“အခုတလော အိမ်က ညီမလေးကို ကြည့်ရတာ ဖြူဖတ်ဖြူလျော်နဲ့ ထိုင်းထိုင်းမှိုင်းမှိုင်းလေးဖြစ်နေသလားလို့”
ညီမငယ်လေးကို အရိပ်လို ဂရုစိုက်တတ်တဲ့ ချစ်သူငယ်ချင်းကို မမဒေါက်တာ တစ်ယောက် သဘောကျစွာ ကြည့်လိုက်မိသည်။
“ဟုတ်တယ် မမရေ အခုတလော မူး မူးပြီး ရင်တွေတုန်နေတာ အလုပ်ထဲလဲ အာရုံမစိုက်နိုင်ဘူး ဖြစ်နေတာ
အအိပ်ပျက် အစားပျက်နဲ့ နေရတာလည်း မကောင်းဘူး မမရယ် ” ငယ်လေးက
ညည်းညည်းညူညူလေး နဲ့ တိုင်ပင်ရှာသည်။
လိုအပ်တာလေးတွေ စမ်းသပ်စစ်ဆေးပေးရင်း သွေးအားနည်းရောဂါ အကြောင်းနှင့် ဗီတာမင် စီ အကြောင်း ရှင်းပြဖြစ်သည်။
သွေးအားနည်းသည်ဟု အလွယ်တကူ ပြောကြသော်လည်း သွေးအတွင်းတွင် ရှိသော သွေးနီဥ ပမာဏနည်းခြင်းဖြစ်သည်။သွေးအားနည်းရခြင်း အကြောင်းအရင်းများကတော့ သွေးနီဥ အားကောင်းစေသော ( သံဓာတ်၊ ဖောလစ်အက်စစ်ဓာတ် နှင့် B12 ဓာတ်ကြွယ်ဝသော) အစားအစာများ စားသုံးမှု နည်းပါးခြင်း၊ ခန္ဓာကိုယ်မှ သွေးနီဥ ထုတ်နိုင်စွမ်း နည်းပါးခြင်း၊ နာတာရှည်ရောဂါများနှင့် သွေးဆုံးရှုံးမှု များခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တွေလို ခန္ဓာကိုယ်တည်ဆောက်ဖို့ လိုအပ်နေသူတွေမှာလည်း အားနည်းတတ်သည်။
“ငယ်လေးလို အစားချေးများသူတွေ၊ရာသီသွေးလာရင် အများကြီးဆင်းတဲ့သူတွေမှာ သံဓာတ်အားနည်းလို့ သွေးအားနည်းကြတာများတယ်။
သံဓာတ်ကို ပြန်ဖြည့်ရမယ်နော် ။ အဲ့ဒါမှ မူးတာ ရင်တုန်တာ ပျောက်မှာ”
အနီရောင်ရှိသော အသားများ၊( ဥပမာ – အမဲသား၊ဆိတ်သား၊ဝက်သား) ၊ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊နွားနို့တွေ စားသုံးဖို့ ၊ သံဓာတ်ပါဝင်သော ဖြည့်စွက်အားဆေးများ သောက်သုံးရန် လိုအပ်ပါသည်။သောက်သုံးရာမှာလည်း ခန္ဓာကိုယ်တွင်းတွင် လုံလောက်စွာ သိုလှောင်ထိန်းသိမ်းနိုင်သော ပမာဏရောက်အောင် သုံးလခန့် သောက်သုံးရန် လိုအပ်ပါသည်။ ဗီတာမင် စီ ချို့တဲ့ပါကလည်း သွေးအားနည်းနိုင်၊သံဓာတ်ချို့တဲ့နိုင်ပါသေးသည်။အူလမ်းကြောင်းမှ သံဓာတ် စုပ်ယူအတွက် ဗီတာမင် စီ လိုအပ်သောကြောင့်ဖြစ်သည်။
ဗီတာမင် စီ ကြွယ်ဝသော အစားအစာများမှာ ဘရိုကိုလီ၊ ချဉ်သော အသီးများ၊ စတော်ဘယ်ရီသီးများနှင့် ခရမ်းချဉ်သီးများဖြစ်သည်။ ဗီတာမင် စီ ၏ အကျိူးကျေးဇူးများမှာ သံဓာတ် အားကောင်းစေခြင်း အပြင် အရွယ်တင် နုပျိုစေခြင်း၊ အနာကျက်မြန်စေခြင် နှင့် သွေးတွင်း အဆီဓာတ်ကို ကျစေခြင်းတို့ ဖြစ်သည်။ အလွန်အကျွန်သောက်သုံးမိပါက ပျို့အန်ခြင်း၊ဝမ်းလျှောခြင်း၊ အနီစက် အနီကွက်များ ထွက်ခြင်းနှင့် ကျောက်ကပ်တွင် ကျောက်တည်ခြင်းများ ဖြစ်နိုင်ပါသည်။ ဗီတာမင် စီ 3000 mgထက် မပိုသော ပမာဏခန့် သောက်သုံးနိုင်ပါသည်။ ဗီတာမင် စီ သီးသန့်ပင်လျှင် သံဓာတ် အားကောင်းစေရန် ထောက်ပံ့မှုပေးနိုင်သည် ဟု စာတမ်းတစ်ခုတွင် ဖတ်ခဲ့ဖူးသည်။
“ငယ်လေးရေ ဗီတာမင် စီ လေးပါ ထည့်သောက်နော် ၊ ဈေးကွက်ထဲမှာ ချိုချဉ်လေးလို စားလို့ကောင်းမယ့် Vitamin C 500 mg လေးတွေ ရှိတယ် ၊ တစ်နေ့ တစ်လုံးသောက်ပေါ့ ၊ နုပျိုမယ်၊ သွက်လက်လာမယ် ၊အိပ်ပျော်မယ်၊ သံဓာတ်စုပ်ယူမှု အားကောင်းစေလို့ သွေးအားနည်းတဲ့ လက္ခဏာတွေလဲ မခံစားရတော့ဘူးပေါ့”ဟု ညွှန်ပေးဖြစ်သည်။
“ အချဉ်ကြောက်သော ငယ်လေး အတွက် ၊ အစားချေးများသော ငယ်လေးအတွက် သွေးအားကောင်းစေဖို့ သံဓာတ် မချို့တဲ့စေရာ ဗီတာမင် စီ က ကူပေးမှာပါနော်
ငယ်လေး သေချာသောက်ပါ့မယ်နော် မမ”
တစ်လအကြာ ငယ်လေးနဲ့ ပြန်တွေ့သောအခါ ပန်းသွေးရောင် သန်းနေသော မျက်နှာလေးနှင့် လန်းဆန်း တက်ကြွနေသော ငယ်လေး အဖြစ်နဲ့ ဖြစ်သည်။ ငယ်လေးလိုပဲ သွေးအားနည်းတတ်တဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီလေး ညီမလေးတွေလဲ သံဓာတ် အားမနည်းအောင် သံဓာတ်ပြည့်ဝအောင် ဖြည့်စွက် စားသောက်ပြီး ဗီတာမင် စီ လေးရဲ့ အကူအညီနဲ့ ကျန်းမာလှပနိုင်ကြပါစေရှင်။
Dr.နှင်းပြည့်