သည်းခြေထုတ်ပစ်ရခြင်းဟာ သည်းခြေကျောက်တည်ခြင်းကြောင့် အခြားနည်းလမ်းများနဲ့ကုသမရတော့တဲ့အခါ သည်းခြေရောင်ရမ်းပြီး နာကျင်မူသက်သာစေရန် ဖြစ်ပါတယ်။ သည်းခြေအိတ်မရှိရင် ရူးနိုင်လား ဆိုတဲ့အယူအဆအမှားကို မေးခွန်းအဖြစ် OnDoctor မှာမေးကြပါတယ်။ သည်းခြေအိတ်ထုတ်ခြင်းဟာ အများအားဖြင့် အချို့သောအန္တရာယ်များ၊ဆိုးကျိုးများရှိနိုင်သော်လည်း အောင်မြင်မူရာခိုင်နူန်းများသောခွဲစိတ်မူဖြစ်ပါတယ်။
(၁) ဘာကြောင့်သည်းခြေထုတ်ရသလဲ?
သည်းခြေအိတ်ဟာ ညာဘက်ခြမ်းအသည်းအောက်တွင်ရှိပြီးသစ်တော်သီးပုံကဲ့သို့ သည်းခြေရည်ထုတ်သော အင်္ဂါတစ်ခုဖြစ်ပါတယ်။ သည်းခြေရည်ဟာ အဆီများခြေဖျက်ရန်ကူညီမူပေးသောအရည်လည်းဖြစ်ပါတယ်။
- သည်းခြေကျောက်တည်ခြင်း
- ရေတိုနှင့်နာတာရှည်သည်းခြေရောင်ရမ်းခြင်း
- သည်းခြေပြွန်ကျောက်တည်ခြင်း စတာတွေကို ဆေးဝါးနဲ့ကုသဖို့မပျောက်တဲ့အခါ သည်းခြေအိတ်ထုတ်ရန်လိုအပ်လာနိုင်ပါတယ်။ သည်းခြေအိတ်မရှိလည်း ကျန်းမာသောနေထိုင်မူကို ပြန်လည်ရရှိနိုင်ပါတယ်။
သည်းခြေအိတ်ထုတ်ခြင်းခွဲစိတ်မူ
- မှန်ပြောင်းဖြင့် သည်းခြေအိတ်ထုတ်ခြင်း
- ဗိုက်ဖွင့်ခွဲစိတ်ထုတ်ခြင်း စသဖြင့်နည်းလမ်းများရှိပါတယ်။
(၂ ) ပြန်လည်ကောင်းမွန်မူ
သည်းခြေအိတ်ထုတ်ပစ်ပြီးနောက် နာလန်ထစကောင်းမွန်မူဟာ ခွဲစိတ်မှုအခြေအနေအပေါ်မှာများစွာမူတည်ပါတယ်။ ခွဲစိတ်ဒဏ်ရာအနာကို ပိုးမဝင်အောင်ဂရုစိုက်နေထိုင်သင့်ပါတယ်။ မှန်ပြောင်းဖြင့်သည်းခြေအိတ်ထုတ်ခြင်းဟာ ဆေးရုံတက်နေထိုင်မှုရက် နည်းပါတယ်။ ပြင်းထန်သောလူပ်ရှားမူကို ၂ပတ်ခန့်ရှောင်ပြီးနောက် မူလအနေအထားသို့အလျင်အမြန်ပြန်လည်ရောက်ရှိနိုင်ပါတယ်။ ဗိုက်ဖွင့်ခွဲစိတ်မူဟာ ဆေးရုံတက်ရက်ကြာနိုင်သလို မူလနေထိုင်မူပုံစံပြန်လည်ရရှိရန် (၆)ပတ်မှ (၈)ပတ်အထိ အချိန်ယူရပါတယ်။
(၃) တွေ့ကြုံရနိုင်သောဆိုးကျိုးများ
ခွဲစိတ်မူဟာ အမှားကင်းပြီး အောင်မြင်ရန်ရာခိုင်နူန်းများသော်လည်း အချို့ဖြစ်နိုင်သောဆိုးကျိုးများမှာ
- မေ့ဆေးအန္တရာယ်များ
- ပိုးဝင်ခြင်း
- သွေးထွက်ခြင်း
- ရောင်ရမ်းခြင်း
- သည်းခြေလျံခြင်း
- သည်းခြေပြွန်ထိခိုက်ခြင်း
- အသည်း၊အူနှင့် သွေးကြောထိခိုက်ခြင်း
- ခြေထောက်သွေးခဲခြင်းစတဲ့အချက်တွေအပြင် သည်းခြေထုတ်ခြင်းနောက်ဆက်တွဲရောဂါပါ ရနိုင်ချေရှိပါတယ်။
သည်းခြေအိတ်ထုတ်ပြီးသော်လည်း နာခြင်း၊အော့အန်ခြင်း၊လေမလည်ခြင်း၊ဝမ်းလျောခြင်းနှင့်အသားဝါခြင်း စတာတွေဖြစ်လာပါက ဆရာဝန်နှင့်အမြန်ပြန်ပြသင့်ပါတယ်။
(၄) သည်းခြေထုတ်ပြီး မည်သို့ စားသောက်သင့်သလဲ?
သည်းခြေထုတ်ပြီး ပထမရက်တွေမှာ အရည်နဲ့အစာပျော့ပျော့သာစားသုံးပါ။ အပူအစပ်၊ အဆီအစိမ့်အစာများမှလွဲပြီး အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများစားပါ။ သည်းခြေအိတ်ထုတ်ခြင်းဟာ သေချာဂရုမစိုက်နိုင်ရင် ပိုးကူးစက်ခြင်းနှင့် အခြားဆိုးကျိုးများရှိနိုင်ပေမယ့် သည်းခြေပျက်ပြီး ရူးနိုင်သည်မှာ မှန်ကန်သောအယူအဆလုံးဝမဟုတ်ပါ။