fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

ခွဲစိတ်ပြီးနောက် ဒဏ်ရာအမြန်ကျက်စေပြီး အမာရွတ်ရုပ်မဆိုးရလေအောင် ရှောင်ကျဉ်ရမည့် အစားအစာများနှင့် စားသုံးသင့်သည့် အစားအစာများ

ခွဲစိတ်မှုတစ်ခု ပြုလုပ်ပြီဆိုရင် အရေးအကြီးဆုံးက ခွဲစိတ်မှုအောင်မြင်ဖို့ ဖြစ်ပါတယ်။ ခွဲစိတ်လို့ အောင်မြင်သွားပြီဆိုလျှင် နောက်ထပ်အရေးကြီးတာက ခွဲစိတ်ထားတဲ့ ဒဏ်ရာ အမြန်ဆုံး အနာကျက်ရေးနဲ့ အမာရွတ်အသေးငယ်ဆုံး ပမာဏနဲ့ ကျန်ခဲ့ဖို့ဖြစ်ပါတယ်။

ဒီနေရာမှာ အစာအဟာရက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ အချို့သော အစားအစာတွေက အနာကျက်တာကို မြန်ဆန်စေပြီး တစ်ရှုးများကို အားကောင်းစေပါတယ်။ ဒါပေမဲ့ အချို့ကတော့ အနာကျက်တာကို နှေးစေပြီး ပြန်ကောင်းဖို့ကို ကြာရှည်စေပါတယ်။

 

ခွဲစိတ်ပြီးနောက် အနာကျက်မြန်ဆန်စေရန်နှင့် အမာရွတ်ရုပ်မဆိုးစေရန် ရှောင်ကျဉ်ရမည့် အစားအစာများ

 

၁။ သကြား

သကြားဟာ အရေပြားကျန်းမာရေးနဲ့ သိပ်ပြီးတော့ သဟဇာတ မဖြစ်ပါဘူး။ သကြားဟာ ကော်လာဂျင်နဲ့ အလက်စတင်တွေရဲ့ အရည်အသွေးကို လျော့ကျစေပါတယ်။

ကော်လာဂျင်ဟာ အရေပြားတောင့်တင်းခိုင်မာပြီး ကျုံဆန့်နိုင်ဖို့လိုအပ်တဲ့ အမျှင်ငယ် ကွန်ယက်တွေကို ထောက်ပံ့ပေးသလို အနာကျက်ရာမှလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သကြားစားသုံးခြင်းဟာ ကော်လာဂျင်နဲ့ အလက်စတင်တွေကို ပျက်စီးစေဖို့ အလားအလာပိုများစေတဲ့အတွက် အမာရွတ်တွေကို ပိုပြီး ထူထဲလာစေပြီး ပိုပြီးသိသာထင်ရှား လာစေပါတယ်။

 

၂။ နိုက်ထရိတ် ကြွယ်၀သောအစားအစာများ

အနာကျက်တဲ့ ဖြစ်စဉ်ဖြစ်နေစဉ်အတောအတွင်း သွေးကြောများဟာ လိုအပ်တဲ့ အာဟာရဓါတ်တွေနဲ့ အောက်ဆီဂျင်တွေကို ပို့ဆောင်ပေးပါတယ်။ နိုက်ထရိုဂျင်များတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ အဆိုပါ သွေးကြောများကို ပျက်စီးစေပြီး အနာကျက်တဲ့ ဖြစ်စဉ်ကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

ဟင်းသီးဟင်းရွက် အသီးအနှံများမှ ရရှိတဲ့ နိုက်ထရိုက်ဓါတ်များက ကျန်းမာရေးအတွက် ကောင်းကျိုးပြုပေမဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ bacon, salami နဲ့ hot dogs ကဲ့သို့သော အသားပြားတွေ၊ အသားချောင်းတွေမှာပါတဲ့ နိုက်ထရိတ်ဓါတ်တွေကတော့ ကျန်းမာရေးကို ဆိုးရွားစေပါတယ်။ အနာကျက်တာကို ကြာမြင့်စေတဲ့အပြင် လေဖြတ်ခြင်း၊ နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်းနဲ့ သွေးယိုစိမ့်မှုဆိုင်ရာ ပြဿနာများဖြစ်ခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

 

