ခွဲစိတ်ထားသော အနာများ အကျက်မြန်စေရန် အရေးကြီးသော အချက်များစွာရှိပါသည်။ ၎င်းတို့အနက် အချက်တစ်ချက်မှာ စားသုံးသော အစာအာဟာရပင် ဖြစ်ပါသည်။
အောက်တွင် ဖော်ပြထားသော အစားအစာများသည် ခွဲစိတ်ဒဏ်ရာအနာများကို အကျက်မြန် စေရန်လိုအပ်သည့်စွမ်းအင်နှင့် အာဟာရဓာတ်များကို ပေးစွမ်းနိုင်သော အစားအစာများဖြစ်ပါသည်။
၁။ ဟင်းသီးဟင်းရွက်များ
အနာကျက်ခြင်းကို အားပေးသော ဗီတာမင်များနှင့် သတ္တုဓာတ်များကို ဟင်းသီးဟင်းရွက်များတွင် ပေါများစွာ တွေ့ရှိရပါသည်။
မုန်လာဥနီ၊ ဘရိုကိုလီ၊ ဂေါ်ဖီပန်းပွင့်၊ ဂေါ်ဖီထုပ်၊ ကန်စွန်းဥ ၊ အာလူး အစရှိသည့် ဟင်းသီးဟင်း ရွက်များကို ကာဗိုဟိုက်ဒရိတ်နှင့်တွဲ၍စားသုံးခြင်းဖြင့် ခွဲစိတ်လူနာများ အနာကျက်မြန်စေရန်အတွက် လိုအပ်သော စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်ကြောင်းတွေ့ရှိရပါသည်။
ထို့ပြင် ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော အမျှင်ဓာတ်သည်လည်း ခွဲစိတ်ထားသော လူနာများအား ဝမ်းချုပ်ခြင်းပြဿနာမှ ကင်းဝေးစေရန် ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။
၂။ အဆီဓာတ်များ
ကျန်းမာရေးအတွက်ကောင်းမွန်သော အကျိုးပြုအဆီဓာတ်များသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများမှ ရရှိသော ဗီတာမင်နှင့်သတ္တုဓာတ်များကို ကောင်းစွာ စုပ်ယူနိုင်ရန် ကူညီပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် ထိုအဆီဓာတ်များသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်တိုးတက်စေရန် အတွက်လည်း မရှိမဖြစ်လိုအပ်ပါသည်။
ကျန်းမာရေးအတွက် ကောင်းမွန်သော အဆီများမှာ
- သံလွင်ဆီ
- ထောပတ်ဆီ
- အုန်းဆီ
- ပဲဆီ စသည်တို့ဖြစ်ပါသည်။
အဆီအများစုနှင့် အခွံမာသီးများတွင် vitamin E ပေါများစွာပါဝင်ကြောင်း တွေ့ရှိရပါသည်။ vitamin E တွင် အနာကျက်မြန်စေသော အာနိသင်နှင့် အမာရွတ်များကို သက်သာပျောက်ကင်းစေသော အာနိသင်များရှိကြောင်း တွေ့ရှိရပါသည်။
၃။ အစိမ်းရင့်ရောင်အရွက်ရှိသော ဟင်းသီးဟင်းရွက်များ။
ဟင်းနုနွယ်၊ မုန်ညင်းစိမ်း၊ ဆလပ်ရွက်အစရှိသော အစိမ်းရင့်ရောင်အရွက်ရှိသော ဟင်းသီးဟင်း ရွက်များတွင် အမျှင်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နှင့် ကယ်လ်ဆီယမ်ဓာတ်များ ပေါများစွာ ပါဝင်ကြောင်းတွေ့ရှိရပါသည်။
ထို့ကြောင့် အာဟာရဓာတ်စုံလင်စွာပါဝင်သော အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များသည်လည်း အနာကျက်မြန်စေနိုင်သည့် ဂုဏ်သတ္တိရှိကြောင်းတွေ့ရှိရပါသည်။
၄။ အသားများ
ခွဲစိတ်ကုသမှုခံယူထားသောသူများသည် အနာကျက်မြန်စေရန် အသားဓာတ်နှင့် သံဓာတ်လုံလောက်စွာ စားသုံးရန် လိုအပ်ကြောင်းတွေ့ရှိရပါသည်။
