အသက် ၄၅ မှ ၅၅ နှစ်ကြား အမျိုးသမီးတွေဟာ များသောအားဖြင့် အမျိုးသမီးဟော်မုန်းပမာဏ လျော့နည်းလာတာကြောင့် ရာသီသွေး လစဉ်မလာတော့ဘဲ တစ်လပြီးတစ်လကြာတဲ့အခါ အပြီးတိုင် ရပ်တန့်သွားကြပါတယ်။ ဒီလိုအသက်အရွယ်ကြီးလာလို့ လစဉ်ရာသီမလာတော့တာကို သွေးဆုံးကိုင်တယ်လို့ သတ်မှတ်ကြပါတယ်။
ဒီလိုသွေးဆုံးကိုင်ခြင်းဟာ အထက်ဖော်ပြပါ အသက်အရွယ် ထက်စောပြီး သဘာဝအရ ဖြစ်ပေါ် နိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့သော ခွဲစိတ်မှုတွေ (သားအိမ်ထုတ်၊ သားဥအိမ် ထုတ်ထားရခြင်း) ကင်ဆာဆေး သွင်းရတဲ့သူတွေနဲ့ မျိုးရိုးဗီဇတွေအပေါ်လဲ မူတည်နေပါသေးတယ်။ တစ်ခါတစ်ရံတော့ အကြောင်းအရင်း တိတိပပမရှိဘဲနဲ့လဲ စောပြီးသွေးဆုံးကိုင်နိုင်ကြောင်း တွေ့ရှိရပါတယ်။
သွေးဆုံးကိုင်တယ်ဆိုတာ ရာသီလုံးဝမလာတာ အနည်းဆုံးတစ်နှစ်ရှိမှသာ သတ်မှတ်တာပါ။ ဒီလိုမျိုး သွေးဆုံးမကိုင်ခင် သွေးဆုံးခါနီးနဲ့ သွေးဆုံးကိုင်တဲ့အချိန်မှာ မိမိဘာသာတောင် သတိမထားလိုက်မိဘဲ ခံစားရတာတွေ ရှိနိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေ ခံစားရတာလဲဆိုရင်
- ရာသီသွေးလာတာ နည်းလိုက်၊ များလိုက်၊ လာတဲ့ရက်ကြာရှည်လိုက်၊ ရက်တိုလိုက် ပုံမမှန်တော့တာ၊
- အကြောင်းအရင်း တိတိပပမရှိဘဲ စိတ်ညစ်၊ စိတ်ပူနေတတ်တာ၊
- တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ပူနေတတ်တာ၊
- ညဖက်အိပ်မပျော်တာ၊
- ရင်တုန်ပြီး ကိုယ်တွေ လက်တွေ ကိုက်ခဲနေတတ်တာ၊
- အရေပြားတွေ ခြောက်သွေ့ပြီး ယားတာ၊
- လိင်ပိုင်းဆိုင်ရာ စိတ်ပါမှုစေ့ဆော်နိုင်မှု အားနည်းလာတာ၊
- မိန်းမကိုယ် ယားယံတာ၊ ခြောက်သွေ့တာကြောင့် အမျိုးသားနဲ့ အတူနေရင် နာကျင်မှုခံစားရတာ၊ အတူနေချိန် အဆင်မပြေတော့တာ၊
- ဆီးလမ်းကြောင်း ခဏခဏ ပိုးဝင်တတ်တာ ၊
- စိတ်ဓာတ် အတက်အကျ အရမ်းမြန်တာ၊
- ဘယ်အရာကိုမှ ကောင်းကောင်း အာရုံမစိုက်နိုင်ဘဲ အတွေးတွေ ရှုပ်ထွေးနေတတ်တာ၊
- တစ်ခုခုဆို အရမ်းမေ့လွယ်တာစတဲ့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးပြောင်းလဲမှုတွေကို အတွေ့ရများလာပါတယ်။
ဒီလိုမျိုး ခံစားရတာတွေဟာ လချီ၊ နှစ်ချီ ကြာတတ်ပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက် ကြာပုံချင်းလဲ မတူညီကြပါဘူး။ အရမ်းဆိုးလာရင် အလုပ်အကိုင်နဲ့ ပေါင်းသင်းဆက်ဆံရေး relationship၊ မိသားစုဘဝ တွေအထိပါ ကြီးမားစွာ သက်ရောက်စေပါတယ်။ ဒီလိုမျိုးအဖက်ဖက်က အရေးကြီးတဲ့အတွက် မပေါ့ဆဘဲ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာရန် ဖော်ပြပေးလိုက်ရပါတယ်။