၃။ အရက်

အရက်ဟာ အစာလမ်းကြောင်းအတွင်းမှာ အစာများ ချေဖျက်ခြင်းကို အနှောင့်အယှက် ဖြစ်စေတဲ့အပြင် အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အနားသတ်ဆဲလ်တွေကိုလည်း ပျက်စီးစေတဲ့အတွက် ချေဖျက်ပြီး အာဟာရဓါတ်တွေကို စုပ်ယူပြီး သွေးကြောအတွင်းသို့ ပို့ဆောင်ပေးရာမှာလည်း အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် အနာကျက်ခြင်း ဖြစ်နေသော နေရာကို အာဟာရများကောင်းစွာ ရောက်ရှိခြင်း မရှိတော့တဲ့အတွက်ကြောင့် အနာကျက်တဲ့ ဖြစ်စဉ်ကို နှောင့်နှေးစေပါတယ်။

ဒါအပြင် အရက်ဟာ အသားဓါတ်များ၊ ဗီတာမင် အေ၊ စီ၊ ဒီ၊ အီး၊ ကေ နဲ့ ဗီတာမင် ဘီ၊ သွပ်ဓါတ်လို့ခေါ်တဲ့ ဇင့်တို့အား စုပ်ယူခြင်း ဖြစ်စဉ်တွေကိုလည်း နှောင့်နှေးစေပါတယ်။ အသားဓါတ်နဲ့ ဇင့်ဓါတ်တို့ဟာ ကော်လဂျင်ကို ဖြစ်ပေါ်တဲ့ နေရာမှာ အရေးကြီးသလို ဗီတာမင်ဓါတ်တွေကလည်း အရေပြားကျန်းမာရေးနဲ့ ခန္ဓာကိုယ်တွင်း ဆဲလ်များ တည်မြဲရေးတွေမှာလည်း အရေးကြီးပါတယ်။

 

၄။ ကဖင်းဓါတ်

ဒါကတော့ ကြားရတာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ ဒါပေမဲ့ ကဖင်းဓါတ်ကတော့ အနာကျက်တာကို နှောင့်နှေးစေတဲ့ အဓိကအစားအစာတစ်မျိုးဖြစ်တယ်ဆိုတာ ငြင်းလို့ မရပါဘူး။ ကဖင်းဓါတ်ဟာ အလွန်ကောင်းမွန်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်ပေမဲ့ ကဖင်းဓါတ်ကိုအလွန်အကျွံစားသုံးလျှင် အစာလမ်းကြောင်းတွင် အာဟာဓါတ်များစုပ်ယူမှုကို အနှောင့်အယှက်ပေးနိုင်ရုံမျှမက ရေဓါတ်ခမ်းခြောက်စေခြင်းအားဖြင့် အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့စွမ်းရည်ကိုလည်း လျှော့နည်းစေကာ အရေပြားကို ကြံ့ခိုင်မှုလျှော့ကျစေပါတယ်။

ရေဓါတ်ခမ်းခြောက်စေခြင်းကြောင့် သွေးပမာလျော့နည်းလာကာ အနာကျက်ခြင်း ဖြစ်နေတဲ့ နေရာကို အောက်ဆီဂျင်နှင့် အာဟာရဓါတ်များပေးပို့မှု လျော့နည်းလာပါတော့တယ်။ အကျိုးရလဒ်ကတော့ အနာကျက်တဲ့အချိန်ပိုမိုကြာရှည်လာတာပါ။

အနာကျက်ခြင်းကို လျှင်မြန်စေပြီး အမာရွတ်ဖြစ်ပေါ်ခြင်းကို လျှောနည်းစေတဲ့ အစားအစာများ

 

၁။ အသားဓါတ်

ခွဲစိတ်မှုပြီးတဲ့နောက်မှာ အသားဓါတ်ပမာဏကို တိုးမြှင့်စာသုံးပေးဖို့ အလွန့်ကို လိုအပ်ပါတယ်။ အသားဓါတ်ကို ချေဖျက်လိုက်လို့ ရလာတဲ့ အမိုက်နိုအက်ဆစ်တွေထဲက  ၂ မျိုးဖြစ်တဲ့ L-Arginine နဲ့ Glutamine တို့ဟာ အနာကျက်တဲ့ ဖြစ်စဉ်မှာ အရမ်းကို အရေးကြီးတဲ့ ကော်လာဂျင်ကို ထုတ်လုပ်တဲ့နေရာမှာ ပါဝင်လို့ ဖြစ်ပါတယ်။ အသား၊ ငါးတွေဆီကရတဲ့ အသားဓါတ်တွေကလည်း အရေးကြီးသလို အသားဓါတ်ကြွယ်၀တဲ့ အသီးအနှံတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ကိုက်လံ၊ ပင်စိမ်း၊ တရုတ်နံနံ၊ သင်္ဘောသီး၊ ရွှေဖရုံစေ့၊ စိမ်းပြာရေညှိ စတာတွေကိုလည်း စားသုံးလို့ရပါတယ်။