အကြောင်းရင်းမှာ အသားဓာတ်များတွင်ပါဝင်သော အမိုင်နိုအက်ဆစ်ဓာတ်များသည် တစ်ရှူးများကို အသစ်ပြန်လည်ဖြစ်ပေါ်စေခြင်းဖြင့် ပျက်စီးသွားသော ကြွက်သားများကို ပြုပြင်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။
ထို့ပြင် သံဓာတ်သည်လည်း သွေးနီဥအသစ်များကို ဖြစ်ပေါ်စေနိုင်ပါသည်။ အနာကျက်ရန်လိုအပ်သော စွမ်းအင်ကို ထုတ်လုပ်ရာတွင် အရေးပါသည့် အောက်ဆီဂျင်များကို ပို့ဆောင်ရာတွင် သွေးနီဥများသည် အရေးပါလှပါသည်။
ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ ဥများနှင့် တိုဖူး စသော အစားအစာများကို စားခြင်းဖြင့် အသားဓာတ်နှင့် သံဓာတ်တို့ကို ရရှိနိုင်ပေသည်။
၅။ ကြက်ဥ/ဘဲဥများ
ကြက်ဥ/ဘဲဥများကို စားသုံးခြင်းဖြင့် အနာကျက်မြန်စေရန်လိုအပ်သော အာဟာရဓာတ်များကို ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ကြက်ဥ/ဘဲဥများတွင်အောက်ပါအာဟာရဓာတ်များ ပါဝင်ကြောင်းတွေ့ရှိရပါသည်။
- အသားဓာတ်
- Vitamin A, E, K
- Vitamin B complex
- Folic acid
- ကယ်လ်ဆီယမ်
- ဇင့်ဓာတ်
- သံဓာတ်တို့ဖြစ်ပါသည်။
၆။ Probiotics
Probiotics များသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်နှင့် အစာခြေစနစ်ကိုအကျိုးပြုသော အူလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားပိုးများဖြစ်ကြပါသည်။
ဒိန်ချဉ်နှင့် ကင်မ်ချီတို့ကို စားသုံးခြင်းဖြင့် လိုအပ်သော Probiotics ဓာတ်ကိုရရှိနိုင်ကြောင်း တွေ့ရှိရပါသည်။
ခွဲစိတ်မှုခံယူထားသောသူများသည် မေ့ဆေး၊ ပိုးသတ်ဆေး နှင့် အကိုက်အခဲပျောက်ဆေးများကြောင့် အစာမကြေဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ပျို့အန်ခြင်းစသော ဝေဒနာများခံစားရတတ်ပါသည်။
Probiotics များကို စားခြင်းဖြင့် အထက်ပါလက္ခဏာများ သက်သာစေနိုင်ကြောင်းတွေ့ရှိ ရပါသည်။
၇။ သစ်သီး၀လံများ
အနာကျက်မြန်စေရန်လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် vitamin A, C, ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အာဟာရများစွာကို သစ်သီးအမျိုးမျိုးတွင် တွေ့ရှိရပါသည်။ ထို့ကြောင့် ခွဲစိတ်ထားသောသူများသည် သစ်သီးအမျိုးမျိုးကို စားသုံးသင့်ပါသည်။
၈။ ရေ
ခွဲစိတ်ပြီးနောက် ရေဓာတ်ခန်းခြောက်ခြင်းသည် အတွေ့ရများသော ပြဿနာတစ်ခုဖြစ်သောကြောင့် ခွဲစိတ်မှုခံယူထားသောသူများသည် ရေဓာတ်ကိုလုံလောက်စွာ ပြန်လည်ဖြည့်တင်းပေးရန် အလွန် အရေးကြီးပါသည်။
- သံပုရာရည်
- အုန်းရည်
- စွပ်ပြုတ်
- သစ်သီးဖျော်ရည် တို့ကို သောက်ခြင်းဖြင့်လည်း ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါသည်။
Author : Dr. မိုး (ဆေး ၁)