လူပျိုပေါက် အပျိုပေါက်အရွယ်ရောက်လာတာနဲ့ တချို့ကလေးတွေဟာ အဝလွန်လာကြပါတယ်။ အဝလွန်ခြင်းဟာမျိုးရိုးကြောင့်ဖြစ်နိုင်ပြီး ဟော်မုန်းအပြောင်းအလဲ၊ လိုအပ်တာထက် ပိုစားခြင်းနှင့် အခြားအကြောင်းများကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။
ဟော်မုန်း
မိန်းကလေးများ ဟော်မုန်း (အီစတိုဂျင်)ကြောင့် အဆီများ သူ့နေရာနဲ့သူ စုလာကာ ပိုလျှံသော အဆီများက အဝလွန်စေခြင်းဖြစ်ပါတယ်။ အဝလွန်တဲ့အခါ ဆရာဝန်နဲ့ စနစ်တကျပြသပြီး ညွှန်ကြားမှု ခံယူရမယ်။ အရွယ်ငယ်စဉ်က ပိန်ရှည်ရှည် ဖြစ်နေပေမယ့် အပျိုပေါက်၊လူပျိုပေါက်အရွယ်မှာ ဟော်မုန်းကြောင့် ဝလာတတ်ပါတယ်။ မိန်းကလေးများ ၅၈ရာခိုင်နှုန်း အနေတော်ဖြစ်လာပြီး ၁၈ရာခိုင်နှုန်း ပိုဝလာတတ်ပါတယ်။ ယောကျ်ားလေး ၄၂ ရာခိုင်နှုန်းမှာ ဝလာဖို့ရှိပါတယ်။ ဟော်မုန်းအပြောင်းအလဲက အရပ်ပိုရှည်လာ၊ ဝလာစေပါတယ်။
အစား
ကိုယ်ခန္ဓာကြီးထွားရင့်သန်စေဖို့ အစားအစာ၊ အဆီဓာတ်၊ ကစီဓာတ်၊ အသားဓာတ် စားရပါမယ်။ ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲအမျိုးမျိုး စတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံများ ပိုစားပေးရပါမယ်။ အသား၊ အဆီလျှော့စားရပါမယ်။ အစားကို အမြဲတမ်း မစားရပါ။ အဆီပါသော အစာမစားဘဲ ပရိုတိန်းပါသော ဟင်းသီးဟင်းရွက်၊ ဥအမျိုးမျိုး နှင့် သစ်သီးများ စားသင့်ပါတယ်။ မလိုင်ဖယ်ထားသော နို့နှင့် နို့ထွက်ပစ္စည်းစားသုံးပေးရပါမယ်။ ဟင်းချက်ရာတွင် ဝက်ဆီ၊ နှစ်ခါပြန်ဆီ၊ စားအုန်းဆီ၊ မသုံးဘဲ မြေပဲဆီ၊နှမ်းဆီ၊ နေကြာဆီ၊သံလွင်ဆီသုံးသင့်ပါတယ်။အသင့်အမြန်စား စနစ်များ ရှောင်ရသကဲ့သို့ ဌာပနာမုန့်၊ ကိတ်မုန့်၊ တချို့အဆီပါသည့်မုန့်များ ရှောင်ရပါမယ်။
စိတ်
တချို့သူများ စိတ်ကျရောဂါဖြစ်နေခြင်း၊ စိတ်ညစ်ခြင်း၊ ဝမ်နည်းနေခြင်း၊ နူနာ၊ ဆီးလမ်းကြောင်းရောဂါ၊ စိတ်လှုပ်ရှားလွန်ရောဂါ၊ ညဘက်အစာပိုစားခြင်း၊ ရေပိုသောက်ခြင်းကြောင့် ရောဂါပိုတိုး၍ ဝလာကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံမှုကို အစာဖြင့်ဖြေရှင်းကြခြင်းကြောင့် ဖြစ်ပါတယ်။
လှုပ်ရှားမှုနည်းခြင်း
အစားများပြီး နေ့စဉ်နာရီဝက်အားကစား(အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) မပြုလုပ်ဘဲ စားပြီးအိပ်၊ အိပ်ပြီး စားပါက အဝလွန်ရောဂါဖြစ်တတ်တာကြောင့် နေ့စဉ်ပုံမှန် အားကစားလုပ်ပေးရပါမယ်။
မျိုးရိုး
မိဘနှစ်ပါးဝလျှင် သား၊ သမီးအဝလွန်ဖြစ်တတ်ပါတယ်။။ မိဘနှစ်ပါး အဝလွန် လျှင် သား၊သမီး(၅)ဦးတွင် လေးဦး အဝလွန်ဖြစ်တတ်ပြီး မိဘများပါ အားကစား ဝါသနာပါပြီး သား၊သမီးများနဲ့အတူ နေ့စဉ်နာရီဝက်မှ တစ်နာရီအထိ ကိုယ်လက် လှုပ်ရှား အားကစားလုပ်ပေးသင့်ပါတယ်။
မိဘအလိုလိုက်မှု
တစ်ချို့မိဘများဟာ ကလေးများကို အလိုလိုက်ပြီး ကလေးပူဆာသမျှ ကျွေးတတ်ကြပါတယ်။ တစ်ချို့က စိုးရိမ်လွန်ပြီး အပြင်ပေးမထွက်၊ လှုပ်လှုပ်ရှားရှား မလုပ်ဘဲ အစားချည်းပဲ ကျွေးတတ်ကြတာကြောင့် ကလေးတွင် စိတ်ရောဂါ နှင့် လိင်မှု ပြဿနာများ ဖြစ်လာတတ်ကာ အဝလွန်တတ်ပါတယ်။
ဉာဏ်ရည်
အဝလွန်သူအများစုဟာ ဉာဏ်ထိုင်းတတ်၊ စာညံ့တတ်ပြီး စိတ်ရောဂါရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံမှုကို အစာဘက်လှည့်ပေးလိုက်တဲ့အခါ အဝလွန်လာကြပါတယ်။ ကိုယ်အလေးချိန် အတင်းလျှော့ချခြင်း၊ လျှော့ခိုင်း ခြင်းက စိတ်ရောဂါရစေပါတယ်။
အကြံပြုချက်
သကြားဓာတ်လျှော့စားရပါမယ်။ ဖြည်းဖြည်းနှင့် မှန်မှန်ကိုယ်အလေးချိန်လျှော့ရပါမယ်။ရေဆာတဲ့အခါ ရေသောက်ရပါမယ်။ အချိုရည် ရှောင်ပြီး သင့်တင့် လျောက်ပတ်သော အစားအစာများ စားသင့်ပါတယ်။
Author: Dr.လွင်သန့်