 

၂။ ဗီတာမင်ဓါတ်များ

ဗီတာမင်ဓါတ်တွေကတော့ အခြားခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေမှာ မရှိမဖြစ်အရေးပါသလိုပဲ အနာကျက်တဲ့ နေရာမှာလည်း အရေးကြီးပါတယ်။

ဗီတာမင် B အထူးသဖြင့် B1 နဲ့ B5 တွေဟာ ကော်လာဂျင်ကို ထုတ်လုပ်တဲ့နေရာမှာ အရမ်းကို အရေးပါပါတယ်။ ဗီတာမင် B ကို ကြက်သား၊ ကြက်ဥ၊ ငါး၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များနဲ့ ပဲအမျိုးမျိုး၊ ဗာဒံသီး၊ ထောပတ်သီး၊ နေကြာစေ့၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီး၊ မြေပဲ၊ မှို၊ နှမ်း၊ ဖရဲသီး အစရှိတဲ့ အစားအစာများကနေ ရရှိနိုင်ပါတယ်။

ဗီတာမင် စီ ဟာ ကော်လာဂျင်ကို ထုတ်လုပ်တဲ့နေရာ အကူအညီပေးပြီးတော့ ဒဏ်ရာကို တောင့်တင်းကြံ့ခိုင်မှုကို ပေးတဲ့ အရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒါအပြင် ဒဏ်ရာဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို ပို့ဆောင်ပေးတဲ့ သွေးကြောအသစ်တွေဖြစ်ပေါ်တဲ့နေရာမှာ မရှိမဖြစ်အရေးပါပါတယ်။ ဗီတာမင် စီ ကို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ချဉ်တဲ့ အရသာရှိတဲ့အသီးတွေမှာ တွေ့ ရပါတယ်။

ဗီတာမင် အေ ကတော့ ဒဏ်ရာထဲကို ရောဂါပိုးတွေ မဝင်ရလေအောင် ကာကွယ်ပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဗီတာမင် အေ ဟာလည်း သွေးကြောအသစ်များကို ဖြစ်စေပြီးတော့ တွယ်ဆက်တစ်ရှူးများ ထုတ်လုပ်ခြင်းကို အားပေးကူညီပေးပါတယ်။ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ငါးတွေ၊ ဥတွေမှာ ဗီတာမင် အေ ကြွယ်၀ပါတယ်။ ဗီတာမင် အေ ဟာ ပမာဏများပြားစွာ ဖြည့်စွက်စားသုံးမယ်ဆိုလျှင် အဆိပ်အတောက် ဖြစ်စေတဲ့ အချက်ကိုတော့ သတိပြုရပါမယ်။

 

၃။ သွပ်ဓါတ် သို့မဟုတ် ဇင့်ဓါတ်

ဇင့်ဓါတ်ဟာ အသားဓါတ်များဖွဲ့စည်းခြင်းနှင့် ကော်လာဂျင်များဖြစ်ပေါ်ခြင်းကို အကူအညီပေးတဲ့ အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့်ဓါတ်ဟာ အနာကျက်ခြင်းကို ၄၃ ရာခိုင်နှုန်းအထိ တိုးတက်မြန်ဆန်စေပါတယ်။ ဇင့်ဓါတ်ဟာ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုး၊ တိုဖူး၊ အစေ့အဆံတွေနဲ့ အုတ်ပင်တွေမှာ ကြွယ်၀ပါတယ်။

 

အထက်ပါ အစားအစာများကို ရှောင်ရှား/စားသုံးခြင်းအားဖြင့် ဒဏ်ရာများ အမြန်ဆုံးကျက်ကာ အမာရွတ်များ မကျန်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် …..

 

Author : Dr. မိုး (ဆေး ၁)

 

 

 

 

ဆက်စပ် ဆောင်းပါးများ