လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာစေနိုင်ပြီး အသားအရေလှ အရွယ်တင်နုပျိုစေနိုင်သည့်အပြင် ရုတ်တရက်သေဆုံးနိုင်ခြေကိုလည်း ၂၅-၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်သည်ဟု သုတေသနများအရ တွေ့ရှိရသည်။ ထို့ကြောင့် နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ရန် လိုအပ်ပါသည်။ ထိုသို့လေ့ကျင့်ခန်းပြုလုပ်ရာတွင် အားကစားခန်းမ Gym ထိသွားစရာမလိုဘဲ မိမိကိုယ်တိုင်အလွယ်တကူ ပြုလုပ်နိုင်သည့် လှုပ်ရှားမှုတစ်ခုမှာ အပြေးလေ့ကျင့်ခန်းဖြစ်ပါသည်။
အပြေးလေ့ကျင့်ခန်းသည် ခန္ဓာကိုယ်အလေးချိန်ကို အလွယ်တကူထိန်းသိမ်းပေးပြီး၊ အဆီဓာတ်ကိုယ်လက်စထရောကို လျှော့ချပေးခြင်းနှင့် ကယ်လိုရီလောင်ကျွမ်းစေသော လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ အရှိန်နှေးနှေး အပြေးလေ့ကျင့်ခန်း Jogging ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ရှိ ကယ်လိုရီ ၂၀၀ ကျော်ခန့်ကို လောင်ကျွမ်းစေနိုင်ပါသည်။ အပြေးလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် တစ်မိုင်ပြေးလျှင် ပျမ်းမျှ ၁၀၀ ကယ်လိုရီခန့် လောင်ကျွမ်းစေနိုင်ပါသည်။
နေ့တိုင်း တစ်နေ့လျှင် မိနစ်၃၀ခန့် ပုံမှန်အပြေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သွေးပေါင်ချိန်နှင့် ခန္ဓာကိုယ် သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများမှ ကာကွယ်ပေးနိုင်ပါသည်။ နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများကြောင့် သေဆုံးနိုင်ခြေကို ၂၇ % ထိလျှော့ချပေးနိုင်ပါသည်။ မိနစ် ၃၀ ခန့် ပုံမှန်အပြေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကြွက်သားများ အလွန်အကျွံ ကျုံ့ဆန့်အသုံးမပြုရသည့်အတွက် အရိုးအဆစ်၊ အရွတ်နှင့်ကြွက်သားများ ဒါဏ်ရာရနိုင်ချေကို လျော့စေပါသည်။ ထို့ပြင် အပြေးလေ့ကျင့်ခန်းသည် ကျောရိုးနှင့်ဒူးအရိုးအဆစ်များ ကြံ့ခိုင်အောင် လေ့ကျင့်ပေးနိုင်ပါသည်။
အပြေးလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်မှ အောက်ဆီဂျင်ပိုမို ရရှိစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေသည့်အပြင် အဆုတ်၏ ဇီဝလုပ်ငန်းဆောင်ရွက်မှုကို ကောင်းမွန်စေနိုင်ပါသည်။ ထို့ပြင် တုတ်ကွေးဗိုင်းရပ်စ် Influenza နှင့် အသက်ရှူလမ်းကြောင်း ပိုးဝင်နိုင်ခြင်းကို လျှော့ချနိုင်စွမ်းရှိပါသည်။ နေ့တိုင်း အပြေးလေ့ကျင့်ခန်းလုပ်ခြင်းသည် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည့် အကျိုးကျေးဇူးလည်း ရရှိနိုင်ပါသည်။
ပုံမှန်ပြေးခြင်းသည် ခန္ဓာကိုယ်၏ ခုခံအားတုံ့ပြန်မှု Antibody Response နှင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်သည့်အပြင် အစာအိမ်အူလမ်းကြောင်းရှိ အကျိုးပြုပိုးမွှားများ ဖွဲ့စည်းမှုကို ကောင်းမွန်စေနိုင်ပါသည်။ သုတေသန လေ့လာချက်များအရ နေ့တိုင်း အပြေးလေ့ကျင့်ခန်း လုပ်ခြင်းသည် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှုကို ပိုနည်းစေနိုင်သည့်အပြင် ကင်ဆာရောဂါကုသမှု ခံယူနေသူများတွင် ကင်ဆာဆေး၏ ဘေးထွက်ဆိုးကျိုးများ လျော့စေနိုင်ပြီး ကိုယ်ရောစိတ်ပါ ကြံ့ခိုင်အောင် ထောက်ပံ့ပေးပါသည်။
အပြေးလေ့ကျင့်ခန်း လုပ်ဆောင်ခြင်းဖြင့် ဦးနှောက်စွမ်းရည် ကောင်းမွန်စေပြီး၊ မှတ်ဥာဏ်စွမ်းရည် ကျဆင်းလာခြင်းနှင့် သူငယ်ပြန်ရောဂါခေါ် ဦးနှောက်ကျုံ့ရောဂါ အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် ပုံမှန်အပြးလေ့ကျင့်ခြင်းက စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကုသမှု အထူးသဖြင့် စိတ်ဓာတ်ကျခြင်းကို သက်သာစေနိုင်ကြောင်း သုတေသနများတွင် ဖော်ပြထားပါသည်။ ပုံမှန်ပြေးခြင်းဖြင့် မိမိကိုယ်မိမိ ယုံကြည်မှု၊လေးစားမှုများ ပို၍တိုးတက်စေနိုင်ပါသည်။
ခန္ဓာကိုယ်၏ သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည့်အတွက် ဆီးချိုအကြို Prediabetes နှင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ သွေးပေါင်ကိုထိန်းညှိပေးပြီး သွေးတိုးနှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ အဝလွန်ခြင်းမဖြစ်အောင် တားဆီးပေးခြင်း စသည်ကဲ့သို့ ကောင်းကျိုးများစွာကို နေ့တိုင်းအပြေးလေ့ကျင့်ခန်း လုပ်ခြင်းဖြင့်ရရှိနိုင်ပါသည်။
Author: Dr. Yee Mon