ပိုးသတ်ဆေးတစ်ခုကို အန္တရာယ်ကင်းရှင်းစွာနှင့် ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ပိုးသတ်ဆေးထည့်ထားသည့် ဘူး (သို့မဟုတ်) ပုလင်းပေါ်ရှိ အညွှန်းစာသည် လွန်စွာ အရေးကြီးပါသည်။ အလွယ်တကူ ဖတ်ရနိုင်သည့် အညွှန်းစာတမ်းမရှိပါက ပိုးသတ်ဆေးတစ်ခုသည် သိုလှောင်ချိန်၌ ဖြစ်စေ၊ သုံးစွဲချိန်၌ဖြစ်စေ ဆိုးရွားသော ဘေးအန္တရာယ် ဖြစ်နိုင်ချေတို့ကို ပေါ်ပေါက်စေနိုင်ပါသည်။ ပိုးသတ်ဆေးများသည် ခံတွင်းမှ ဝင်ရောက်ခြင်း၊ အရေပြားမှ ဝင်ရောက်ခြင်းဖြစ်ပြီး ကျန်းမာရေးကို လွန်စွာ ဒုက္ခပေးပါသည်။ ပိုးသတ်ဆေးကို မျိုချမိခြင်း၊ အရေပြားနှင့် ထိတွေ့ခြင်းတို့ မဖြစ်ပွားစေရန် ဂရုစိုက်ရပါမည်။
ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များ
ပိုးသတ်ဆေးများကို မျိုချမိခြင်းကြောင့် ခံတွင်းကို ချက်ခြင်း အဆိပ်သင့်မှုကို ဖြစ်စေပါသည်။ အရေပြားနှင့် ထိတွေ့ခြင်းကြောင့် အရေပြားကို လောင်စေခြင်း၊ ယားယံစေခြင်းများ ဖြစ်တတ်ပါသည်။ ပိုးသတ်ဆေးကြောင့် မျက်စိထိခိုက်ခြင်းနှင့် မျက်စိယားယံခြင်းများလည်း ဖြစ်စေပါသည်။ ပိုးသတ်ဆေးများကို ရှူရှိုက်မိခြင်းကြောင့် အသက်ရှူလမ်းကြောင်းကို ဓာတ်မတည့်မှု ဖြစ်စေပါသည်။ ပန်းနာရင်ကြပ်လက္ခဏာ (သို့မဟုတ်) အသက်ရှုမှု ခက်ခဲခြင်း ဖြစ်စေနိုင်ပါသည်။ ပိုးသတ်ဆေးများသည် မျိုးရိုးဗီဇပြောင်းလဲခြင်း၊ ကင်ဆာရောဂါဖြစ်စေခြင်းနှင့် မျိုးပွားမှုကို အဆိပ်သင့်ခြင်းများလည်း ဖြစ်တတ်ပါသည်။ မျိုးအောင်ခြင်း (သို့မဟုတ်) မမွေးဖွားသေးသော ကလေးကို ပျက်စီးစေနိုင်ပါသည်။ မိခင်နို့ရည်တိုက်ခြင်းအပေါ် အကျိုးသက်ရောက်မှုများဖြစ်ကာ နို့စိုကလေးငယ်ကို အန္တရာယ်ရှိစေနိုင်ပါသည်။
လူသားများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် (သို့မဟုတ်) အစွမ်း (သို့မဟုတ်) မျိုးပွားမှုစွမ်းရည်အပေါ် မကောင်းသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပါသည်။ ကိုယ်ခန္ဓာအင်္ဂါ အစိတ်အပိုင်းများကို ပျက်စီးစေပါသည်။ အကြိမ်ကြိမ် သို့မဟုတ် ကြာရှည်ထိတွေ့မှုကြောင့် ဖြစ်ပါသည်။
ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ
ပိုးသတ်ဆေးများသည် ရေသတ္တဝါများကို ချက်ခြင်း (သို့မဟုတ်) တဖြည်းဖြည်း အဆိပ်သင့်မှုများ ဖြစ်စေပါသည်။ ပိုးသတ်ဆေးနှင့် တာရှည်စွာ ထိတွေ့ခြင်းကြောင့် ရေသတ္တဝါကို အလွန်ပြင်းထန်စွာ အဆိပ်သင့်စေနိုင်ပါသည်။ ငါးကို အန္တရာယ်ရှိပါသည်။ အသုံးပြုပြီးသော ဘူးခွံ (သို့မဟုတ်) အထုတ်ခွံ (သို့မဟုတ်) ဓာတုပစ္စည်း စွန့်ပစ်မှုကြောင့် စမ်းချောင်းများ၊ ရေကန်များ၊ မြစ်များ၊ ရေအိုင်များကို ညစ်ညမ်းစေပါသည်။
အိုဇုန်းလွှာကို ဘေးအန္တရာယ်ဖြစ်စေခြင်း
ပိုးသတ်ဆေးများသည် လေထုအပေါ်လွှာရှိ အိုဇုန်းကို ပျက်စီးစေခြင်းကြောင့် ပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။
အဆိပ်သင့်မှု လက္ခဏာများ
အဆိပ်သင့်မှု လက္ခဏာများမှာ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ စိတ်လှုပ်ရှားခြင်း၊ မျက်စိသားငယ်အိမ်ကျဉ်းခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ချွေးထွက်ခြင်း၊ အစာအိမ်နာကျင်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်းနှင့် တက်ခြင်းတို့ဖြစ်ပါသည်။
