ကလေးငယ်များတက်ခြင်း
ကလေးငယ်လေးတွေမှာလည်း မွေးစအရွယ်တည်းကတက်တာတွေ ရှိတတ်ကြတယ်။ ဖျားလို့တက်တာလည်းရှိတယ် မဖျားဘဲတက်တာလည်းရှိတယ်။
သူတို့လေးတွေ စကားမပြောနိုင်ကြသေးခင်မှာ တက်တာက သိသိသာသာတက်နေတာဆို လူကြီးတွေကသိနိုင်ပေမယ့် တချို့ကလေးတွေကျတော့ ဖျားလည်းမဖျား တကိုယ်လုံးလည်းမတက်တော့ တက်မှန်းမသိဘဲ ဖြစ်နေတတ်ကြတယ်။
ရိုးရိုးအဖျားကြီးလို့ တက်တာကတော့ အသက်ခြောက်လလောက်မှာဖြစ်တတ်တယ်။ စဖျားတဲ့ နှစ်ဆယ့်လေးနာရီအတွင်း အပူကြီးပြီးတက်တတ်ကြတယ်။ တစ်ကိုယ်လုံးတက်တတ်တယ်။ တစ်ခါတက်ရင် သိပ်လည်းမကြာတတ်ဘူး။ ယောက်ျားလေးတွေအဖြစ်များတယ်။ ရိုးရိုးအဖျားကြီးတာမဟုတ်ပဲ အချို့သော ရောဂါပိုးတွေကြောင့် ဦးနှောက်ယောင်တာ၊ ဦးနှောက်အမြှေးပါးယောင်တာ၊ ဦးနှောက်ထဲပြည်တည်အနာဖြစ်တာ စတာတွေကြောင့်လည်း ကလေးတွေ တက်တတ်ပါတယ်။ ဒီလိုဖျားတာမှာလည်း တကိုယ်လုံးတက်တတ်ကြတယ်။
တချို့ကလေးတွေကျတော့မဖျားပဲတက်တယ်။ တစ်ကိုယ်လုံးလည်းမဟုတ်ဘူး တစ်စိတ်တစ်ပိုင်းလောက်ကလေးပဲ တက်နေတတ်ကြတယ်။ သတိမထားမိရင် ကလေးက ဆော့နေတာလား စနေတာလား စသဖြင့်တောင်ထင်နိုင်တယ်။ မျက်စိလေးတွေပဲအပေါ်လန်လန်နေတာမျိုး၊ ခေါင်းလေးတစ်ဘက်ကို စောင်းစောင်းနေတာမျိုး၊ မျက်စိမှိတ်မှိတ်နေတာမျိုး၊ လက်တွေခြေတွေ တချက်ချက်အကြောဆွဲနေတာမျိုး၊ ငိုင်ငိုင်လေးထိုင်နေတတ်တာမျိုး၊ စသဖြင့်တွေဖြစ်တတ်တယ်။
မဖျားဘဲဘာတွေကြောင့်တက်နိုင်သလဲပေါ့
အတက်ရောဂါတွေကြောင့်လည်းဖြစ်နိုင်တယ် အတက်ရောဂါတွေမှာမှ အမျိုးအစားတွေထပ်ခွဲထားပါတယ်။ တစ်စိတ်တပိုင်းပဲ တက်တာတွေရော တစ်ကိုယ်လုံးတက်တာရောက ကလေးတွေမှာလည်းဖြစ်တတ်တယ်။ တစ်နှစ်အောက်ဖြစ်တာတော့ ရှားတတ်ပေမယ့် ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်များလွန်းတာ နည်းလွန်းတာတွေမှာလည်း ဖြစ်နိုင်တယ်။ ဆိုဒီယမ်ဓာတ် နည်းလွန်းတာရော များလွန်းတာရောမှာလည်း ဖြစ်နိုင်တယ်။ အောက်ဆီဂျင်နည်းလည်း ဖြစ်နိုင်တယ်။ urea များတာမှာလည်း ဖြစ်တယ်။ ကယ်လ်စီယမ်နည်းတာမှာလည်း ဖြစ်နိုင်တယ်။ ဗီတာမင်ဘီဝမ်း နည်းတာကြောင့်လည်း တက်တတ်ပါတယ်။ အချို့ဆေးတွေကြောင့်လည်း ဖြစ်တတ်တယ်။ ခဲဆိပ်သင့်လည်းဖြစ်တတ်တယ်။
အခြားတွေကတော့ ခေါင်းကိုထိခိုက်ထားခြင်း အကျိတ်ဖြစ်ခြင်း Hydrocephalus လို့ခေါ်တဲ့ဦးနှောက်ထဲရေများနေခြင်း ကြောင့်လည်းဖြစ်တတ်တယ်။ ကလေးတွေ မွေးစအသားဝါတာတွေမှာ kernicterus လို့ခေါ်တဲ့ အဆင့်ရောက်ရင်လည်း တက်တတ်ပါတယ်။
ဘာကြောင့်ပဲတက်တက် သိသိသာသာတက်တာဖြစ်စေ ကလေးငယ်ကပုံမှန်လိုမဟုတ်ဘဲ တက်နေတယ်ထင်ခဲ့ရင်ဖြစ်စေ ကလေးခေါ်ပြီး နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းသွားပြပါ။ တက်နေတဲ့ကလေးကို ဘေးစောင်းထားပါ။ ခြေမချိုးတာတွေမလုပ်ပါနဲ့။ ကလေးကနဂိုတည်းကဖျားနေတာဆိုရင် အဖျားမကြီးဖို့သတိထားပါ ရေပတ်တိုက်ပါ။
ရိုးရိုးအဖျားကြီးလို့တက်တာကတော့ ထပ်ပြီးစစ်ဆေးတာတွေ မလိုတတ်ပေမယ့် တခြားကြောင့်အဖျားကြီးတာတွေ မဖျားဘဲတက်နေတာတွေဆိုရင်တော့ ဘာကြောင့်တက်ရတယ်ဆိုတာကို သေချာသိနိုင်ဖို့ လိုအပ်တဲ့စစ်ဆေးတာတွေ ဆက်လုပ်ရတတ်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ကလေးလေးတွေ တက်နေတာဆိုရင် ကလေးတွေကို ဆေးရုံဆေးခန်းပြဖို့ မနှေးစေချင်ပါဘူး။
Author; Dr. CST