာလတွင် ကိုယ်အလေးတိုးလာသည့်အပြင် လက်မောင်း၊ ပေါင် နှင့် နောက်ကျောတို့တွင် အဆီများတက်လာကာ တင်ပါးမှာလည်း လုံးဝန်းကာ ကားလာတတ်ပြီး ၊ ခါးများ သိမ်လာတာကို တွေ့ရတတ်ပါတယ်။ ထိုသို့ ဝိတ်တက်လာလျှင် အရပ်နှင့် ကိုယ်အလေးချိန် ပုံမှန်တိုင်းကာ ကိုယ်အလေးချိန်တက်နှုန်း မြန်နေလျှင် အစားကိုဂရုတစိုက် ထိန်းပြီးစားရန်လိုအပ်ပါတယ်။
• ရင်သား ဖွံဖြိုးလာခြင်း
ရင်သား ဖွံဖြိုးလာခြင်းဟာ အပျိုဖော်ဝင်ခြင်း၏ အစောပိုင်းလက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ထိုသို့ရင်သားဖွံ့ဖြိုးလာပါက မိခင်နှင့်တိုင်ပင်ကာ သင့်တော်သော အတွင်းခံ အင်္ကျီပြောင်းဝတ်သင့်ပါတယ်။
• အမွှေးများပေါက်လာခြင်း
အပျိုဖော်ဝင်သည်နှင့် တပြိုင်နက် လက်မောင်း၊ ခြေထောက်၊ ချိုင်း နှင့် ဆီးခုံတစ်ဝိုက်တွင် အမွှေးများပေါက်လာတတ်တာကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။
• ရာသီသွေးပေါ်ခြင်း
ရင်သားဖွံ့ဖြိုးပြီးနောက် အသက် ၁၂ နှစ်လောက်တွင် ရာသီသွေးစပေါ်တတ်ကြပါတယ်။ အချို့မှာ ၁၂ နှစ်ထက် စောပေါ်တတ်ပြီး နောက်ကျမှ ပေါ်တတ်ခြင်းများလည်းရှိပါတယ်။
ရာသီသွေးပေါ်ခြင်းဆိုတာ အမျိုးသမီးတိုင်းတွင် ဖြစ်တတ်သောအရာဖြစ်သောကြောင့် ရှက်ကြောက်ရန်မလိုပေ။ ရာသီစပေါ်ပြီဆိုတာနှင့် မိမိ၏ အမေ သို့မဟုတ် အစ်မ တို့ကို ပြောသင့်ပါတယ်။ ထိုသို့ ဓမ္မတာလာစဉ် အတွင်း အမျိုးသမီး လစဉ်သုံးပစ္စည်းကို အသုံးပြုသင့်ပါတယ်။
•ဓမ္မတာလာခြင်း နှင့် ကိုက်ခဲခြင်း
မိန်းကလေးများ ရာသီစပေါ်ပြီဆိုတာနှင့် ဓမ္မတာလာချိန်အတွင်း ဟော်မုန်းပြောင်းလဲမှုများကြောင့် ကိုက်ခဲမှုများကြုံရတတ်ပါတယ်။ အဖြစ်များသော ကိုက်ခဲမှုတွေကတော့
- ပေါင်နားတဝိုက်ကိုက်ခဲခြင်း
- နောက်ကျောနာခြင်း
- ခါးကိုက်ခြင်း
- ဗိုက်ပွခြင်း
- ဗိုက်အောင့်ခြင်း
- နုံးခြင်း အစရှိသော ဝေဒနာများခံစားရနိုင်ပါတယ်။
Ibuprofen နှင့် Mefenemic acid (Dolfenal) ကဲ့သို့သော ဆေးများဖြင့်ဝေဒနာသက်သာအောင်လုပ်ပေးနိုင်ပါတယ်။ အကယ်၍ ကိုက်ခဲခြင်းမှာ အလွန်အမင်းပြင်းထန်ပါက ဆရာဝန်နှင့်ပြသသင့်ပါတယ်။
•စိတ်ခံစားချက်ပြောင်းလဲ မှုများခြင်း
ဟော်မုန်းအတက်အကျမြန်ခြင်းကြောင့် စိတ်ခံစားချက်များ ပြောင်းလဲတတ်ပါတယ်။ အထူးသဖြင့်
-စိတ်တို၊ စိတ်ဆတ်ခြင်း
-အိပ်မပျော်ခြင်း
-စိုးရိမ်လွန်ခြင်း
-အစာစားချင်စိတ်လွန်ကဲခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အဆိုပါဝေဒနာ များကို ဓမ္မတာမလာခင် ခံစားရသောဝေဒနာစု (Premenstrual Syndrome /PMS) လို့ခေါ်ပါတယ်။
သတိပြုရမည်မှာ အဆိုပါကာလအတွင်း အစာအာဟာရမျှတအောင်စားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း တို့လုပ်ဆောင်သင့်ပါတယ်။
မိန်းကလေးများ အပျိုဖော်ဝင်ချိန်တွင်ပြောင်းလဲမှုဖြစ်စဉ်များမှာ သဘာဝဖြစ်သောကြောင့် ရှက်ကြောက်ခြင်း မရှိပဲ ကျန်းမာရေးကောင်းအောင် နေထိုင်ကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာဖြင့်လန်းလန်းဆန်းဆန်းနေနိုင်ရန် အကြံပြုတင်ပြလိုက်ရပါတယ်။
Dr.Z