ကိုယ်ခံအားစနစ်ဆိုတာ ကျွန်တော်တို့ လူသားတိုင်းရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိကြတဲ့ သန်းထောင်ပေါင်းများစွာသော ဆဲလ်လေးတွေပါဝင်လုပ်ဆောင်ပေးတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
ခုလို ရောဂါဘယတွေပိုမိုထူပြောလာတဲ့ ခေတ်မှာလူတွေဟာ ကိုယ်ခံအားဆိုတာကို ပိုမိုစိတ်ဝင်စားလာကြပါတယ်။
ကိုယ်ခံအားကို ဘယ်လို မြှင့်တင်လို့ ရနိုင်မလဲဆိုတာကိုလည်း ပိုသိချင်လာကြပါတယ်။
ကိုယ်ခံအားဆိုတာ software တစ်ခုလိုတော့ မြင်သာအောင် update လုပ်လို့ရတဲ့အရာမျိုးတော့မဟုတ်ပါဘူး။
ကိုယ်ခံအားစနစ် တကယ်အလုပ်လုပ်နေလား၊ အားကောင်းနေရဲ့လားဆိုတာကို ကျွန်တော်တို့ ဘယ်လောက်ကျန်းမာလဲ၊ ချူချာလဲ ဆိုတဲ့ အချက်ပေါ်မူတည်ပြီးတော့ အကြမ်းဖျဉ်းသိနိုင်ပါတယ်။
“ငါက ကိုယ်ခံအားကောင်းတယ်”ဆိုတာမျိုးထက် “ငါကမချူချာဘူး၊ နေမကောင်းမဖြစ်လွယ်ဘူး”ဆိုတာမျိုးက ပိုလက်တွေ့ကျပါတယ်။
ဒီတော့ ကိုယ်ခံအားကောင်းအောင် နေဖို့လည်း လိုသလို တစ်ဖက်မှာလည်း ရောဂါဖြစ်စေမဲ့ အနေအထိုင် အမူအကျင့်တွေရှောင်ရပါမယ်။
ရောဂါပိုးတွေကူးစက်မခံရဖို့ ကာကွယ်တဲ့ နည်းလမ်းတွေကို သေချာလိုက်နာဖို့လိုပါတယ်။
ကိုယ်ခံအားတက်စေဖို့ဆိုရင်တော့ ကျွန်တော်တို့ဟာ အစားအသောက်တွေရဲ့အကူအညီလိုအပ်သလို တစ်ဖက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့နဲ့ စိတ်ဖိစီးမှုဖြေလျှော့ဖို့လိုပါတယ်။
ဒီတော့ ကိုယ်ခံအားကို အစားနဲ့ တကယ်မြှင့်လို့ရ/မရ ပြောရရင်တော့ ရပါတယ်။
ဒါပေမဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမဲ့ အစားအသောက်တွေ၊ စိတ်ဖိစီးမှုလျော့စေမဲ့ အစားအသောက်တွေကိုပါ တွဲဖက်၊ မျှတအောင် စားသောက်ရင်တော့ အကောင်းဆုံးရလဒ် ရစေမှာပါလို့ ပြောချင်ပါတယ်။
ကိုယ်ခံအားတက်စေမဲ့ အစားအသောက်တွေက ဘာတွေလဲ ?
– အသီးအနှံတွေ (အထူးသဖြင့် အချဉ်အရသာရှိတဲ့ Citrus Fruits)
– ငရုတ်ပွအနီ
– ပန်းဂေါ်ဖီစိမ်း
– ကြက်သွန်ဖြူ
– ချင်း
– ဒိန်ချဉ်
– ဟင်းနုနွယ်
– အလ်မွန်ဒ်စေ့
– နေကြာစေ့
– နနွင်း
-လက်ဖက်စိမ်း
– သင်္ဘောသီး
– ကီဝီသီး
– နို့ထွက်ပစ္စည်းများ
ဒီအစားအသောက်တွေပါဝင်ပါတယ်။
ကောင်းကောင်းအိပ်ပျော်ဖို့အတွက်တော့ အဆီများတဲ့ငါး၊ သစ်ကြားသီး၊ chamomile tea စတာတွေက အဆင်ပြေစေမှာပါ။
အပေါ်မှာပြောခဲ့တဲ့ ကီဝီ၊အလ်မွန်ဒ်စေ့လို အစားအသောက်တွေကလည်း အိပ်ပျော်စေတဲ့ အစားအသောက်ထဲမှာပါဝင်လို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်လို့ ပြောလို့ရပါတယ်။
စိတ်ဖိစီးမှုလျှော့ဖို့အတွက်တော့ Dark ချောကလက်၊ အပေါ်မှာပြောခဲ့တဲ့ အဆီများတဲ့ငါးနဲ့ ဒိန်ချဉ်၊ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ဖရုံစေ့ စတာတွေ စားပေးရမဲ့အပြင် ဗီတာမင်ဒီ မချို့တဲ့စေဖို့ နေပူစာလှုံတာမျိုးလည်း ပြုလုပ်ပေးဖို့လိုပါတယ်။
ဒီနေရာမှာသတိထားဖို့လိုတာက Dark ချောကလက်လို ကဖင်းပါတဲ့ အစားအသောက်မျိုးက စိတ်ဖိစီးမှုလျော့စေပေမဲ့ အိပ်ရခက်စေတာမို့ ညနေစောင်းနဲ့ ညဖက်တွေမှာ မစားမိဖို့တော့ အရေးကြီးပါတယ်။
ဒီတော့ ကိုယ်ခံအားတက်စေမဲ့ အစားအသောက်၊ အိပ်ပျော်စေမဲ့ အစားအသောက် နဲ့ စိတ်ဖိစီးမှုလျော့စေမဲ့ အစားအသောက်တွေအကုန်မျှမျှတတ တွဲဖက်စားသောက်မယ်ဆို ရောဂါတွေကာကွယ်ဖို့အတွက် လုံလောက်တဲ့ ကိုယ်ခံအားစနစ်ဖြစ်စေမှာပါလို့ ပြောချင်ပါတယ်။
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးအချက်ကတော့ ကိုယ်ခံအားတက်စေမဲ့ အစားအသောက်တွေ စားသောက်ရုံတင်မကဘဲ ကိုယ်လက်လှုပ်ရှားမှုတွေပြုလုပ်ပြီးတက်တက်ကြွကြွနေပါ၊ ကိုယ်ခံအားစနစ်အတွက် အနှောင့်အယှက်ဖြစ်စေမဲ့ ဆေးလိပ်သောက်တာ၊ အရက်ဘီယာ မှီဝဲတာတွေလည်း ဆင်ခြင်ကြပါလို့ မှာလိုက်ချင်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း