fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ရဲ့ ရင်သွေးငယ်လေး ကျန်းကျန်းမာမာ နဲ့ မွေးဖွားလာဖို့ ကတော့ မိခင်လောင်းတိုင်းရဲ့ မျှော်လင့်ချက်ပါပဲ။ အမျိုးသား နဲ့ ကိုယ့်ရဲ့ မိသားစုဝင်တွေကလည်း ဒီကိုယ်ဝန်လွယ်တဲ့ ၉လတာ ကာလအတွင်းမှာ ဘေးအန္တရာယ် တစ်စုံတစ်ရာ မရှိဘဲ မွေးဖွားလာဖို့ကို ဆုတောင်းကြမှာပါပဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာဖို့အတွက် မိခင်လောင်းတွေ ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ အရာတွေ ရှိသလို သက်ဆိုင်ရာ ဆရာဝန် ၊ မိသားစုဝင်တွေရဲ့ အကူအညီ ကို ယူရတာမျိုးလည်း ရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းအတွေနဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ်ဟာ အရေးကြီးတယ် ဆိုတဲ့အချက်ကို မမေ့လျော့ဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သန္ဓေသားလောင်းဟာ မိခင်ရဲ့ ခန္ဓာကိုယ်အပေါ်မှာ မှီခိုပြီး ရှင်သန်နေရတာ ဖြစ်တဲ့ အတွက်ကြောင့် ပါပဲ။ ကိုယ်တိုင် မကျန်းမာတဲ့ အခါ ဗိုက်ထဲက ရင်သွေးလေးကိုပါ ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ရဲ့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ကောင်းဖို့ အတွက် သင့်တော်တဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုပြောင်းလဲတဲ့ အခါမှာလည်း ကိုယ်မလုပ်နိုင်တဲ့ ပုံစံကို လိုက်ပြီး အများကြီးပြောင်းလဲတာထက် ကိုယ်နေနေကျ နေထိုင်မှု ပုံစံကို ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ လိုက်ဖက်အောင် လုပ်ကြည့်တာက ပိုပြီး အဆင်ပြေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိမိဗိုက်ထဲက ရင်သွေးငယ်လေး ကျန်းမာရေး အတွက်ရော ကိုယ်တိုင် ကျန်းမာဖို့အတွက် လုပ်ပေးလို့ ရတဲ့ နည်းလမ်းလေးတစ်ချို့ ကို ပြောပြပေးပါမယ်။

၁) ပေါ့ပါးတဲ့ ကိုယ်လက်လှုပ်ရှားမှု ကို ပုံမှန် ပြုလုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ နဲ့ အိမ်အလုပ်တွေကိုတော့ ရှောင်ရှားဖို့ လိုပါလိမ့်မယ်။ အဲလိုဆိုပြီး လုံးဝမလှုပ်ရှားဘူး ဆိုရင်လည်း ခန္ဓာကိုယ် လေးလံပြီးတော့ နေလို့မကောင်း ဖြစ်လာမှာ အမှန်ပါပဲ။

သင့်တော်တဲ့ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းတွေ လုပ်တာ၊ တစ်နေ့မှာ လမ်းနည်းနည်းလျှောက်တာ အစရှိတဲ့ လှုပ်ရှားမှုမျိုးတွေ လုပ်ပေးမယ်ဆိုရင် ကိုယ်ဝန်မှာ ဖြစ်တတ်တဲ့ ခန္ဓာကိုယ် တောင့်တင်းတာတွေ ကိုယ်လက်နာကျင်တာတွေကို သက်သာစေမှာ ဖြစ်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရစေပါတယ်။

မွေးဖွားချိန်နဲ့ မွေးဖွားပြီးတဲ့ အချိန်တွေမှာလည်း မြန်မြန်ဆန်ဆန် ပြန်ကောင်းလာစေဖို့ အတွက် အထောက်အကူ ပေးနိုင်ပါတယ်။

၂) ရေများများသောက်ပေးပါ။

ရေများများသောက်ပေးခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဆီးလမ်းကြောင်း ပိုးဝင်တာကို အထိုက်အလျောက်  လျော့ချပေးနိုင်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အထိုင်များလို့ ဖြစ်တတ်တဲ့ ဝမ်းချုပ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

