လူတိုင်းလူတိုင်းတွင် စိုးရိမ်စိတ် အနည်းနဲ့အများဆိုသလို ရှိတတ်ကြပါသည်။ စိုးရိမ်စိတ်သည် အမှန်တကယ်အားဖြင့် ကြောက်ရွံ့မှုမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။
လူသားတို့၏ အရည်အချင်း တစ်ရပ်မှာ ယခုလက်ရှိမဖြစ်သေးသောကိစ္စရပ်များ တစ်နည်းအားဖြင့် အနာဂတ်များကို ကြိုတင်စဉ်းစားကာ အကယ်၍ဖြစ်များ ဖြစ်ခဲ့လျှင်ဟု တွေးတောတတ်ကြခြင်း ဖြစ်ပါသည်။
ထိုသို့တွေးတောကာ လုပ်ဆောင်စရာရှိသည်များကို ကြိုတင်ပြင်ဆင်ထားကြခြင်းအားဖြင့် ဘ၀ကို အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်နိုင်ရန်အတွက် အကူအညီ တစ်စုံတစ်ရာ ရရှိလာမည်ဖြစ်ပါသည်။ သို့သော် တစ်ခါတစ်ရံ ထိုသို့တွေးတောခြင်းအားဖြင့် ကြောက်ရွံ့စိုးရိမ်စိတ်များလည်း ပေါ်ပေါက်လာတတ်ပါသည်။
ပေါ်ပေါက်လာသော စိုးရိမ်စိတ်များကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်ပါက ပြဿနာမရှိသော်လည်း လိုတာထက်ပိုပြီး ကြောက်ရွံ့စိုးရိမ်နေပါမူ ကောင်းကျိုးများထက် ဆိုးကျိုးများကိုသာ ပိုမိုဖြစ်ထွန်းစေမည် ဖြစ်ပါသည်။
အလွန်အမင်း စိုးရိမ်ပူပန်ခြင်းသည် မိမိတို့ ပုံမှန်လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များကို ကောင်းစွာ ဆက်လက် မလုပ်ဆောင်နိုင်စေရန် အနှောင့်အယှက်ပြုနိုင်သကဲ့သို့ မိမိကိုယ် မိမိ ယုံကြည်မှုများ လျော့ပါးလာအောင်လည်း လုပ်ဆောင်ပေးနိုင်ပါသည်။
ထို့ကြောင့် အလွန်အမင်း စိုးရိမ်ပူပန်ခြင်းများကို ဖြစ်ပေါ်ခံစားနေရပြီဟုယူဆပါက ထိုအခြင်းအရာများကို ရပ်တန့်နိုင်အောင်ကြိုးစားရမည်ဖြစ်ပါသည်။ ကြိုးစားလုပ်ဆောင်နိုင်လေလေ ကောင်းကျိုးများပိုမို ရရှိလေလေ ဖြစ်မည်ဖြစ်ပါသည်။
စိုးရိမ်ပူပန်မှုများကို လျော့ချပေးနိုင်သည့် ထိရောက်သည့် နည်းလမ်းများစွာရှိပါသည်။ ၎င်းတို့ထဲမှ အချို့ကို တင်ပြပေးလိုက်ရပါသည်။
အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်ပါ
စိတ်ဖိစီးမှု ကြုံတွေ့ရသည့် အခါတိုင်းတွင် ခန္ဓာကိုယ်က Fight or flight ဆိုသော ဖြစ်စဉ်ဖြင့် တုံ့ပြန်လေ့ရှိပါသည်။ ထိုဖြစ်စဉ်သည် မိမိ၏ ခန္ဓာကိုယ်ကို အန္တရာယ်ရှိသော အခြေအနေမှ ကာကွယ်ပေးနိုင်ရန် ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။
ထိုသို့ fight or flight ဖြစ်စဉ်ဖြစ်ပေါ်လာသည့် အချိန်မျိုးတွင် အသက်ရှူနှုန်းများ မြန်လာခြင်း၊ နှလုံးခုန်နှုန်းများ မြန်လာခြင်း၊ ကြွက်သားများ တောင့်တင်းလာခြင်း စသည်တို့ကို တွေ့ကြုံခံစားရနိုင်ပါသည်။
အချိန်ကာလကြာရှည်စွာ ထိုသို့ ကြုံတွေ့ရပါက သွေးပေါင်ချိန်များ တက်လာခြင်း၊ နှလုံးရောဂါ နှင့် စိတ်ကျရောဂါများဖြစ်လာခြင်း စသော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါသည်။
ထိုသို့ ကျန်းမာရေးပြဿနာများကို လျော့နည်းသက်သာစေရန်အတွက် အသက်ရှူလေ့ကျင့်ခန်းကို ပြုလုပ်သင့်ပါသည်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်
- သွေးပေါင်ချိန်များကို ကျဆင်းစေခြင်း
- စိတ်ဖိစီးမှုများနှင့် နာကျင်မှုများကို လျော့ပါးသက်သာစေသည့် endorphins ဟော်မုန်းများ ထွက်လာခြင်းကို ကူညီပေးခြင်း
- ခန္ဓာကိုယ်မှ အဆိပ်အတောက်များ ဖယ်ရှားသန့်စင်ခြင်းနည်းလမ်းများတွင် ကူညီပေးခြင်း
- ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများသို့ အောက်စီဂျင်ပေးပို့မှုကို တိုးတက်လာစေခြင်း
- စိတ်ကြည်လင်မှု ပိုမို တိုးတက်လာစေခြင်း
- စိတ်ဖိအားများ လျော့ကျစေနိုင်ခြင်း
- အာရုံကြောစနစ်များ ပြေလျော့စေခြင်းနှင့်
- အိပ်မပျော်ခြင်းကို သက်သာစေရန် အထောက်အကူပေးခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိကြောင်းတွေ့ရှိရပါသည်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်နည်း
- ၅ စက္ကန့် ခန့်ကြာအောင် သို့မဟုတ် အဆုတ်နှစ်ဖက်လုံး လုံးဝ ပြည့်တင်းသွားသည်အထိ နှာခေါင်းဖြင့် အသက်ကို တစ်ဝကြီးရှူသွင်းပါ
- ထို့နောက် ၅ စက္ကန့်ခန့် အသက်အောင့်ထားပါ။
- ထို့နောက် ၅ စက္ကန့်ကြာအောင် သို့မဟုတ် အဆုတ်ထဲတွင် ရှိသော ရှူထုတ်လို့ရသည့် လေအားလုံး ကုန်စင်သွားသည်အထိ ပါးစပ်ကတဆင့် ဖြည်းညင်းစွာ ရှူထုတ်ပါ။
- ၅ စက္ကန့်ခန့် စောင့်ဆိုင်းပြီး နောက်ထပ်တစ်ကြိမ် ထပ်မံပြုလုပ်နိုင်ပါသည်။
ဤလေ့ကျင့်ခန်းကို မိမိလုပ်နိုင်သလောက် ထပ်ခါထပ်ခါ လုပ်ဆောင်နိုင်ပါသည်။ လူအများစုမှာ ဤလေ့ကျင့်ခန်း ပြုလုပ်ပြီး မိနစ်အနည်းငယ် အကြာမှာပင် ပိုမို၍ နေသာထိုင်သာရှိလာကြောင်း တွေ့ရှိရပါသည်။
စိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေသော နောက်ထပ်နည်းလမ်းများကို အပိုင်း ၂ တွင် ထပ်မံဖော်ပြဆွေးနွေးပေးသွားပါမည်။