အစာအိမ်ဝေဒနာသည် လူအများစုနှင့်ရင်းနှီး သော ရောဂါတစ်မျိုးပင် ဖြစ်ပေသည်။ လူအများစု
ခံစားရလေ့ရှိသော လက္ခဏာများဖြစ်သည့် ရင်ညွှန့်ရိုးအောက်တည့်တည့်ဗိုက် နေရာမှစူးအောင့်ခြင်း၊
အပူအစပ်များစားမိရာမှ ဗိုက်အောင့်ခြင်းတို့သည် အစာအိမ်ရောင်ယမ်းသည့်
လက္ခဏာဖြစ်ပါသည်။ လူတချို့မှာ ဗိုက်အောင့်ဝေဒနာ ခံစားရသည့်အပြင် ဝမ်းမဲမဲအရောင်များသွားခြင်း၊ ကော်ဖီအနှစ်ရောင်ကဲ့သို့အညိုရောင်များအန်ခြင်း၊ မူးမေ့လဲ၍ ဆေးရုံတက်ကာ
အရေးပေါ်ဆေးကုသမှုခံယူရသည်တို့လဲရှိပါသည်။ ဤကား အစာအိမ်အနာ၏
နောက်ဆက်တွဲလက္ခဏာပင်ဖြစ်ပါသည်။
အစာအိမ်အနာဖြစ်ခြင်း အကြောင်းများမှာ _
• စိတ်ဖိစီးမှုများခြင်း၊
• အပူ၊အစပ်များအလွန်အကျွံစားသုံးလေ့ရှိခြင်း၊
• ဆေးလိပ်သောက်ခြင်း၊
• အကိုက်အခဲပျောက်ဆေးများကို ရက်ရှည်လများမှီဝဲတတ်ခြင်း၊
စသောအချက်များကြောင့် ပါဝင်ပါသည်။
အပူအစပ်၊ဆေးလိပ်သောက်ခြင်းနှင့် အကိုက်အခဲပျောက်ဆေးများသည် အစာအိမ်ကိုအနာဖြစ်စေကာ
ဒုက္ခပေးတတ်ခြင်းကို လူအများစု သိရှိသော်လည်း အစာအိမ်အနာကို အဓိကဖြစ်စေသည့်
ရောဂါပိုးတစ်မျိုးအား သတိမထားမိတတ်ကြပါ။
ထိုရောဂါပိုးအားHelicobacter pylori(H.pylori) ဟုခေါ်တွင်ပါသည်။
အစာအိမ်အနာဖြစ်သူများ၏ ၇၀ရာခိုင်နှုန်းနှင့် အူသိမ်အနာဖြစ်ခြင်းများ၏၉၀ရာခိုင်နှုန်း သည်
ထိုဘက်တီးရီးယားပိုးကြောင့် ဖြစ်သည်ဟု ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှ သိရှိရပါသည်။
Helicobacter pylori (H.Pylori) ဆိုသည်မှာ 1982ခုနှစ်တွင် ရှာဖွေတွေ့ခဲ့သော
ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ကူးစက်မှုနှုန်းပိုများပါသည်။
မသန့်ရှင်းသောရေနှင့်အစားအစာများ စားသောက်မိရာမှ အစာအိမ်လမ်းကြောင်းထဲသို့ ရောက်ရှိကာ
အစာအိမ်၌ နှစ်ပေါင်းများစွာ ကပ်တွယ်မှိခိုနေထိုင်နိုင်ပါသည်။
ရောဂါပိုးရှိသူနှင့် ပန်းကန်၊ဇွန်းခရင်းအတူတူ စားသောက်မိပြီး ထိုသူ၏
တွံတွေးမှတဆင့်လည်းကူးစက်နိုင်ပါသည်။
ရောဂါပိုးသည် ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီးနောက်ပိုင်း ရောဂါလက္ခဏာမပြပဲနှင့်လည်း
နှစ်ချီအောင်နေနိုင်ပါသည်။အများစု ခံစားရသည့်လက္ခဏာများမှာ လေပွခြင်း၊ ဗိုက်ကယ်တတ်ခြင်း၊
မအီမသာဖြစ်ခြင်း၊ အစာမကြေခြင်း စသည်တို့ဖြစ်ပါသည်။
ဤသို့ဆိုလျှင် ရောဂါပိုးသည် မည်သို့သောနည်းဖြင့် အစာအိမ်ကို ဒုက္ခပေးနိုင်ပါသနည်း။
• ဝက်အူရစ်ပုံသဏ္ဍာန် H.pylori ဘက်တီးရီးယားပိုးသည် မိမိစားသုံးမိသော
အစားအသောက်နှင့်အတူ အစာအိမ်လမ်း ကြောင်းထဲ ရောက်လာပြီး
အစာအိမ်နံရံကို ထိုးဖောက်တွယ်ကပ်ကာ urease ဟုခေါ်သော အင်ဇိုင်းဓာတ်တစ်မျိုးကို
