အခုလိုပူပြင်းလွန်းတဲ့ရာသီမှာ အပူများပြီး ချောင်းဆိုးတတ်တာဟာ သဘာဝပါဘဲ။ မိမိရဲ့ပတ်ဝန်းကျင်မှာ စိုထိုင်းဆနည်းပြီး ခန္ဓာကိုယ်အပူချိန်မြင့်တက်နေတဲ့အခါ ချောင်းဆိုးခြင်းကို ဖြစ်ပေါ်လာစေပါတယ်။ အထူးသဖြင့် အပူများခြင်းဟာ ချောင်းခြောက်ဆိုးခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။
ချောင်းခြောက်ဆိုးတဲ့အခါ လည်ချောင်းယားယံတာ၊ လည်ချောင်းနာတာ၊ လည်ချောင်းခြောက်တာတွေပါ တွဲပြီးဖြစ်ပွားတတ်ပါတယ်။ ချောင်းခြောက်ဆိုးခြင်းကို သက်သာစေဖို့ dextromethophan ပါဝင်တဲ့ ချောင်းဆိုးပျောက်ဆေးတွေကို တစ်နေ့ (၂)ကြိမ် သောက်သုံးပေးနိုင်ပါတယ်။ အပူများပြီး ချောင်းခြောက်ဆိုးခြင်းကို သဘာဝပစ္စည်းလေးတွေနဲ့လည်း ကုသနိုင်ပါတယ်။ ပျားရည်၊ နနွင်း၊ ချင်း (ဂျင်း)၊ ငရုတ်ကောင်း စတာတွေဟာ ချောင်းခြောက်ဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။ ပျားရည်ဟာ ချိုတာကြောင့် ချောင်းဆိုးခြင်းကိုဖြစ်စေနိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ ချောင်းဆိုးပျောက်ဆေးတွေလိုပဲ ချောင်းခြောက်ဆိုးခြင်းကို သိသိသာသာသက်သာစေနိုင်ပါ
တယ်။
အပူများခြင်းကြောင့် ချောင်းခြောက်ဆိုးခြင်းကို သက်သာစေနိုင်မယ့် အိမ်တွင်းကုထုံးနည်းလမ်းလေးတွေကတော့ …
(၁) ရေများများသောက်ပါ
ရေဓာတ်ပြည့်ဝပြီး လည်ချောင်းအတွင်းစိုစွတ်မှုရှိစေဖို့ ရေများများသောက်သင့်ပါတယ်။ လည်ချောင်းခြောက်သွေ့တဲ့အခါ ယားယံလာပြီး ချောင်းဆိုးခြင်းကို ပိုမိုဆိုးရွားလာစေပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ရေ (၂)လီတာခန့် သောက်သုံးပေးသင့်ပါတယ်။
(၂) Humidifier သုံးပါ
Humidifier ဖွင့်ထားခြင်းဟာ အိမ်အတွင်းပတ်ဝန်းကျင်ကို စိုထိုင်းဆမြင့်တက်စေပါတယ်။ စိုစွတ်တဲ့လေထုကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်ကို စိုစွတ်စေပြီး လည်ချောင်းယားယံခြင်းနဲ့ ချောင်းခြောက်ဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။
(၃) ပူရှိန်းသကြားလုံးလေးတွေ ငုံပါ
ပူရှိန်းသကြားလုံးလေးတွေဟာ လည်ချောင်းတစ်လျှောက် အေးမြစိုစွတ်စေပြီး ချောင်းခြောက်ဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။
(၄) ဆားရည်နဲ့ပလုတ်ကျင်းပါ
ဆားရည်ဟာ ပိုးသတ်နိုင်စွမ်းရှိပြီး ရောင်ရမ်းမှုတွေကို လျော့ကျစေနိုင်စွမ်းလည်းရှိတာကြောင့် ဆားရည်နဲ့ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းနာချောင်းဆိုးခြင်းကို လျင်လျင်မြန်မြန်သက်သာလာစေနိုင်ပါတယ်။
(၅) ရေနွေး၊ ပူနွေးတဲ့လက်ဖက်ရည်နဲ့ စွပ်ပြုတ်ရည်သောက်ပေးပါ
ကြက်သီးနွေးအနေအထားရှိတဲ့ ရေနွေး၊ စွပ်ပြုတ်ရည်နဲ့ လက်ဖက်ရည်စတာတွေဟာ လည်ချောင်းနာခြင်းနဲ့ လည်ချောင်းယားယံပြီး ချောင်းဆိုးခြင်းတွေကို တစ်ဖက်တစ်လမ်းကနေ သက်သာစေနိုင်ပါတယ်။
(၆) ရေနွေးငွေ့ရှူပါ
ရေနွေးသောက်ခြင်းအပြင် ရေနွေးငွေ့ရှူခြင်းဟာလည်း လည်ချောင်းကို စိုစွတ်စေပြီး လည်ချောင်းယားခြင်း လည်ချောင်းနာခြင်းနဲ့ ချောင်းခြောက်ဆိုးခြင်းတို့ကို သက်သာလာစေနိုင်ပါတယ်။
သာမန်အပူများလို့ ချောင်းဆိုးခြင်းမျိုးဆိုရင် ဒီနည်းလမ်းတွေနဲ့ ကုသပေးနိုင်ပါတယ်။ ချောင်းဆိုးခြင်းက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တာကြောင့် ချောင်းဆိုးနေစဥ် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခါးနာခြင်း၊ အသက်ရှူကြပ်ခြင်း၊ အသက်ရှူစဥ်တရွှီရွှီမြည်ခြင်း စတာတွေပါ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသပြီး စစ်ဆေးကုသမှု ခံယူရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat Mon