လူ့ခန္ဓာကိုယ်အတွက်အရေးပါပြီး လူသားခန္ဓာဇီဝကမ္မစနစ်အရ မထုတ်လုပ်နိုင်တဲ့ Vitamin C (Ascorbic Acid) ဟာ ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့၊ သွေးဖြူဥ၊ သွေးနီဥ၊ ဆဲလ်တစ်ရှူး၊ အရိုးအဆစ်များ ပြောင်းလဲဖို့ စတဲ့အရေးကြီး ဖြစ်စဥ်တွေအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးပါပါတယ်။
ဗီတာမင်စီပါဝင်တဲ့ အစားအစာတွေကတော့ ချဥ်တဲ့အရသာရှိတဲ့ သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ သင်္ဘောသီး၊ ခရမ်းချဥ်သီး၊ ကျွဲကောသီး၊ စတော်ဘယ်ရီသီး၊ ဘယ်ရီသီး၊ ကီဝီသီး၊ ပန်းငရုတ်ပွရောင်စုံ၊ မာလကာသီး၊ စပျစ်သီး စတာတွေဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ Vitamin C ပမာဏလျော့နည်းချို့တဲ့သူတွေမှာ လုံလောက်တဲ့ဖြည့်စွက်ကုသမှုမရှိခဲ့လျှင် တစ်လအတွင်းမှာ ဖြစ်ပေါ်လာနိုင်တာတွေကတော့
- ကနဦးလက္ခဏာအနေနဲ့ ပင်ပန်းနွမ်းနယ်၊ အားအင်ကုန်ခန်းခြင်းတွေ စတင်ခံစားရနိုင်ပြီး၊ နောက်ပိုင်းခံတွင်းသွားဖုံးရောင်ရမ်းတာဖြစ်လာနိုင်တဲ့အပြင်သွားဖုံးသွေးယို စတဲ့ သွားကျန်းမာရေးထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။
- သွေးဖြူဥ (White Blood Cell) ထုတ်တာလျော့နည်းလာပြီးရောဂါပိုးမွှားကာကွယ်ပေးတဲ့ကိုယ်ခံစွမ်းအားကျတတ်တယ်။ နမိုးနီးယားအဆုတ်ယောင်နဲ့ Covid 19 ကဲ့သို့ဗိုင်းရပ်စပိုးဝင်ရောက်ခြင်းပိုဖြစ်နိုင်ပါတယ်။ သံဓာတ်စုပ်ယူမှူနည်းခြင်းကြောင့် သံဓာတ်နဲ့ သွေးအားနည်းရောဂါအထိ ဖြစ်နိုင်ပါတယ်။ (Persistent Iron Deficiency Anemia )
- သွေးတွင်းကိုလက်စထရောချပေးပြီး သွေးပျစ်တာ ကာကွယ်ပေးတဲ့ Vitamin C ချို့တဲ့ရင် ကိုယ်တွင်းအဆီဓာတ်ခြေဖျက်မှုလျော့လာပြီး ကိုယ်အလေးချိန်တက်နိုင်ပါတယ်။
- ကလေးတွေရဲ့ အရိုးဖွံ့ဖြိုးတာထိခိုက်ပြီးအရိုးနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။ Uric Acid (ယူရစ်အက်ဆစ်)မလျှော့ချပေးနိုင်တဲ့အတွက် အဆစ်ရောင်ရောဂါပိုဆိုးတာ၊ အဆစ်အမြစ်တွေရောင်ရမ်းနာကျင်တာတွေခံစားရနိုင်ပါတယ်။
- ဆဲလ်တွေကိုဖျက်ဆီးတဲ့နာတာရှည်ရောင်ရမ်းမှု တားဆီးပေးတဲ့ (Antioxidant Properties) ဓါတ်တိုးဆန့်ကျင်အစွမ်းရှိတဲ့ Vitamin C ချို့တဲ့ရင် နှလုံးရောဂါကာကွယ်ခြင်း၊ ကျောက်ကပ်အားကောင်းခြင်း၊ ဦးနှောက်မှတ်ဥာဏ်ဖွံဖြိုးခြင်းစတဲ့အကျိုးတွေမရနိုင်ပါဘူး။ သတိမေ့လွယ်တာမျိုးတွေဖြစ်နိုင်ပါတယ်။
- Poor Mood & Depression – စိတ်ရွှင်လန်းတက်ကြွမှူမရှိတာ ဖြစ်တဲ့အပြင် Vitamin C ချို့တဲ့ရောဂါဟာ စိတ်ကျရောဂါရနိုင်တဲ့အထိ အချို့လူတွေမှာ ပြင်းထန်ပါတယ်။
- အရေပြားကျန်းမာရေးမှာအဓိကကျတဲ့ဓာတ်ဖြစ်တဲ့အတွက် အရေပြားခြောက်သွေ့ကြမ်းတမ်းပျက်စီးတာ၊ အရေးကြောင်း၊ ကြာဆူး၊ ဝက်ခြံ၊ အဆီဖုပြဿနာတွေဖြစ်နိုင်တဲ့အပြင်ထိခိုက်ဒဏ်ရာကြောင့် အရေပြားအညိုအမည်းအကွက်စွဲ၊အနာကျက်နှေးတာတွေခံစားရတတ်ပါတယ်။
- ခန္ဓာကိုယ်အမွေးအမျှင်ထွက်တဲ့ မွှေးညှင်းအိတ်လေးတွေမှာပုံမမှန်တာတွေလည်းဖြစ်နိုင်ပါတယ်။ ခြေသည်းလက်သည်းကျန်းမာရေးမှာ Vitamin C နည်းတဲ့လက္ခဏာကတော့ လက်သည်းခွံပေါ်မှာအစင်းကြောင်းထွက်တာ Spoon-shaped ဇွန်းပုံစံလက်သည်းခွံပုံမမှန်ဖြစ်တာပဲဖြစ်ပါတယ်။
- Vitamin C ချို့တဲ့ရောဂါ Scurvy ဟာ ပြင်းထန်တဲ့အခါ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဗီတာမင်စီကို လုံလောက်စွာရအောင် အထူးဂရုပြု စားသောက်သင့်သူတွေကတော့ ကိုယ်ခံအားနည်းတဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆီးချို၊ ကင်ဆာစတဲ့နာတာရှည်ရောဂါရှိသူတွေနဲ့ ရောဂါပိုးကူးစက်နိုင်မှူများတဲ့လူတွေပဲဖြစ်ပါတယ်။ နေ့စဉ် အစားအသောက်မှာ လုံလောက်မှူမရှိရင် Vitamin C အားဖြည့်ဆေးတွေကို နံနက်ခင်းပိုင်းမှာ ရေများများနဲ့ ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။
ဒါကြောင့် နေ့စဉ် ခန္ဓာကိုယ်ကျန်းမာပြီး စိတ်ဓါတ်တက်ကြွပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ Vitamin C ချို့တဲ့မှုလက္ခဏာတွေကို သတိပြုပြီး ကြိုတင်ကာကွယ်နိုင်ကြပါစေနော်…
Author : Dr. Mon