ဆောင်ရန်
ပုံမှန်အိပ်စက်ကာ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးပြီး များများအနားယူပေးပါ။ သွေးဆုံးကိုင်ရင် အရိုးပွ၊ အရိုးကျိုးလွယ်တဲ့အတွက် အရိုးအားဖြည့်သန်မာစေတဲ့ ကယ်လ်စီယမ်ပါဝင်သော နွားနို့၊ ဒိန်ချဉ်၊ ကိုက်လန်ကဲ့သို့သော အစားအစာများ စားသုံးပေးပါ။ လေ့ကျင့်ခန်းကို အချိန်ပေးပြီး ပုံမှန်လုပ်ပါ။ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းများနဲ့ အချိန်ပေးပါ။ စိတ်အပန်းပြေစေတဲ့ အရာတွေဖြစ်တဲ့ တရားထိုင်၊ ယောဂကျင့်တာတွေလဲ ပြုလုပ်လို့ရပါတယ်။
ရှောင်ရန်
ဆေးလိပ်၊ အရက် အလွန်အကျွံ သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
သွေးဆုံးမကိုင်ခင် သွေးဆုံးခါနီးနဲ့ သွေးဆုံးကိုင်တဲ့အချိန်မှာဖြစ်တဲ့ လက္ခဏာတွေဟာ အီစထရိုဂျင် ပရိုဂျက်စထရုန်း ဟော်မုန်းများ လျော့နည်းသွားပြီး မညီမမျှ ဖြစ်မှုတွေကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။
- ) မိမိရဲ့ ရောဂါ အခြေအနေပေါ် မူတည်ပြီး ဟော်မုန်းအစားထိုး ဖြည့်ဆည်းပေးသော ကုသမှု
- ) လိင်ပိုင်းဆိုင်ရာ စေ့ဆော်မှု အားနည်းလာခြင်းအတွက် testosterone gelနဲ့ ကုသမှုခံယူခြင်း၊
- ) မိန်းမကိုယ် ခြောက်သွေ့ပြီး နာကျင်မှုအတွက် မိန်းမကိုယ်ထဲ ထည့်သွင်း၍ရသော oestrogen ပါဝင်တဲ့ ဆေးပြား၊ cream၊ ကွင်း များ အသုံးပြု၍ ကုသခြင်း၊
- ) ညဖက် ချွေးစီးပြန်၍ အိပ်မပျော်ခြင်းများနဲ့ တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ပူနေခြင်းများအတွက် ကုသမှုများ၊
- ) စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေး ပြောင်းလဲမှုတွေ အတွက် စိတ်ဓာတ်ကျခြင်းကို သက်သာစေတဲ့ ဆေးများနဲ့ သေချာစွာနှစ်သိမ့်ဆွေးနွေးမှု ခံယူခြင်းများ ပြုလုပ်နိုင်ပါတယ်။
အမျိုးသမီးမှန်သမျှ အနည်းနဲ့အများ သွေးဆုံးကိုင်ဝေဒနာ ခံစားရမှာဖြစ်လို့ ရှောင်လွှဲ၍ မရပါ။ ဒါ့ကြောင့် မိမိစိတ်ကို သေချာပြင်ဆင်ပြီးတော့ ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာကာ သွေးဆုံးကိုင် ဝေဒနာဆိုးရွားစွာ ခံစားလာရပါက ဆေးမြီးတိုများနောက်မလိုက်ဘဲ ကျွမ်းကျင်သူဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုအမြန်ခံယူသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
Author: Dr.Yee Mon