ခွေးတောက်ပင်ကို အင်္ဂလိပ်လို Green wax flower လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Dregea volubilis Benth ဖြစ်ပါတယ်။မျိုးရင်းကတော့ Asclepiadaceae ပါ။
ခွေးတောက်ပင်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အလေ့ကျပေါများစွာ ပေါက်ရောက်လေ့ရှိတဲ့ နှစ်ရှည်ခံနွယ်ပင်မျိုးဖြစ်ပါတယ်။ပင်စည်လုံးပြီးအခေါက်တွင်အညိုရောင်အဖုအစက်များ၊မြောင်းလေးများပါရှိပါတယ်။
အပွင့်မှာစမ်းဝါရောင်ရှိသောအပွင့်ငယ်များစုပြုံပွင့်ပြီး ပန်းခိုင်မှာကြားထွက်ပန်းခိုင်ဖြစ်ကာ ငိုက်ကျနေပါတယ်။
ခွေးတောက်သီးသည် အစိမ်းရောင်ရှိကာ ကြီးပြီး လှံစွပ်ပုံစံရှိသည်။အတွင်းထဲမှာ ပြောင်ချောနေသောအစေ့လေးများရှိသည်။
ခွေးတောက်ရွက်ပုံစံအနေနဲ့ကတော့ ရွက်ထိပ်ချွန်ပြီး နှလုံးပုံစံ(Heart shape)ရှိသည်။
ခွေးတောက်ပင်မှာ Polydhydroxy pregneres glycosides,volubiloside A,B,C,drevogenin D စတဲ့ဓါတ်တွေများစွာပါဝင်ပါတယ်။
ဒီလိုဓါတ်တွေအများကြီးပါတဲ့အတွက် ခွေးတောက်ပင်ရဲ့အရွက်နဲ့အမြစ်ကို ဆီးချိုဆေး၊သန်ချဆေး၊အသည်းအားဆေး၊အယောင်ကျဆေး၊ပြည်တည်နာပျောက်ဆေး စတဲ့ဆေးတွေ ဖော်စပ်ရာမှာ ထည့်သွင်းသုံးလေ့ရှိပါတယ်။
ခွေးတောက်ရွက်ကိုစားရာတွင် အများအားဖြင့် ကြက်သားနဲ့ရောပြီး ဟင်းရည်ချက်သောက်တာ၊ဘယာကြော်နဲ့ရောပြီးကြော်စားကြတာ မျိုးတွေလုပ်လေ့ရှိပါတယ်။
ခွေးတောက်ရွက်စားသုံးခြင်းဖြင့် ဆီးချုပ်ရောဂါကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။လေကိုသက်စေပြီး သလိပ်ကိုကြေစေနိုင်ပါတယ်။လေရောဂါ၊ညောင်းကျနာ၊ပန်းနာရင်ကျပ်ရောဂါတို့ကို သက်သာစေပါတယ်။
မြန်မာ့ဆေးကျမ်းများတွင် ခွေးတောက်ရွက်ရဲ့ ဂုဏ်သတ္တိ နဲ့ပတ်သက်ပြီး
ခွေးတောက်ရွက်သည် ပူ၏။ခါး၏။ဝမ်းမီးကိုတောက်စေ၏။ကြေကျက်လွယ်၏။ဓါတ်လေများကိုခိုင်မာတောင့်တင်းစေ၏။သွေးကိုပွားစေတတ်၏။ရတ္တပိတ်နာတို့ကိုဖျက်ဆီးတတ်၏။ကာမကိုအားပေး၏။နှုတ်ကို မြိန်စေ၏။သလိပ်ကိုနိုင်၏။
လည်ချောင်းနာ၊လေရောဂါ၊ဂူလုံး၊ပြည်ဒူလာသရောဂါ၊ပိုးနာ၊နူနာ၊အဆိပ်သင့်နာ၊ပန်းနာရင်ကျပ်၊ကြက်အဆိပ်သင့်နာများကိုနိုင်၏။လေသက်၏။သွေးတက်၏။အဆိပ်နိုင်၏။ချွေးထွက်စေ၏။ရေငတ်ပြေစေ၏ ဟု ရေးသားထားပါတယ်။
ခွေးတောက်ရွက် ဆေးမြီးတို အသုံးအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အနာစိမ်းတွေ၊သွေးစုနာတွေဖြစ်လာတဲ့အခါ ခွေးတောက်ရွက်ကို ကင်ပြီး အနာကို ကပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
အဖုအကြိတ်တွေဖြစ်ပါက ခွေးတောက်ရွက်ကို ကြိတ်ပြီး အုံထားပေးခြင်းဖြင့် အဖုအကြိတ်တွေသက်သာပျောက်ကင်းနိုင်ပါတယ်။
ဒူးနာတာ၊ခါးနာတာ၊ခြေလက်ကိုက်ခဲတာတွေအတွက် ခွေးတောက်ရွက်ကိုထောင်းလို့သော်လည်းကောင်းညှစ်လို့သော်လည်းကောင်းရလာတဲ့သတ္ထုရည်နဲ့ သနပ်ခါးကိုသွေးပြီး ဒူးကနေ ခြေဖျားထိလိမ်းပေးပါက ကိုက်ခဲနာကျင်တာတွေသက်သာလျော့ပါးနိုင်ပါတယ်။
လေထိုးလေအောင့်၊ဆီးချုပ် ဖြစ်ပါက ခွေးတောက်ရွက်ကို ဟင်းချိုချက်သောက်ခြင်း၊ကြော်စားခြင်းအားဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။
အရက်သောက်တတ်သူများဆိုရင် ခွေးတောက်ရွက်ကို မကြာခဏစားပေးခြင်းဖြင့် အရက်ရဲ့ဆိုးကျိုးတွေ ဖြစ်နိုင်ခြေ ခံစားရနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။
Dr. သီတာနွယ်(အမရပူရ)