ကလေးတွေဟာ မွေးဖွားခါစ အချိန်ကတည်းကစတင်ပြီး သင်ယူလေ့လာနိုင်စွမ်း ရှိကြပါတယ်။ ဒီလို သင်ယူနိုင်ဖို့အတွက် အမြင်အာရုံဟာ အလွန်အရေးကြီးပါတယ်။ အမြင်အာရုံကောင်းမှသာ ကလေးတွေဟာ ပတ်ဝန်းကျင်က အရာမှန်သမျှကို ကောင်းမွန်စွာ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
ကလေးတွေဟာ မွေးဖွားပြီးစမှာ လူကြီးတွေလို အမြင်အာရုံမကောင်းမွန်နိုင်သေးပါဘူး။ ဒါကြောင့် အမြင်အာရုံဖွံ့ဖြိုးနေဆဲဖြစ်တဲ့ မွေးကင်းစအရွယ်မှာကတည်းက အာဟာရပြည့်ဝအောင် ကျွေးမွေးရမှာ ဖြစ်ပါတယ်။
သားသားမီးမီးတို့ အမြင်အာရုံအတွက် လိုအပ်သောအာဟာရများ
- Carotenoids ရောင်ခြယ်ပစ္စည်းများ
အဝါရောင်၊ လိမ္မော်ရောင်ဟင်းသီးဟင်းရွက် တွေမှာ ကြွယ်ဝစွာပါဝင်တဲ့ Lutein, Zeaxanthin စတာတွေဟာ Carotenoids ရောင်ခြယ်ပစ္စည်းတွေ ဖြစ်ပါတယ်။ Retina လို့ ခေါ်တဲ့ မျက်စိအနောက်မှာတည်ရှိတဲ့ အမြင်အာရုံခံနိုင်စွမ်းရှိတဲ့အလွှာပါးမှာ စုဝေးရှိနေတတ်ပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် မျက်စိပျက်စီးခြင်း၊ ရောင်ရမ်းခြင်းတွေမှ ကာကွယ်နိုင်ပါတယ်။ ဒါ့ပြင် Lutein နဲ့ Zeaxanthin ဟာ အမြင်အာရုံအပြင်၊ မှတ်ဉာဏ်နဲ့ သင်ယူလေ့လာနိုင်စွမ်းတွေအတွက်ပါ အရေးပါပါတယ်။
Lutein လို carotenoids များဟာ ခန္ဓာကိုယ်မှ ထုတ်လုပ်နိုင်ခြင်းမရှိတာကြောင့် ပြင်ပအာဟာရကို အားကိုးပြီး ကျွေးမွေးပေးရမှာ ဖြစ်ပါတယ်။
- DHA (Docosahexaenoic Acid)
Omega3 ငါးကြီးဆီ လို့လူသိများတဲ့ DHA ဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်သာမက အမြင်အာရုံကောင်းမွန်စေဖို့တွက်ပါ အရေးကြီးပါတယ်။ DHAကို မွေးကင်းစဘဝမှာ လုံလုံလောက်လောက်ရရှိတဲ့ ကလေးတွေဟာ အမြင်အာရုံနှင့် ဟန်ချက်ထိန်းညှိမှု ကိုသိသိသာသာ တိုးတက်စေပြီး ကျောင်းတက်စအရွယ်မှာ အာရုံစူးစိုက်မှုကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။
မွေးကင်းစ ကလေးငယ်တွေ အမြင်အာရုံကောင်းမွန်စေဖို့ရာ…
မွေးကင်းစကလေးတွေဟာ အသက်ခြောက်လအထိ မိခင်နို့ရည်ကို မှီခိုသောက်စို့ရတဲ့အတွက် မိခင်က အာဟာရပြည့်ဝစွာ စားသောက်နေထိုင်ဖို့ လိုအပ်ပါတယ်။ မိခင်နို့ရည်မှာပါဝင်တဲ့ Colostrum လို့ ခေါ်တဲ့ အဝါအနှစ်အဖတ်လေးတွေဟာ ကလေးတို့ အာဟာရအတွက် အလွန်အကျိုးရှိစေပါတယ်။
Colostrum ဟာ Carotenoids ကြွယ်ဝတာမို့ ကလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ မိခင်ကိုယ်တိုင်ကလည်း ကလေးရဲ့ အမြင်အာရုံအတွက် လိုအပ်တဲ့ Lutein ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားသုံးပေးသင့်ပါတယ်။
Lutein ကြွယ်ဝသော အစားအစာများအနေနဲ့ကတော့ မုန်လာဥ၊ ရွှေဖရုံသီး၊ ဘရိုကိုလီ၊ ကန်စွန်းရွက် စသဖြင့် အဝါရောင်နှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များမှာ ပါဝင်ကြပါတယ်။
အမြင်အာရုံအတွက် အရေးကြီးတဲ့ DHA ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း ကိုယ်ဝန်ဆောင်ချိန်ကတည်းက လုံလောက်အောင် စားပေးရမယ့်အပြင် နို့တိုက်ချိန်တွေမှာပါ DHA ကြွယ်ဝနေမှသာ မိခင်နို့ရည်မှတစ်ဆင့် ရင်သွေးရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။