အသွင်ကူးပြောင်းချိန်ကာလကို ဘယ်လိုဖြတ်သန်းကြမလဲ
အမျိုးသမီးတွေရဲ့ ဘဝမှာ အသွင်ကူးပြောင်းတဲ့အချိန်ဟာ မီးယပ်သွေးဆုံးချိန် ဖြစ်တယ်။ အမျိုးသမီးတိုင်း တွေ့ကြုံရပြီး အမျိုးသမီးဖြစ်ခြင်းရဲ့ ပြီးပြည့်စုံတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်။ အသက်အရွယ်တစ်ခု ရောက်လာရင် ရာသီလာခြင်းဟာ မမှန်တော့ဘဲ နောက်ဆုံးမှာ ရပ်သွားတယ်။ သဘောက ဒီအချိန်ရောက်ရင် အမျိုးသမီးတွေ ကိုယ်ဝန်မဆောင်နိုင်တော့ပေ။
သဘာဝအလွန်ကျတဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကို ဘာကြောင့် ကြောက်မက်ဖွယ်ကောင်းတယ်လို့ ထင်နေကြသလဲ။ မျက်နှာသွေးရောင်ဖြန်းခြင်း၊ စိတ်နေစိတ်ထားပြောင်းခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းတို့ကို စဉ်းစားနေတာနဲ့ ချွေးတွေ တစ်ကိုယ်လုံး ပြန်နေပြီလား။ သင်တစ်ယောက်တည်း မဟုတ်ပါ။ ဒါပေမယ့် ဒီလိုမဖြစ်သင့်ဘူးလို့ မီးယပ်သွေးဆုံးမှု ကိစ္စတွင် ကျွမ်းကျင်သူ အီလိန်းဒန်ပါ့ဒ်က ဆိုတယ်။ မီးယပ်သွေးဆုံးခြင်းဟာ အလွန်ဆိုးဝါးလိမ့်မယ်လို့ အမျိုးသမီးတွေက စိုးရိမ်ကြတယ်။ ဒီစိုးရိမ်မှုကို ရှင်းထုတ်ပစ်ရမယ်လို့ ၎င်းကဆိုတယ်။
ပြောင်းလဲမှုကို လက်ခံယုံကြည်ပါ
မကြာမီက လေ့လာရေးတစ်ခုအရ အမျိုးသမီးရာခိုင်နှုန်း ၅၀ ဟာ သူတို့ဘဝရဲ့ ဒီအချိန်ကို အရှိန်ယူနေစဉ် ခိုကိုးရာမဲ့ဖြစ်တယ်လို့ စိတ်ရှုပ်ထွေးနေတယ်လို့ ခံစားရကြောင်း ပြောတယ်။ ရာခိုင်နှုန်း ၄၀ က သူတို့ရဲ့ စိုးရိမ်မှုနဲ့ပတ်သက်ပြီး သူတို့ရဲ့ မိသားစုဆရာဝန်ကို အနှောင့်အယှက်ပေးဖို့ ဝန်လေးနေတယ်လို့ ဆိုတယ်။ ခန္ဓာကိုယ် ဖြတ်သန်းရတဲ့ ပြောင်းလဲမှုတွေကို လက်ခံယုံကြည်ခြင်းက ကြီးကျယ်တဲ့ အရာတွေဆီကို ဦးတည်နိုင်တယ်လို့ အီလိန်းက ယုံကြည်တယ်။
ညကျရင် စိတ်မသက်မသာဖြစ်တဲ့ ချွေးပြန်တော့မှာပဲလို့ စဉ်းစားနေမယ့်အစား ရာသီလာမှုရဲ့ ကသီလင်တ မရှိတော့ဘဲ လစဉ်စိတ်ရှုပ်ထွေးမှု မရှိတော့မှာကို တွေးရင်း စိတ်တည်ငြိမ်မှု ခံစားရနိုင်မှာ ဖြစ်တယ်။
သွေးဆုံးချိန်မှာ အချို့အမျိုးသမီးတွေက တကယ့် လွတ်လပ်မှုရသွားပြီလို့ ပြောကြတယ်။ ချုပ်ချယ်မှုတွေ ကင်းသွားပြီလို့လည်း ခံစားရပြီး ကိုယ့်ကိုကိုယ်အာရုံစိုက်နိုင်ကာ ကိုယ့်ဘဝကို ဘယ်လို ဦးတည်ရမယ်ဆိုတာ ချင့်တွက်နိုင်ပြီလို့ တချို့က ဆိုတယ်။ “ကျွန်မ ခရီးတွေကို လွတ်လွတ်လပ်လပ် သွားနိုင်ပြီ၊ အရင်က မလုပ်ရဲတဲ့ ကိစ္စတွေကို သတ္တိရှိရှိ လုပ်နိုင်ပြီ” လို့ အမျိုးသမီးတစ်ဦးက ပြောတယ်။ တချို့အမျိုးသမီးတွေက သူတို့ရဲ့ လိင်ဆိုင်ရာ လိုအင်ဆန္ဒတွေ ခေါင်ခိုက်ရုံမက ထိုးတက်သွားပြီဟု ဆိုတယ်။
ဟော်မုန်းအစားထိုးခြင်း
