အသီးအနှံများသည် အများအားဖြင့် အာဟာရတန်ဖိုး မြင့်မားစွာပါဝင်ခြင်းနှင့် အာဟာရဓါတ်များ စုံလင်စွာပါဝင်သောကြောင့် ၎င်းတို့ကိုစားသုံးခြင်းအားဖြင့် ဝက်ခြံ များကိုသက်သာစေသလို မျက်နှာပေါ်တွင် အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းတို့ကို နှောင့်နှေးစေခြင်းတို့ကဲ့သို့ အရေပြားကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ကြောင်း လက်ခံထားကြပါသည်။ ထိုသို့ ကျန်းမာရေး ကို အထောက်အကူပေးသော အသီးအနှံပေါင်းမြောက်များစွာရှိသည့်အနက် မိမိတို့၏ အသားအရေကို လှပပြီး ဆွဲဆောင်မှုရှိစေရာတွင် အစွမ်းထက်သောအသီးအနှံများအကြောင်းကို ယနေ့ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ အောက်ပါအသီးအနှံများဟာ လှပပြီး ဆွဲဆောင်မှုရှိသော အသားအရေကို ရရှိစေသော အသီးအနှံများဖြစ်ကြပါသည်။
(၁) ကန်စွန်းဥ
ကန်စွန်းဥတွင် ဗိုက်တာမင်အေ(vitamin A) ကြွယ်ဝပါသည်။ ဗိုက်တာမင် A သည် ရောင်ရမ်းမှုကို သက်သာစေသော အစွမ်းသတ္တိရှိသည့်အပြင် ဝက်ခြံများကိုဖြစ်စေသည့် ဘတ်တီးရီးယားများကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိပါသည်။ ဗိုက်တာမင်အေနှင့် ဗိုက်တာမင်စီတို့သည် ဝက်ခြံများပေါက်ခြင်းကို သက်သာစေသည့်အပြင် ရှိပြီးသားဝက်ခြံတွေကိုလည်း အမြန်ဆုံးသက်သာ ပျောက်ကင်းစေရန် အကူအညီပေးနိုင်ပါသည်။ ဝက်ခြံနှင့် အစက်အပြောက်များ ကင်းစင်ခြင်းသည်လည်း လှပပြီး ဆွဲဆောင်မှုရှိသော အသားအရေကိုရရှိစေရန်များစွာအထောက်အကူ ပြုပေးပါသည်။
(၂) ရွှေဖရုံစေ့
အရေပြား ဆဲလ်များအသစ်ဖြစ်ပေါ်ခြင်းတွင် မရှိမဖြစ်လိုအပ်သော ဇင့်ဓါတ်ကို ရွှေဖရုံစေ့တွင် ပေါများစွာတွေ့ရှိရပါသည်။ ထို့အပြင် ဇင့်ဓါတ်သည် ပရိုတင်းများ ဖွဲ့စည်းခြင်းနှင့် ကော်လာဂျင်များဖြစ်ပေါ်ခြင်းတွင်လည်း အကူအညီပေးနိုင်ပါသည်။ ဇင့်ဓါတ်သည် အရေပြားပေါ်တွင် အဆီပြန်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်သည့်အပြင် အသားအရေ၏ဖြူဝင်းမှုနှင့် အရောင်အသွေးကိုလည်း ဖြည့်စွက်နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် လှပပြီး ဆွဲဆောင်မှုရှိသော အသားအရေကို ရရှိစေရန် အထောက်အကူ ပြုပါသည်။
(၃) ပန်းသီး
ပန်းသီးတွင်ပါဝင်သော ဗိုက်တာမင်စီသည် အရေပြားတင်းရင်းလှပစေရန် များစွာအကူအညီပေးပါသည်။ ထို့အပြင်ဗိုက်တာမင်စီသည် free radical များကြောင့် အရေပြားဆဲလ်များပျက်စီးခြင်းကို ကာကွယ်ပေးသည့်အပြင် အသက်အရွယ်ကြီးရင့်သော လက္ခဏာများကိုလည်း မဖြစ်ပေါ်စေရန် တားစီးပေး ပါသည်။ ကောင်းမွန်သောဆဲလ်များဖြင့် တင်းရင်းလှပနေသောအရေပြားသည် လှပပြီး ဆွဲဆောင်မှုရှိခြင်းကို များစွာပံ့ပိုးပေးနိုင်ပါသည်။
(၄) နိုကိုဥ
နိုကိုဥတွင် Anthocyanin ပေါကြွယ်ဝပါသည်။ Anthocyanin သည် အစွမ်းထက်သည့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်ကာ ရောင်ရမ်းခြင်းနှင့် အရေပြားအိုမင်းရင့်ရော်ခြင်းဖြစ်စဉ်များကို နှေးကွေးစေပါသည်။ ထို့ကြောင့် အရေပြားတွန့်ခြင်းများအပါအဝင် အခြားသော လက္ခဏာရပ်များကို မဖြစ်ပွားအောင် တားစီးကာကွယ်နိုင်စွမ်းရှိပါသည်။ ဤအချက်ကလည်း လှပပြီး ဆွဲဆောင်မှုရှိသော အသားအရေတစ်ခုဖြစ်ရန် မရှိမဖြစ်အရေးပါလှပါသည်။
အထက်ဖော်ပြပါ အစားအစာများအပြင် အသားအရေကို ပုံမှန်ထိန်းသိမ်းဂရုစိုက်ခြင်း၊ နေရောင်ခြည်ကဲ့သို့သော အသားအရေကို ထိခိုက်ပျက်စီးစေသည့် အရာများကို ကာကွယ်ခြင်း၊ အသားအရေကို ဆိုးကျိုးများဖြစ်စေနိုင်သည့် အစားအစာများကို ရှောင်ကြဉ်ခြင်းအားဖြင့် လှပပြီး ဆွဲဆောင်မှုရှိသောအသားအရေကို ပိုင်ဆိုင်နိုင်စေရန် ဆွေးနွေးလိုက်ပါတယ်။