အပူချိန်မြင့်တဲ့ နွေရာသီမှာ ဆံပင်ရှိတဲ့ ဒုက္ခက မသေးလှပါဘူး။ ဆံပင်တိုသူရော ဆံပင်ရှည်သူပါ အပူဒဏ်ကိုမခံနိုင်လို့ စတိုင်မထုတ်နိုင်တဲ့ အချိန်ပါပဲ။ နွေရာသီနဲ့ လိုက်ဖက်မယ့် ဆံကေသာဖက်ရှင်ကို အကြံပေးချင်သလို ဆံကေသာဆုံးရှုံးမှု သက်သာပြီး ဦးရေပြား အန္တရာယ်ကင်းမယ့် ဆံပင်ဆိုးနည်းလေးတွေကို မျှဝေပေးချင်ပါတယ်။
ဆံပင်ကို ခပ်မြင့်မြင့်လေး ထုံးဖွဲ့တာဟာ မျက်နှာတစ်ခုလုံး ရှင်းရှင်းလင်းလင်း ဖြစ်စေမယ့်အပြင် လည်တိုင် ဂုတ်သားတွေကို အေးမြစေမယ့် ဆံကေသာဖက်ရှင် တစ်ခုပါပဲ။ ဒါ့အပြင် ဒီစတိုင်က ဘယ်အချိန်ဖြစ်ဖြစ် အမြဲအမြင်ဆန်းနေမယ့် ပုံစံလေးပါ။ ရုံးတက်တဲ့အခါ ဝတ်တဲ့ စမတ်ကျကျ ဖက်ရှင်မျိုးနဲ့လည်း လိုက်ဖက်သလို ပေါ့ပေါ့ပါးပါး အပြင်သွားတဲ့အခါဝတ်တဲ့ စကတ်၊ ဘောင်းဘီတိုနဲ့လည်း စတိုင်မိစေပါတယ်။ မြန်မာဝတ်စုံဝတ်တဲ့ အခါဆိုရင်လည်း ဆံထုံးကို ဖန်စီလေးတစ်ခုခုနဲ့ အလှဆင်လိုက်ရင် အင်မတန်မှ ကျက်သရေရှိမယ့် ဆံကေသာ အပြင်အဆင်ပါပဲ။
ကျစ်ဆံမြီးဘေးတစောင်းစတိုင်ကတော့ ပေါ့ပါးပြီး နွေရာသီအတွက် အမှတ်ပိုရမယ့် စတိုင်ပါပဲ။ ဆံပင်ရှည်သမားတွေအတွက် အပူသက်သာစေတဲ့အပြင် တင်းတင်းကျပ်ကျပ်ကြီး စည်းနှောင်ထားတာမျိုး မဟုတ်တဲ့အတွက် ဆံကေသာပျက်စီးမှု မရှိနိုင်ပါဘူး။ ဆံပင်တွေ အားလုံးကို ပခုံးတစ်ဖက်တည်းစုချပြီး အရင်းဘက်ထုထည်တွေ ထူထဲသွားအောင် ခပ်ဆဆလေးဆွဲပြီး တင်းတင်းကျပ်ကျပ် ခပ်ပြေပြေလေး ကျစ်တဲ့စတိုင်က မြင်သူတိုင်းကို သဘောကျစေမှာပါ။ ဒီဆံပင်ပုံစံက နွေရာသီမှာ အဝတ်များကြတဲ့ ဘောင်းဘီတို၊ တီရှပ်အကျႌစတိုင်လေးတွေနဲ့တောင် လိုက်ဖက်ပါတယ်။
ဆံနွယ်တွေကို အရောင်ဆိုးတဲ့အခါ ဆိုးဆေးဘူးတွေရဲ့ အရည်အသွေးကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဆိုးဆေးတွေက တစ်ဘူးကို ၃၀၀၊ ၅၀၀ ကစလို့ ၈၀၀၀၊ ၁၀၀၀၀ ကြားထိ တွေ့ရတတ်ပါတယ်။ အဓိက ဦးစားပေးပြီးရွေးရမှာက ဦးရေပြားကို ထိခိုက်မယ့် အရမ်းပြင်းထန်တဲ့ ဆေးအမျိုးအစားတွေ မဖြစ်ဖို့ပါပဲ။ အာမခံချက်ပေးထားတဲ့ တံဆိပ်ကိုသာ ရွေးချယ်သင့်ပါတယ်။ အမိုးနီးယားပါဝင်မှု အနည်းဆုံး အမျိုးအစားကို ရွေးချယ်တာဟာ ဦးရေပြားကို ကာကွယ်တာရောက်သလို ဆံနွယ်တွေအတွက်လည်း ကောင်းပါတယ်။