၃) အစားအသောက်ကို မျှတအောင်စားပါ။

ကိုယ်ဝန်မဆောင်ခင်ကတော့ အစာကို မျှမျှတတ မစားဖူးဆိုရင် ခန္ဓာကိုယ် ပိန်လာ ဝလာနိုင်တာပဲရှိပါမယ်။  ကိုယ်ဝန်ဆောင်ချိန်မှာတော့ ကိုယ်စားတဲ့ အစာအာဟာရဓာတ်ဟာ ကိုယ့်ကျန်းမာရေးအတွက် သာမကဘဲ ဗိုက်ထဲက ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ဉာဏ်ရည်ဉာဏ်သွေးထက်မှု တွေကို လွှမ်းမိုးနိုင်တဲ့အတွက် အစားအသောက်ကို စနစ်တကျ စားဖို့က အလွန်အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာလည်း စိတ်ပျော်ရွှင်အောင် တစ်ခါတစ်ရံတော့ သင့်တင့်သလောက်စားလို့ ရပါတယ်။ ဒါပေမဲ့ ကိုယ်ချဉ်ခြင်းတက်တဲ့ အစားအသောက်တွေက အာဟာရမဖြစ်တဲ့ အစားအသောက်တွေချည်း ဖြစ်နေတယ်ဆိုရင်တော့ အထိန်းအကွပ်နဲ့ စားဖို့ လိုပါလိမ့်မယ်။

၄) ပြည့်ပြည့်ဝဝ အိပ်စက်အနားယူပါ။

ကိုယ်ဝန်ဆောင် မိခင်လောင်း တစ်ယောက်အနေနဲ့ ပုံမှန်သူတစ်ယောက်ထက်တော့ အိပ်စက်အနားယူရမှာပါပဲ။ ဒါပေမဲ့ နေ့ရောညပါ တစ်ချိန်လုံး အိပ်နေပြန်တော့လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ညမှာ စောစောအိပ်စက်ပြီး ညကနေ မနက်အထိ ၈ နာရီ ၉ နာရီလောက် အိပ်တာပါပဲ။

၅) တစ်ခြားသော မိခင်လောင်းတွေနဲ့ အတူ စကားပြောကြည့်ပါ။ ရင်သွေးငယ်လေးကို ပျိုးထောင်ဖို့ အစီအစဉ်တွေကို ဆွဲကြည့်ပါ။

ခရီးထွက်တဲ့ အခါမှာတောင် လူတစ်ယောက်နဲ့ တစ်ယောက် ယူလာတဲ့ ပစ္စည်းတွေ ကွဲဲပြားနိုင်ပါတယ်။ မတူညီတဲ့ ပစ္စည်းအမျိုးအစားတွေကို ယူလာမိတဲ့ အခါ လိုလာရင် လဲလှယ် အသုံးချကြည့်လို့ ရတာပါပဲ။

မိခင်လောင်းတွေမှာလည်း ကိုယ်ရဲ့ ရင်သွေးငယ်တွေကို ပျိုးထောင်ဖို့ အတွက် မတူညီတဲ့ အစီအစဉ်တွေ အသီးသီးရှိကြပါလိမ့်မယ်။ ဒါတွေကို မိခင်လောင်းတွေ အချင်းချင်းတစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံကြတဲ့ အခါ ဖလှယ်မယ်ဆိုရင် စိတ်ကူးဉာဏ်အသစ်တွေလည်းပေါ်ပေါက်လာမှာ ဖြစ်သလို စိတ်ပျော်ရွှင်မှုကိုလည်း ရနိုင်ပါတယ်။

၆) ကိုယ်ဝန်ဆောင်ချိန်မှာ ပင်ပန်းတဲ့အတွက် တစ်ချို့သော ရက်တွေမှာ လုပ်ရမဲ့ အလုပ်ကိစ္စတွေကို ပြီးပြတ်အောင် မလုပ်လိုက်နိုင်တာ ၊ မလုပ်ဖြစ်တာတွေ ရှိပါလိမ့်မယ်။ ဒီလိုအခါမျိုးမှာ ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တဲ့ စိတ်ကိုလည်း တတ်နိုင်သမျှ လျှော့ချရပါမယ်။

ဒီနည်းလမ်းတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့အတွက် လိုက်နာသင့်တဲ့ အခြေခံ အချက်တွေပါပဲ။ အားလုံးပဲ ကျန်းမာတဲ့ သားသားမီးမီးတွေကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

Dr.မွှေး

ဆက်စပ် ဆောင်းပါးများ