အမျိုးသမီးတွေ တစ်ကိုယ်ရည်သန့်ရှင်းရေးကို လိုတာထက်မပိုသင့်ပါ။ အဆန်းတွေ မသုံးသင့်ပါ။ ဗဂျိုင်းနားမှာ အကျိုးရှိစေတဲ့ ပိုးတွေရှိနေတာ ကောင်းပါတယ်။ သန့်ရှင်းအောင်ဆိုပြီး ဆေးတွေနဲ့လုပ်ရင် ပိုးအကောင်းတွေပါ သေစေပြီး (ဖန်းဂတ်စ်) မှိုပိုးဝင်လာစေတတ်တယ်။ ရိုးရိုးဆပ်ပြာနဲ့ရေဆိုရင် လုံလောက် ပါတယ်။ မွှေးတိုင်းမကောင်းပါ။ ဈေးကြီးတိုင်းမကောင်းပါ။တချို့အမွှေးအကြိုင်ဆပ်ပြာတွေကဓါတ်မတည့်ဘူး။ ဆပ်ပြာက အယ်လ်ကာလီ ဓါတ်ပါတာမျိုးမသင့်ပါ။ တချို့က Fabric softeners တွေနဲ့မတည့်ဘူး။ ဖုံးကွယ် ထားအပ်တဲ့ အတွင်းနေရာတွေ ပူနွေးစိုထိုင်းနေတာ ကြာရင်မကောင်းပါ။
မိုးရာသီမှာ အထူးဆင်ခြင်ပါ။ ရေစိုနေရင်သတိထားပါ။ ခြောက်သွေ့နေပါစေ။
လေသလပ်တာဖြစ်နိုင်သလောက်လုပ်ပေးပါ။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာ ဝတ်ဆင်ပါ။
ရာသီလာစဉ်သုံးတဲ့ပစ္စည်းသန့်ပါစေ။
အသုံးအဆောင် ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့မတည့်၊ မသင့်လို့ဖြစ်နိုင်တယ်။ ကိုယ်ဝန်မရအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။ Vinegar douches ဆိုတဲ့ ဗဂျိုင်းနားသန့်အောင် ဗနီဂါနဲ့ ဆေးကြောနည်းမသင့်ပါ။ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလိုသန့်အောင်ကြိုးစားနိုင်တယ်။အဖြူဆင်းရင် ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဖို့အခြေအနေကောင်း တစ်ခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတစ်ပြိုင်တည်းကုရမယ်။ အဖြူဆင်းပြီး ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ မှို (ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့ မဆိုင်ပဲလည်းဖြစ်တတ်တယ်။ (ထရွိုင်ကိုမိုးနပ်စ်)အမျိူးအစားကတော့လိင်ကတဆင့်ကူစက်တယ်။ခပ်စိုထိုင်းထိုင်းနဲ့ပူနွေးနွေးအခြေအနေကို ဖန်းဂတ်စ်မှိုပိုးတွေကကြိုက်တယ်။ မွေးလမ်းကြောင်းယောင်တာသန့်ရှင်းရေးနည်းလို့လည်းဖြစ်တတ်တယ်။ ပိုးကအဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အဝတ်စိုကို အတူသုံးမိရင် ကူနိုင်တယ်။
ဖိုဆိုရင် ယင်ဖိုတောင်မသန်းဖူးတဲ့အမျိုးသမီးများမှာတောင်မှဗက်တီးရီးယားအရေအတွက်အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ ဗဂျိုင်းနား သန့်ချင်လို့ ပိုးသတ်ဆေးပါတဲ့ဆေးရည်ကို ဆရာဝန်မညွှန်ပဲမသုံးပါနှင့်။ (အင်တီဟစ်တမင်း) လိမ်းဆေး၊ ထုံဆေး လိမ်းရင် နာတာ၊ ယားတာသက်သာစေမယ်။ အတူနေတာအထူးသတိထားပါ။ပဋ္ဋိဇီဝဆေးကိုလိုမှသာသုံးပါ။ မွေးလမ်းကြောင်းယားတာအပျိုတွေလည်းဖြစ်ကြတယ်။ အဖြစ်မနည်းပါ။ တချို့မှာ တခါတလေသာဖြစ်ပြီး တချို့တာရှည် ဖြစ်တယ်။ တာရှည်နဲ့ ခဏခဏဖြစ်ဖန်များရင် နောင်မှာကင်ဆာအထိမဖြစ်ဘူးလို့မပြောနိုင်ပါ။မစိုးရိမ်ပါနဲ့၊ရှားလွန်းပါတယ်။ အောက်ခံရောဂါတစ်ခုခုရှိလို့ဖြစ်တာများတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေ လည်း ဖြစ်စေနိုင်တယ်။ အစိုဓါတ်ဆိုတာဆီးစိုနေတာ၊ဝမ်းသွားတာနည်းနည်းပေကျန်တာ၊ ချွေးထွက်များတာ၊အစားအသောက်တွေထဲမှာကိုယ်နဲ့အဆင်မပြေတာ ဥပမာ – ကဖင်း၊ ခရမ်းချဉ်သီးနဲ့ မြေပဲပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။ Moisturisers (Emollients) လိမ်းဆေးတွေအနေနဲ့လာတယ်။ ယားလို့ကုတ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံးမကုတ်မိအောင်ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတို ဖြတ်ပါ။ ဗဂျိုင်းနား အနံ့ဆိုးနေတာ အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှုရှိလာတတ်တယ်။ လူတောသူတောသွားရာမှာ အခက်အခဲရှိလာနိုင်တယ်။ တကိုယ်ရည်သန့်ရှင်းမှုနည်းလို့လားဆိုပြီး သန့်ရှင်းရေးကိုပိုလုပ်ပါလိမ့်မယ်။သန့်ရှင်းရေးလုပ်ရာမှာသတိထားစရာတွေရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်း အတွက်မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာမကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုဆိုးတာတွေ အမြဲရှိနေတယ်။ ရှိသင့်တာတွေကို ရှင်းလိုက်ရင် မျှချေပျက်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ဆေးလို့ မှို (ဖန်းဂတ်စ်) ပိုးဝင်လာနိုင်တယ်။ (ဗဂျိုင်းနားဖလိုရာ) ဆိုတာ သူ့ဘာသူရှိနေသင့်တဲ့ ပိုးတွေကို ခေါ်တယ်။ မိုက်ခရိုဖီးလစ်ဗက်တီးရီးယားတွေ အများကြီးရှိတယ်။ (လက်တိုဗက်ဆီးလိုင်) ဆိုတာတွေက အဓိကကျတယ်။ အကာအကွယ်ပေးနေတဲ့ပိုးမျိုးဖြစ်တယ်။ အက်ဆစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီးဆေးကြောရင် ဒီအက်ဆစ်ဓါတ်အခြေအနေပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ ပိုးတွေလို့ခေါ်တယ်။
ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေအလွန်အကျွံဆေးကြောခြင်း၊ ဆေးဖြန်းပြီးဆေးကြောခြင်း၊အဝတ်အစားတင်းကြပ်နေအောင်ဝတ်ဆင်ခြင်းဓာတုဆေးတွေ ဥပမာ -အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေ သုံးရာကနေ ဗဂျိုင်းနားယောင်တာနဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။ ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်း ထည့်ထားတာ၊ အသွင်းအထုတ်လုပ်တာ၊ အတူနေတာမှာ စအိုနည်းလမ်းကို ဗဂျိုင်းနား နည်းလမ်းနဲ့တွဲပြီး ဆက်ဆံတာ၊ အိမ်ထောင်သည်တွေအတူနေပြီးတဲ့နောက် ဆီးသွားတဲ့အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနား ထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကိုရောက်လာမှာကိုတားရာရောက်တယ်။ဒါကြောင့်မင်္ဂလာဆောင်ကာစသတို့သမီးတော်တော်များများမှာ ဟန်းနီးမွန်းဆီးအောင့်တာဖြစ်ကြရတယ်။
မိန်းကလေးတိုင်း ကိုယ်နံ့မတူတတ်တာထဲမှာ ဒီနေရာက အနံ့လည်းပါတယ်။သဘာဝပါ။ရာသီဆင်းချိန်မှာလဲအနံ့မတူတာတွေဖြစ်လာနိုင်တယ်။ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တစ်မျိုးဖြစ်နိုင်ပါတယ်။ မေ့လျော့ပြီး ရာသီလာတုန်းသုံးတဲ့ Tampon မထုတ်ဘဲ ထားမိရင်လဲဖြစ်တတ်တယ်။စည်ပိုင်းထဲစိမ်ချိုးတာထက် ရေကိုအပေါ်ကနေ လောင်းချနည်းက ကောင်းတယ်။ ရေမခြောက် သေးခင် အတွင်းခံမဝတ်ပါနှင့်။ မှိုပိုးတွေက စိုထိုင်းတာကြိုက်ကြတယ်။ ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။တချို့ခေါင်းလျှော်ရည်ကကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့သင့်၊ မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲနေလို့ရရင် မသုံးပါနဲ့။ (ရောဂတ်) ဒိန်ချဉ် စားပေးသင့်တယ်။ (ကွန်ဒုံ) မှာ သုတ်ပိုးသတ်ဆေးလဲ တွဲထားတယ်ဆိုရင် ကိုယ်နဲ့သင့်၊ မသင့်ကြည့်ပါ။ဆီးစပ်မွှေးမရိတ်ပါနှင့်။စိတ်ဖိအားများနေရင် လျော့ချပါ။ ကိုယ်အလေးချိန်များ နေရင် လျော့ချပါ။ အတွင်းအင်္ဂါနေရာ သန့်ရှင်းရေးလုပ်ရင် (ထိုင်နေတဲ့အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တစ်လမ်းသွားလှုပ်ရှားပါ။ (ကော်တွန်) ၁၀၀% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေမဝတ်ပါနဲ့။ အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တစ်နေ့တစ်ခါမကလဲပါ။ နေလို့ရတဲ့ နေရာ – အချိန်တွေမှာအတွင်းခံမဝတ်ဘဲနေပါ။ လေသလပ်ခံပါ။ ရေနဲ့နေ့တိုင်းမိန်းမကိုယ်ကိုအသာအယာဆေးကြောပါ။
ဒေါက်တာတင့်ဆွေ
Health Care Journal (Vol-7, No-23)