ဆံပင်တစ်ခေါင်းလုံးကို မဆိုးဘဲ ကြိုကြားကြိုကြားအရောင်ဆိုးတာ High Light ဖောက်တာကလည်း လူအများကြားမှာ ပိုပြီး ထင်ပေါ်စေပါတယ်။ ဆယ်ကျော်သက်တွေဆိုရင် ရွှေရောင်၊ ငွေရောင်၊ ခရမ်းရောင်တို့နဲ့ လိုက်ဖက်ပါတယ်။ နွေရာသီရဲ့ ပေါ်ပြူလာအရောင်ဟာ လျှပ်စစ်ဓာတ်သတ္တု ရောစပ်နေတဲ့ အနီ၊ ကြက်သွေးနီလို အရိပ်အရောင်တွေပါပဲ။ ဒီအရောင်တွေဟာ လူကြားထဲ အရမ်းကြီး ပေါ်လွင်နေတာမျိုး မဟုတ်ဘဲ ထင်သာမြင်သာ သတိထားမိစေမယ့် ခပ်မိုက်မိုက် ဟန်ပန်မျိုးပါပဲ။
ဆိုးပြီးတဲ့အခါ အချို့ဆံပင်တွေကို ထိန်းသိမ်းမှုမလုပ်လို့ ဆံပင်တွေ ပြတ်ထွက်တာတို့ ဆံသားခြောက်သွေ့တာတို့ ဖြစ်တတ်ပါတယ်။ ဆံသားတွေ ခြောက်သွေ့ပျက်စီးလာရင် ခေါင်းဖြီးချိန်တိုင်း ဆံသားတွေ တစ်ဝက်တစ်ပျက် ပြတ်ထွက်တာတွေ နောက်ပိုင်း ဆံပင်အရင်းနေရာထိ ခြောက်သွေ့တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ဆံပင်ပျော့ဆေး လိုပါတယ်။ ဆေးဆိုးထားတဲ့ ဆံပင်ပိုင်ရှင်တွေဟာ ခေါင်းလျှော်ပြီးချိန်တိုင်း ပျော့ဆေးသုံးဖို့ မမေ့ပါနဲ့။ ပျော့ဆေးက ဆံနွယ်တွေ ပျော့ပျောင်းဖို့တင်မက ဆံသားခြောက်သွေ့မှုကိုလည်း ကာကွယ်ပေးပါတယ်။ ဆံပင်အခြောက်ခံတဲ့အခါ လေမှုတ်စက်မသုံးဘဲ သဘာဝအတိုင်းပဲ အခြောက်ခံပါ။
ဆိုးထားတဲ့အရောင်တွေ ရေရှည်တောက်ပနေဖို့ နေပူထဲထွက်တဲ့အခါ ထီး၊ ဦးထုပ် ဆောင်းပါ။ ဒါ့ပြင် ပင်လယ်မှာ ရေကူးကူး၊ ရေကန်ထဲမှာ ရေကူးကူး အနည်းဆုံး ရေချိုးခန်းသုံး ဦးထုပ်လောက်တော့ ဆောင်းပါ။ ပင်လယ်ရေက ဆံသားတွေပျက်စီးပြီး အရောင်ကျစေသလို၊ ရေကူးကန် ဆိုတာကလည်း ကလိုရင်းတွေ ပါဝင်တဲ့အတွက် ဆံသားမှာ ဆိုးထားတဲ့ အရောင်တွေကို ကျွတ်စေပါတယ်။ ဆံသားတွေကို သံလွင်ဆီ၊ ဒါမှမဟုတ် အုန်းဆီ လိမ်းပြီး သွေးလည်ပတ်မှု ကောင်းအောင် နှိပ်နယ်ပေးဖို့လည်း မမေ့နဲ့ဦးနော်။ အားလုံးပဲ နွေရာသီမှာ ဆံကေသာအတွက် ခေါင်းမစားဘဲ ဖက်ရှင်ကျကျ လှနိုင်ကြပါစေ။
Author: ရွှေနန်းစံ