စိတ်နေစိတ်ထား ပြောင်းလဲခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ ညအခါ ချွေးပြန်ခြင်းစတဲ့ လွန်ကဲတဲ့ မနှစ်မြို့စရာ လက္ခဏာတွေ ခံစားရတဲ့ လူနည်းစုထဲက သင်ဟာ တစ်ယောက်ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဟော်မုန်းအစားထိုးခြင်းဖြင့် ကုသနည်း (အိတ်ချ်အာတီ) ကို ပထမ ခွင့်ပြုချက်ရစဉ်က ၎င်းကို အံ့ဖွယ်ကောင်းတဲ့ ကုသနည်းဆိုပြီး ကြိုဆိုကြတယ်။ ဒါပေမယ့် လေ့လာရေးတွေက ရေရှည်အသုံးပြုမှုကို ရင်သားကင်ဆာ ဖြစ်နိုင်ခြေဖြစ်ပွားမှုနဲ့ ဆက်စပ်ခဲ့တယ်။ ကျန်းမာရေးဆိုင်ရာ နိုးကြားမှုအတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပေ။
အိတ်ချ်အာတီက သွေးဆုံးချိန်မှာ ပျောက်ဆုံးသွားတဲ့ ဟော်မုန်းကို အစားထိုးရန် ဒါမှမဟုတ် မြှင့်တင်ပေးရန် လူလုပ်ဟော်မုန်းကို အသုံးပြုခဲ့တယ်။ နောက်တစ်နည်းဖြစ်တဲ့ အပင်မှစပြီး ဇီဝဆင်တူ ပုံစံရှိတဲ့ ဟော်မုန်းကို အသုံးပြုရာ အောင်မြင်တာကို တွေ့ရတယ်။ ၎င်းဟာ ဓာတ်ပေါင်းဖြစ်ပြီး ခန္ဓာကိုယ်ထဲရှိ ဟော်မုန်းနဲ့ ဓာတုနှင့် မော်လီကျူးဆိုင်ရာ တည်ဆောက်မှုတွင် အတူဖြစ်ကြောင်း သိရတယ်။
မီးယပ်သွေးဆုံးမှုကို ကောင်းစွာ ကျော်လွှားနိုင်အောင် စားပုံစားနည်း
သင်စားတဲ့ အစားအစာဟာ သွေးဆုံးအတွေ့အကြုံကို ပြောင်းလဲပစ်နိုင်တယ်။
ဂျပန်လူမျိုးတွေစားသလို စားပါ
ဂျပန် အမျိုးသမီးတွေဟာ အောက်ဖော်ပြပါ စိတ်မသက်မသာဖြစ်တဲ့ လက္ခဏာတွေကို မခံစားရလို့ မီးယပ်သွေးဆုံးတာကို မသိလိုက်ကြဘူးလို့ ပြောကြတယ်။ အနောက်တိုင်းသားတွေက အသားနဲ့ အဆီကို ပိုစားပြီး အမျှင်ပါတဲ့ အစားအစာကို နည်းနည်းစားကြတယ်။ ဒါတွေက အက်စတြိုဂျင်အဆင့်ကို မြှင့်ပေးတယ်။ သွေးဆုံးချိန်ရောက်တဲ့အခါမှာ ဟော်မုန်းအဆင့် လျော့ကျမှုက ပိုပြင်းထန်တယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးအခြေခံတဲ့ အစားအစာကို ပြောင်းပြီး စားကြပါစို့။
• ပဲပုပ်ပဲအပင်မှ ပြုလုပ်ထားတဲ့ အစားအစာနဲ့ ဖျော်ရည်ကို နှစ်ကြိမ်စားခြင်းက မျက်နှာနီရဲခြင်းကဲ့သို့သော လက္ခဏာတွေကို လျော့စေတယ်လို့ လေ့လာရေးများက ဆိုတယ်။ ပဲပုပ်ပဲမှာ အက်စတြိုဂျင်နဲ့အပင်ဟော်မုန်းကိုဖြစ်တဲ့ isoflavours များ ပါဝင်တယ်။
• သက်ရှိတို့ ရှင်သန်မှုအတွက် စဉ်းငယ်မျှ မရှိမဖြစ်လိုအပ်တဲ့ ဘိုရွန် ရရှိရန် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် များများစားပါ။ ထိုဘိုရွန်ဟာ အရိုးကိုကြံ့ခိုင်စေတဲ့ ကယ်ဆီယမ်နဲ့ အက်စတြိုဂျင် နှစ်ခုစလုံးကို ဆုပ်ကိုင်ရန် ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်မှု တိုးပွားစေနိုင်တယ်။
• ရှောင်ရန်
လန်းဆန်းတက်ကြွစေတဲ့ ကော်ဖီ၊ အရက်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပါတဲ့ အစားအစာတို့ကို အထူးသဖြင့် ညအခါ ရှောင်ပါ။ ကဖိန်းက သင့်ရဲ့ကိုယ်ခံအားကို အားနည်းစေပြီး စိုးရိမ်ပူပန်စေကာ အထိတ်အလန့် ဖြစ်စေတယ်။ ဟင်းခတ်အမွှေးအကြိုင်ပါအစားအစာက မျက်နှာနီရဲခြင်းကို ဖြစ်စေတယ်။
Author: နှင်းအေးဝေ, Healthcare Journal vol 7, no 39