ထုတ်လွှတ်လိုက်ပါသည်။
• ထိုအခါတွင် အင်ဇိုင်းဓာတ်၏ နှောင့်ယှက်မှုကြောင့် အစာအိမ် နှင့်အူသိမ်တို့၌ ရှိသင့်ရှိထိုက်သော
အက်စစ်ဓာတ်ကို မထိန်းညှိနိုင်တော့သည့်အတွက် အစာအိမ်နှင့်အူသိမ်ရောင်ရမ်းပြီး
အနာဖြစ်လာခြင်းပင်ဖြစ်ပေသည်။
• အနာဖြစ်ခြင်းမှတဆငိ့လည်း ကင်ဆာရောဂါအထိပါ ကူးပြောင်းဖြစ်ပွားနိုင်သလို
သာမန်အစာအိမ်အနာ မဟုတ်ပဲ တန်း၍အစာအိမ်ကင်ဆာဖြစ်ခြင်းလည်း ဖြစ်နိင်ပါသေးသည်။
ထို့ကြောင့် မိမိတွင် အစာအိမ်အနာရှိနေသည်ဆိုပါက H.pylori ဘက်တီးရီးယားပိုးလဲရှိနေပြီဟု
သတ်မှတ်ကာ အစာအိမ်အနာနှင့်အတူ ထိုရောဂါပိုးကိုပါ အမြစ်ပြတ်စေရန် ကုသရပါလိမ့်မည်။
ပိုးရှိမရှိ စစ်ဆေးနည်းများ
• သွေးစစ်ခြင်း (H.pylori Antibody test)၊
• ဝမ်းစစ်ခြင်း( Stool Antigen test)၊
• အစာအိမ်အနာကို မှန်ပြောင်းနှင့်ကြည့်ရှုပြီး အသားစယူကာ စစ်ဆေးခြင်း (endoscopy and biopsy)
• အသက်ရှုထုတ်ရာမှ ထွက်ပေါ်လာသောဓာတ်ကို စစ်ဆေးခြင်း (Urea breath test)
စသည်တို့အနက် တစ်မျိုးမျိုးဖြင့် စစ်ဆေးပြီး ပိုးရှိမရှိ သေချာအောင် စစ်ဆေးပါလိမ့်မည်။
ထို့နောက်တွင် ရောဂါပိုးအတွက် လိုအပ်သော ပိုးသတ်ဆေးဝါးများ၊ အစာအိမ်ဆေးများကို
သက်ဆိုင်ရာဆရာဝန်မှ ညွှန်ကြားသည့်အတိုင်း သောက်သုံးသင့်ပါသည်။
ကုသရန်ကြာမြင့်ချိန်မှာ ၂ပတ်ခန့် ဖြစ်ပါသည်။
အစာအိမ်အနာရှိသူများအပြင် H.pylori ပိုးကို ကုသသင့်သူများမှာ
• မိသားစုမျိုးရိုးတွင် အစာအိမ်ကင်ဆာရှိသူ
• Omeprazole (PPI) ကဲ့သို့ အစာအိမ်ဆေးများအား တစ်နှစ်မက စွဲသောက်သူများ
• အကိုက်အခဲပျောက်ဆေး (NSAIDS)များ ရေရှည်စွဲသောက်တတ်သူများ
• အစာအိမ်ကင်ဆာ အတွက် ခွဲစိတ်ကုသဖူးသူများ
• အစာအိမ်ကင်ဆာရောဂါတစ်မျိုးဖြစ်သည့် MALT lymphomas
• အစာအိမ်ရောဂါနှင့် မဆိုင်သော အချို့သောသွေးအားနည်းရောဂါများ
တွင်လည်း ပျောက်ကင်းအောင် ကုသသင့်ပါသည်။
ထို့သို့ ကုသရာတွင် ပိုးသတ်ဆေးများ ပါဝင်မှုကြောင့် ဆိုးကျိုးအချို့လည်း
ဖြစ်ပေါ်တတ်ပါသည်။ခေါင်းမူး ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊
အနီစက်များထွက်လာတတ်ခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။
ကာကွယ်နည်းများ
H.pylori ရောဂါပိူး မကူးစက်စေရန် လမ်းဘေးစာနှင့် မသန့်ရှင်းသောရေများ သောက်သုံးမှုကို
ရှောင်ခြင်း၊ ရေကိုသေချာကျိုချက်သောက်ခြင်း၊ အစာမစားမီ လက်ကို ဆပ်ပြာနှင့်
ဆေးကြောပြီးမှ စားခြင်းတို့ကို ပြုလုပ်သင့်ပါသည်။
အစာအိမ်ကင်ဆာအထိဖြစ်ပေါ်နိုင်သော ဘက်တီးရီးယားပိုး H.pylori ကို
အထူးဂရုပြုနိုင်ကြရန် သတိပေးအပ်ပါသည်။