သွားကြိတ်တယ်ဆိုတာဟာ အပေါ်သွားတွေနဲ့အောက်သွားတွေကို တင်းတင်းဖိကြိတ်တာ(အပေါ်မေးရိုးနဲ့အောက်မေးရိုးကို တင်းတင်းဖိကြိတ်ပြီး လှုပ်ရှားတာ)မျိုးကိုဆိုလိုတာပါ။အံကြိတ်တယ်လို့လည်းခေါ်ကြပါတယ်။ဆေးပညာအရတော့ Bruxism လို့ခေါ်ပါတယ်။အများစုကသွားကြိတ်တာကို အိပ်တဲ့အချိန်မှာပဲ ဖြစ်တယ်လို့ထင်ကြပါတယ်။ဒါပေမယ့် လေ့လာချက်တွေအရ သွားကြိတ်ခြင်းဟာ နိုးနေတဲ့အချိန်တွေမှာလည်းဖြစ်ပါတယ်။
ဘာလို့ သွားကြိတ်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ တိကျသေချာစွာပြောဖို့မလွယ်ပါ။သို့သော် သုတေသနတွေအရ စိတ်ဖိစီးစရာများတဲ့သူတွေ၊ စိတ်တိုလွယ်တတ်တဲ့သူတွေ၊သူများနဲ့ပြိုင်ချင်စိတ်ပြင်းပြတတ်တဲ့သူတွေသွားစပေါက်တဲ့အရွယ်၊မေးရိုးဖွံ့ဖြိုးတဲ့အရွယ်မှာရောက်နေတဲ့ကလေးတွေ၊အရက်ဆေးလိပ်သောက်တဲ့သူတွေ၊ကဖင်းဓါတ်ပါတဲ့အစားသောက်တွေစားသောက်များတဲ့သူတွေ၊စိတ်ဆေးတွေသောက်နေရတဲ့သူတွေ၊မိသားစုမျိုးရိုးထဲမှာသွားကြိတ်တတ်တဲ့သူရှိတဲ့သူတွေ၊ပါကင်ဆန်ရောဂါ၊သတိမေ့ရောဂါ၊အတက်ရောဂါစတဲ့ရောဂါအခံတခုခုရှိတဲ့သူတွေ အိပ်ပျော်နေစဉ်မှာ အိပ်မက်ဆိုးတွေမက်လေ့ရှိသူတွေ၊တအားဟောက်တဲ့သူတွေမှာဆိုရင် သွားကြိတ်ခြင်းဟာ ပိုဖြစ်နိုင်ပါတယ်။
သွားကြိတ်ခြင်းကြောင့် ဘေးမှာအိပ်တဲ့သူကို အိပ်ရေးပျက်စေနိုင်ပါတယ်။သွားကျိတ်ခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွားကြွေလွှာတွေထိခိုက်ပျက်စီးပြီး သွားတွေတိုလာတာ၊ပြားလာတာ၊ကျိုးပဲ့လွယ်တာ၊ သွားတွေကျင်တာ၊မေးရိုးကြွက်သားတွေပါတင်းပြီးနာကျင်တာ၊နားထင်ကိုက်တာတွေဖြစ်နိုင်ပါတယ်။
သွားခဏခဏကျိတ်ခြင်းကြောင့် တချို့သွားတွေဟာ သွေးသလိုဖြစ်ပြီး ချွန်ထက်လာတတ်ပါတယ်။ထိုချွန်ထက်တဲ့သွားတွေကြောင့် ပါးစောင်အတွင်းတွေ၊လျှာတွေမှာခိုက်မိပြီး အနာခဏခဏဖြစ်တာ၊ကြာလာရင် ခံတွင်းကင်ဆာဖြစ်တာတွေပါဖြစ်နိုင်ပါတယ်။ဒါတွေအပြင် သွားကြိတ်ခြင်းဟာ နှစ်ပေါင်းများစွာကြာလာပါက မေးရိုးအဆစ်ခိုင်သွားပြီး ပါးစပ်ဟရခက်တာတွေလည်းဖြစ်လာနိုင်ပါတယ်။ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေခံစားရပြီဆိုရင်တော့ ဆေးခန်းပြသပြီး ကုသမှုခံယူဖို့လိုပါတယ်။
သွားကြိတ်ခြင်းဖြစ်နိုင်ခြေနည်းအောင်
– စိတ်ဖိစီးမှု လျှော့ပါ
– ကော်ဖီ လက်ဖက်ရည် အားဖြည့်အချိုရည်ဘူးတွေ သောက်တာရှောင်ပါ
– အရက်ရှောင်ပါ။ဆေးလိပ်ရှောင်ပါ။
– ပီကေခဏခဏဝါးတာ ကွမ်းခဏခဏဝါးတာရှောင်ပါ။
– အမှတ်မထင် လက်ထဲက အရာတခုခုကို ကိုက်မိနေတာမျိုး မဖြစ်အောင် သတိထားပါ – စာသင်ချိန် ခဲတံကိုကိုက်ထားတာမျိုး စသဖြင့် ရှောင်ပါ
– နိုးနေချိန်မှာလည်း အံကြိတ်မိတာမျိုး မဖြစ်အောင် လေ့ကျင့်ပါ။
– ပါး၊ ပါးစပ်လေ့ကျင့်ခန်း ၊ဖောင်းလိုက်ပိန်လိုက်လုပ်တာ /လေချွန်လေ့ကျင့်ခန်း/ပါးစပ်ဟပြီး အကြောပြေလေ့ကျင့်ခန်းတွေ လုပ်ပေးပါ
– အိပ်ခါနီး ပါးပေါ်ကို ရေနွေးဝတ်မပူတာလေး ကပ်ပေးပါ။
Author :Dr.528