အမျိုးသမီးတစ်ယောက်အတွက် အပျိုဖော်ဝင်တဲ့အချိန်ကစလို့ သွေးမဆုံးခင်အချိန်အထိ တစ်လတစ်ခါ
ရာသီစက်ဝန်းလေးမှန်နေဖို့က အရေးကြီးပါတယ်။ အပျိုဖော်ဝင်ခါစ မှာ
ဟော်မုန်းဓါတ်မညီမျှသေးတဲ့အတွက် ရာသီမမှန်တာဟာဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်၊
အပျိုဖော်ဝင်ပြီးတစ်နှစ်နှစ်နှစ်လောက်ကြာတဲ့ အခါ ရာသီစက်ဝန်းဟာ
တစ်လတစ်ခါပုံမှန်လည်ပတ်သွားပါပြီ။ ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်မှာ ကိုယ်ဝန်ရှိတဲ့
အချိန်ကလွဲလို့ သွေးမဆုံးမီအထိ ရာသီတစ်လတစ်ခါပုံမှန်လာပါတယ်။ ရာသီမမှန်ဘူး ဆိုရင်တော့
ကိုယ်ဝန်ရှိတာမဟုတ်ရင် အမျိုးသမီးရောဂါတစ်ခုခုကြောင့်ရာသီမမှန်တာဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင့် ရာသီတစ်လတစ်ခါပုံမှန်လည်ပတ်အောင်ဘယ်လိုတွေပြုမူနေထိုင်ရမလဲဆိုတာ
ဆက်ကြည့်ရအောင်။
ရာသီစက်ဝန်းဆိုတာဘာလဲ? ရာသီမှန်ဖို့အရေးကြီးပါသလား?
ရာသီစက်ဝန်းဆိုတာအပျိုဖော်ဝင်လာတဲ့အချိန်ကစပြီး အမျိုးသမီးတို့ရဲ့ သားဥအိမ်လေးကနေ
မျိုးပွားရန်အတွက် တစ်လတစ်ခါ သားဥကြွေပေးရပါတယ်။ သားဥကြွေတဲ့အချိန်မှာ မျိုးအောင်ဖို့
သုတ်ပိုးမရှိဘူးဆိုရင် သားဥလေးဟာ မျိုးမအောင်တော့ဘဲ ရာသီသွေးထဲပါသွားပါတယ်။
အဲ့ဒီဖြစ်စဉ်တစ်ခုလုံးကို ရာသီစက်ဝန်းလို့ခေါ်ပါတယ်။ ရာသီစက်ဝန်းတစ်ခုဟာ အများအားဖြင့်
၂၈ရက်-၃၂ရက်ကြာတတ်ပါတယ်။
ရာသီစက်ဝန်းတစ်လတစ်ခါမှန်မှန်လည်ပတ်ဖို့ကလည်းဂအမျိုးသမီးတိုင်းအတွက် အရေးကြီးပါတယ်။
ရာသီစက်ဝန်းကိုဟော်မုန်းတွေက ထိန်းချုပ်ပေးထားတာလား?
ဟုတ်ပါတယ်။ ရာသီစက်ဝန်းမှန်စေဖို့ အီစထရိုဂျင်ဟော်မုန်း၊ပရိုဂျက်စထရုန်းဟော်မုန်း တို့က အဓိက
ထိန်းချုပ်ဆောင်ရွက်နေတာပါ။ တခြားဟော်မုန်း တွေလည်းအများကြီးပါဝင်ပါသေးတယ်။
ရာသီမမှန်တဲ့အကြောင်းအရင်းတွေကဘာတွေရှိလဲ?
အမျိုးသမီးတစ်ယောက်မှာ ရာသီပုံမှန်လာတာကနေ တစ်လနှစ်လပျောက်သွားတယ်ဆိုရင်တော့
အမျိုးသားနှင့်လည်းအတူတူနေဖူးတယ်ဆိုရင် ကိုယ်ဝန်ရှိတာကြောင့်ရာသီမလာတာ ဖြစ်ဖို့အများဆုံးပါ။
တခြားအကြောင်းအချက်တွေကတော့ သားဥအိမ်ရေအိတ်တည်ခြင်း၊ သားဥအိမ်အလုံးများတည်ခြင်း၊
သားအိမ်အလုံးအကျိတ်တည်ခြင်း၊ စတဲ့ အမျိုးသမီးရောဂါတွေအပြင်
ဟော်မုန်းဓါတ်မညီမျှတဲ့ရောဂါတွေ ကြောင့် ရာသီမမှန်တာဖြစ်တတ်ပါတယ်။
ရာသီစက်ဝန်းလေးမှန်စေဖို့ဘယ်လိုတွေပြုမူနေထိုင်စားသောက်ရမလဲ?
ရာသီစက်ဝန်းဆိုတာဟာ ဟော်မုန်းတွေကနေ ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက်
ဟော်မုန်းဓါတ်ညီမျှနေဖို့အရေးကြီးပါတယ်။ ဟော်မုန်းဓါတ်တွေဆိုတာကလည်း
စိတ်အခြေအနေပြောင်းလဲမှုနဲ့ ဆက်စပ်နေတတ်ပါတယ်။
တနည်းအားဖြင့် နေမကောင်းဖြစ်ခြင်း၊
စိတ်ဖိစီးမှုများခြင်း၊ကိုယ်အလေးချိန် ပြောင်းလဲမှုဖြစ်ခြင်း အထူးသဖြင့် အဝလွန်ခြင်း ဖြစ်စဉ်တို့မှာ
ရာသီကမောက်ကမ ဖြစ်တတ်တာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ရာသီစက်ဝန်းလေးမှန်စေဖို့
စိတ်ဖိစီးမှုကင်းအောင်နေမယ်၊ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအသောက်တွေပဲ
နေ့စဉ်ရွေးချယ်စားသောက်မယ်၊ ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းမယ် ဆိုရင်
ရာသီတစ်လတစ်ခါ ပုံမှန်လာစေပါတယ်။ အထူးသဖြင့် ဗီတာမင်အီးနှင့် ဇင့်ဓါတ်ပါဝင်တဲ့
အစားအသောက်တွေ ဒါမှမဟုတ် အားဆေးတွေကို နေ့စဉ်မှီဝဲပေးမယ်ဆိုရင် ရာသီစက်ဝန်းမှန်စေတယ်လို့
သုတေသနတွေအရ တွေ့ရှိရပါတယ်။
ရာသီမမှန်ရင်ဘာလုပ်ရမလဲ?
၃လနှင့်အထက် ရာသီမလာဘူး၊ မမှန်ဘူးဆိုရင် မရှက်ပါနှင့်၊ သက်ဆိုင်ရာသားဖွားမီးယပ်ဆရာဝန်
နဲ့ပြသပြီး သေချာဆေးကုသမှုခံယူပေးရပါမယ်။
Dr.Khaing