fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 4,299 Total Cases
😥 68 Deaths
😇 944 Recovered

ကလေးတွေကို ကိုယ်ခံအားအမြန်ဆုံးတက်စေမဲ့ အစားအစာများ

ခုလိုကာလမှာ မိဘတွေအနေနဲ့ ကလေးတွေအတွက် အလိုချင်ဆုံးအရာက ကိုယ်ခံအားအပြည့်ရှိဖို့ ရောဂါကင်းစေဖို့ပဲဖြစ်ပါတယ်။
ကိုယ်ခံအားပြည့်နေမှလည်း ရောဂါပိုးတွေအန္တရာယ်က ကာကွယ်နိုင်မှာဖြစ်သလို အဖျားအနာကင်းပြီး ဆေးရုံဆေးခန်းတွေနဲ့ ဝေးဝေးနေနိုင်မှာဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ အရင်မိတ်ဆက်ရရင်တော့ ကလေးရောလူကြီးမှာပါရှိတဲ့ မွေးကတည်းကပါလာတဲ့ တန်ဖိုးကြီးမားတဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။
ဒီခုခံအားစနစ်မှာ ဘီလီယံနဲ့ ချီတဲ့ ဆဲလ်တွေပါဝင်ပြီး ခန္ဓာကိုယ်ရဲ့နေရာတိုင်းမှာရှိပါတယ်။
ဝင်လာဖို့ ကြိုးစားသမျှရောဂါပိုးမွှားတွေအားလုံးကို ဖမ်းဆီးဖို့၊ ဖျက်စီးပစ်ဖို့နဲ့ နောက်တစ်ကြိမ်ဝင်လာခဲ့ရင် ချက်ချင်းသိ၊ ချက်ချင်းဖျက်စီးနိုင်အောင်မှတ်ထားဖို့ စတာတွေကို ကိုယ်တွင်းတပ်မတော်ကြီးတစ်ခုလို ဆောင်ရွက်ပေးပါတယ်။

ကိုယ်ခံအားအမြန်ဆုံးတက်စေမဲ့ အစားအသောက်တွေက ဘာတွေလဲ ?

 

– နနွင်း

ဟင်းတွေမှာ နေ့စဉ်နနွင်းမှုန့်လေးထည့်ချက်ပေးခြင်းအားဖြင့် ကလေးတွေရော လူကြီးတွေပါ ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။
နနွင်းမှာပါတဲ့ Curcumin ဓာတ်က antioxidant ဂုဏ်သတ္တိပါရှိတဲ့အတွက် ကင်ဆာကာကွယ်နိုင်စွမ်းတောင်ရှိတယ်လို့ လက်ခံထားကြပါတယ်။
အာယုဗေဒ ဆေးနည်းတွေအရ အိပ်ခါနီးမှာ နွားနို့ထဲကို နနွင်းမှုန့်လေး နည်းနည်းခပ်တိုက်ခြင်းက ကလေးတွေကို ကျန်းမာရေးပိုကောင်းစေတယ်လို့ဆိုပါတယ်။


ဗီတာမင် စီ ကြွယ်ဝသော အစာများ

အထူးသဖြင့်တော့ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေနဲ့ အသီးအရွက်တွေဖြစ်ပါတယ်။

– လိမ္မော်သီး
– စပျစ်သီး

– သရက်သီး

– ကီဝီသီး

– ကျွဲကောသီး
– စတော်ဘယ်ရီ

– သင်္ဘောသီး စတဲ့ အသီးအနှံတွေ ပါဝင်သလို

– ပန်းဂေါ်ဖီစိမ်း

– ငရုတ်ပွ

– ကန်စွန်းဥ

– ခရမ်းချဉ်သီး
– ပန်းဂေါ်ဖီ

စတဲ့ ဟင်းသီးဟင်းရွက်တွေလဲ ပါဝင်ပါတယ်။

ဗီတာမင်စီက ကိုယ်ခံအားကို တက်စေသလို မှတ်ဉာဏ်စွမ်းအားကိုလည်း ပိုကောင်းစေပါတယ်။
ကလေးတွေ ကြီးထွားဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ သံဓာတ်စုပ်ယူမှုကိုလည်း ပိုအားကောင်းစေပါတယ်။

– အစေ့အဆံ နှင့် အနှံများ၊ အသီးခြောက်များ

အလ်မွန်စေ့၊ သီဟိုဠ်စေ့၊ သစ်ကြားသီး စတဲ့ အစေ့အဆံတွေ၊ စပျစ်သီးခြောက် ၊စွန်ပလွန်ယို လို အသီးခြောက်တွေမှာ ဗီတာမင်ဓာတ်တွေ၊ antioxidant တွေအပြင် အကျိုးပြုအဆီဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အတွက် ကလေးတွေကို ကိုယ်ခံအားမြှင့်တင်ပေးနိုင်ပါတယ်။

 

– အသား/ငါး

အသား၊ငါး အားလုံးမှာ ပရိုတိန်းဓာတ်ပါဝင်ပါတယ်။ ဒီပရိုတိန်း အသားဓာတ်က ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်လိုအပ်သလို ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ သွေးဖြူဥဆဲလ်လေးတွေကြံ့ခိုင်မှုအတွက်လည်း အရေးပါလှပါတယ်။

ဒါ့အပြင် ဗီတာမင် ဘီ၊ ဇင့်ဓာတ်၊ သံဓာတ်တွေလည်း ပါဝင်ပါတယ်။
ငါးတွေမှာဆိုရင်လည်း Omega-3 ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကိုပိုကောင်းစေတာမို့ များများကျွေးဖို့လိုပါတယ်။

 

– နို့ နဲ့ နို့်ထွက်ပစ္စည်းများ

နို့၊ ဒိန်ချဉ် စတာတွေကလည်း ကလေးတွေကို ကိုယ်ခံအားပိုတက်စေတာမို့ နေ့စဉ်ကျွေးဖို့လိုတဲ့ အစာတွေဖြစ်ပါတယ်။
ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုဘိုင်အိုးတစ် အူအကျိုးပြု ဘက်တီးရီးယားလေးတွေက အစာခြေစနစ်ကို အထောက်အကူပြုပြီး ကလေးတွေကို လန်းဆန်းတက်ကြွကာ စိတ်ဖိစီးမှုကင်းစေပါတယ်။

 

ကလေးတွေကို ကိုယ်ခံအားပိုတက်ဖို့အတွက် ဒီအစားအသောက်တွေ အားရှိအောင် ကျွေးဖို့လိုသလို အိပ်ရေးဝအောင် အိပ်စက်စေဖို့ ၊ နေရောင်ခြည်နဲ့ ထိတွေ့စေဖို့ ၊ ကိုယ်လက်လှုပ်ရှားမှုကို အားပေးပြီး တက်ကြွစွာနေစေဖို့ စတာတွေလည်း လိုပါသေးတယ်လို့ မှာချင်ပါတယ်။

ကလေးတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ…

Dr ဖြိုးဝေလင်း

 

ဆက်စပ် ဆောင်းပါးများ