မကြာသေးတဲ့ကာလက လူတိုင်းနီးပါး ကိုဗစ်ရောဂါတွေ ဖြစ်ကြပြီး အသက်ဆုံးရှုံးတဲ့သူတွေ ရှိကြသလို ရောဂါဖြစ်တာချင်း တူပေမယ့် ဘာမှဆိုးဆိုးရွားရွား မခံစားလိုက်ကြသူတွေလည်း ရှိကြပါတယ်။
ကိုဗစ်ရောဂါပိုး အပါအဝင် ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးနဲ့ မှိုပိုး စတဲ့ ရောဂါပိုးတွေဟာ အနည်းနဲ့အများ လေထုထဲမှာ ပျံ့နှံ့တည်ရှိနေပါတယ်။ ဒါပေမယ့် တချို့သူတွေမှာ ရောဂါတွေဖြစ်ပြီး တချို့ကတော့ ဘာမှ ထူးထူးခြားခြား မဖြစ်ရတဲ့ အကြောင်းရင်းကတော့ ကိုယ်ခံအားစနစ် ကွာခြားလို့ပါပဲ။
အပြင်ပန်းအားဖြင့်ကြည့်ရင် အမျိုးသမီးတွေက ပိုပြီးအားနွဲ့တယ်လို့ ထင်ရပေမယ့် အမျိုးသမီးတွေက အမျိုးသားတွေထက် ကိုယ်ခံအားပိုကောင်းလေ့ ရှိပါတယ်။ ကိုယ်ခံအားစနစ်မှာ အဓိကကျတဲ့ microRNAs လို့ခေါ်တဲ့ မျိုးရိုးဗီဇ (gene) ဟာ အမျိုးသမီးတွေမှာပဲ ပါတဲ့ X chromosome အတွင်းမှာ တည်ရှိတာနဲ့ အမျိုးသမီးတွေရဲ့ ဟော်မုန်းအခြေအနေတွေက ရောဂါပိုးတွေကို ကာကွယ်တိုက်ထုတ်နိုင်အောင် လုပ်ဆောင်ပေးနေတာတွေကြောင့် အမျိုးသမီးတွေက ကိုယ်ခံအား ပိုကောင်းရတာပါ။
ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ?
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်မှာ အဓိကအနေနဲ့ နှစ်ပိုင်းပါဝင်ပါတယ်။
Innate immunity…ခန္ဓာကိုယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရောဂါပိုးမွှားတွေကို အရင်ဆုံး ကာကွယ်ပေးတဲ့ အကာအကွယ်က innate immunity ပါ။
• ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့ အရေပြား (အရေပြားပေါက်ပြဲ၊ ပွန်းရှနေမှသာ ဝင်ရောက်နိုင်မှာပါ)
• ရောဂါပိုးတွေကို ဖမ်းယူပေးတဲ့ အသက်ရှူလမ်းကြောင်းထဲက အကျိအချွဲတွေ (ချောင်းဆိုးပြီး သလိပ်ဟပ်ထုတ်တာက ရောဂါပိုးတွေကို တိုက်ထုတ်ခြင်းတစ်မျိုးပါပဲ)
• ရောဂါပိုးတွေကို ခြေဖျက်ပေးတဲ့ အစာအိမ်ထဲက အက်ဆစ်တွေ
• ဘက်တီးရီးယားတွေကို ကာကွယ်နိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ မျက်ရည်နဲ့ ချွေးထဲက အင်ဇိုင်းတွေဟာ innate immunity ရဲ့ အကာအကွယ်တွေ ဖြစ်ပါတယ်။
Adaptive or acquired immunity…ဘေလုံး၊ ရိုးတွင်းချဉ်ဆီ၊ ပြန်ရည်အကျိတ်တွေနဲ့ thymus ဂလင်းတွေ ပါဝင်တဲ့ acquired immunity ဟာ ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေနဲ့ ပြင်ပအရာတွေ ဝင်ရောက်လာရင် antibodies လို့ခေါ်တဲ့ ဆန့်ကျင်ပစ္စည်းတွေကို ထုတ်လုပ်ပေးကာ သွေးဖြူဆဲလ်တွေ ပွားများလာစေပြီး ရောဂါပိုးတွေကို ဖျက်ဆီးပစ်ခြင်းဖြင့် ရောဂါတွေ မဖြစ်ရအောင်၊ ဖြစ်လာရင်လည်း မပြင်းထန်အောင် ကာကွယ်ပေးပါတယ်။
ကိုယ်ခံအားနည်းစေတဲ့ အကြောင်းတွေ…
• အသက်ကြီးလာတာ
• ဆေးလိပ်သောက်တာ၊ အရက်သောက်တာ
• ညစ်ညမ်းတဲ့လေထုကို ရှူနေရတာ
• ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ရောဂါတွေ ရှိတာ (ဥပမာ…သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာရောဂါ)
• အဝလွန်တာ
• အိပ်ရေးဝအောင် မအိပ်တာ၊ နားချိန်မရှိတာ
• စိတ်ဖိစီးမှု များတာ
• အာဟာရပြည့်ဝအောင် မစားတာ (ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ နေ့စဉ်ပါဝင်အောင် မစားတာ)တွေက ကိုယ်ခံအားကို နည်းစေပါတယ်။
ဇင့်၊ သံဓာတ်၊ ဖောလစ်အက်ဆစ်၊ selenium, copper နဲ့ ဗိုက်တာမင် A, B6, C, D, E တွေ ချို့တဲ့ရင် ကိုယ်ခံအားကျနိုင်ပါတယ်။ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ ဆေးလိပ်နဲ့ အရက်ရှောင်တာ၊ အိပ်ရေးဝအောင် အိပ်တာ၊ စိတ်ဖိစီးမှုလျှော့တာ၊ ကိုယ်အလေးချိန်ထိန်းတာ၊ အထက်မှာ ဖော်ပြထားတဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ နေ့စဉ်ပါဝင်အောင်စားတာ၊ အကယ်၍ ဂရုတစိုက် မစားနိုင်ရင် ဖြည့်စွက်စာအားဆေးတွေ သောက်သုံးတာမျိုး လုပ်သင့်ပါတယ်။
အမျိုးသား အများစုဟာ မိသားစုကို ဦးဆောင်နေကြတဲ့၊ မိသားစုက အားကိုးနေကြရတဲ့ ကျောက်ဆောင်ကြီးတွေပါပဲ။ ဒီကျောက်ဆောင်ကြီးတွေ ကြံ့ခိုင်ကျန်းမာစေဖို့ ကိုယ်ခံအားကောင်းခြင်းဟာ အရေးကြီးဆုံး အချက်တစ်ခု ဖြစ်တဲ့အတွက် ကိုယ်ခံအားကောင်းစေဖို့ ဂရုပြုဖို့ မျှဝေလိုက်ပါတယ်။
Author: Dr.Yee Mon