ရှေးဦးသူနာပြုစုခြင်း
ပိုးသတ်ဆေးများကို မျိုမိခြင်း၊ ရှူရှိုက်မိခြင်းနှင့် အရေပြား (သို့မဟုတ်) မျက်စိကို ထိတွေ့မိခြင်းမှ ဆေးအန္တရာယ် ဖြစ်ပေါ်ပါက အညွှန်းစာပေါ်တွင် အရေးပေါ် ရှေးဦးသူနာပြုစုနည်းများကို ဖော်ပြပေးရပါမည်။ ၎င်းတွင် ဆေးကုသရန်အတွက် ကုသနည်းအမျိုးအစားကို ဖော်ပြပေးရပါမည်။
ဆေးကုသခြင်း
ပိုးသတ်ဆေးကို မျိုမိခြင်း၊ ရှူရှိုက်မိခြင်းနှင့်အရေပြား (သို့မဟုတ်) မျက်စိကို ထိတွေ့မိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး ပြသကုသရပါမည်။
အန္တရာယ်ကင်းစွာ အသုံးပြုရန် လိုက်နာရမည့်အချက်များ
ပိုးသတ်ဆေး၏ ဘေးအန္တရာယ် အလားအလာကို သုံးစွဲသူများအား သတိပေးရန်အတွက် အညွှန်းစာပေါ်တွင် အန္တရာယ်ကင်းရှင်းရေး ဖော်ပြချက်များကို သင့်တော်သလို ဖော်ပြသင့်ပါသည်။
သုံးစွဲသူနှင့် အခြားသက်ရှိများကို ဘေးအန္တရာယ်မှ ကာကွယ်ရန်အတွက် သင့်တော်သော အကာအကွယ်ဝတ်စုံများကို ဝတ်ရပါမည်။ ရော်ဘာလက်အိတ်၊ ရှေ့ဖုံးခါးစည်းအပေခံ အပေါ်ရုံုဝတ်စုံ၊ ရော်ဘာဖိနပ်၊ မျက်ကာမှန်၊ မျက်နှာဖုံး၊ ခေါင်းအကာ (သို့မဟုတ်) ခေါင်းစွပ်မျက်နှာဖုံး၊ အမှုန်အမွှားကာ နှာခေါင်းစည်းနှင့် အသက်ရှူကိရိယာကို ဝတ်ဆင်ရပါမည်။
ပြင်းအားများသော ပိုးသတ်ဆေးကို ကိုင်တွယ်ရာတွင် အဝတ်အစားများ စွန်းပေနေပါက အဝတ်များကို ချက်ခြင်း ချွတ်ရပါမည်။
ပိုးသတ်ဆေးများကို အသုံးမပြုမီ မျက်နှာဖုံးနှင့် လက်အိတ်ဝတ်ဆင်ရပါမည်။ မျိုးစေ့ (သို့မဟုတ်) ရေနှင့် ရောစပ်နေစဉ် မွှေရန်အတွက် တုတ်ချောင်းများကို သုံးရပါမည်။ ဆေးဖျန်းရာတွင် လေညာမှ ဖျန်းပေးရပါမည်။
ပိုးသတ်ဆေးများကို အသုံးပြုပြီးနောက် အစာစားခြင်း၊ ရေသောက်ခြင်း (သို့မဟုတ်) ဆေးလိပ်သောက်ခြင်း မပြုမီ လက်နှင့် ထိတွေ့မိသော အရေပြားကို ဆပ်ပြာနှင့် ဆေးကြောရပါမည်။
ပိုးသတ်ဆေးများ ပေကျံမိသော ကိုယ်ခန္ဓာအစိတ်အပိုင်းကို ရေများများနှင့် ဆေးကြောရပါမည်။ ရေချိုးရပါမည်။
ပိုးသတ်ဆေးများ အသုံးပြုပြီးနောက် အပေခံ အပေါ်ရုံဝတ်များ၊ ဖိနပ်များ၊ ဦးထုပ်နှင့် အခြားအကာအကွယ် အဝတ်များကို သေချာစွာ ဆေးကြောရပါမည်။
ဆေးဖျန်းပြီး ၂၄ နာရီအတွင်း ဆေးဖျန်းထားသော ဧရိယာအတွင်းသို့ တိရစ္ဆာန် (သို့မဟုတ်) မည်သူကိုမျှ မဝင်စေရပါ။
အသုံးပြုပြီးသော ထုပ်ပိုးခွံ၊ ပုလင်းခွံများကို ရေနှင့် သုံးကြိမ်မျှ ဆေးကြောရပါမည်။ ဆေးကြောပြီးသော အရည်များကို ရောစပ်ရန်အတွက် ပြန်လည်အသုံးပြုရပါမည်။
အကြံပြုချက်
ပိုးသတ်ဆေးနှင့် ပတ်သက်သော လုပ်ငန်းကို လုပ်ကိုင်သူများသည် ပိုးသတ်ဆေးဥပဒေများကို သိရှိပြိး အပြည့်အဝ လိုက်နာရပါမည်။ ပိုးသတ်ဆေးအတွက် သုံးစွဲလျှင် အညွှန်းစာတွင် ပိုးသတ်ဆေးအမျိုးအမည်၊ ကာကွယ်နှိမ်နင်းနိုင်သော ပိုးများ၊ အဆိပ်သင့်နိုင်မှု အဆင့်အတန်း အသုံးပြုရမည့် ဆေးနှုန်းထားတို့အပြင် အဆိပ်သင့်နိုင်မှု အန္တရာယ်မှ ကင်းရှင်းရန် နည်းလမ်းများကို ဖော်ပြရပါမည်။ သင့်တော်သော အကာအကွယ်ဝတ်စုံများကို အပြည့်အဝ ဝတ်သင့်ကြောင်း အကြံပြုအပ်ပါသည်။
Author: Dr. မြင့်သန်းထွန်း, HC(28.4.17) vol 8,no 15