ထိပ်စ၊ အလယ်အဆုံး လိင်တံအနာကျင်ဆုံး
ထိပ်စ၊ အလယ်အဆုံး လိင်တံတခုလုံး နာကျင်မှုဝေဒနာသည် အမျိုးသားများအတွက် လူသိမှာလည်းကြောက် ခံစားရလည်းခက်သော ဝေဒနာဆိုးတစ်ခုပါ။ နာကျင်မှုအပြင်၊ ပူခြင်း၊ ကျဉ်ခြင်းပါ ပူးတွဲခံစားရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး နာကျင်မှုသည်လည်း ဖြစ်ရသော အကြောင်းရင်းပေါ်မူတည်၍ ဆိုးရွားတတ်ပါတယ်။
လိင်တံသည် ထိခိုက်ဒဏ်ရာရသောကြောင့် နာကျင်လျှင် ရုတ်တရက်ဖြစ်ပြီး နာကျင်မှုဆိုးရွားတတ်ပါတယ်။ ရောဂါကြောင့်မူ လိင်တံသည် တဖြေးဖြေးနာကျင်မှုနည်းရာမှ ဆိုးရွားလာနိုင်ပါတယ်။ လိင်တံသည် ထောင်မတ်စဉ် ဆီးသွားစဉ် နာကျင်မှုပိုပြီး ရောင်ရမ်းနာကျင်ပြီး အရည်ထွက်ကာ အနာဖြစ်နေတတ်ပါတယ်။
A. လိင်တံနာကျင်မှုဖြစ်စေသော အကြောင်းရင်းများမှာ
(1) Peyronie’s disease လို့ခေါ်တဲ့ လိင်တံအရေပြားရောင်ရမ်းမှုရောဂါ
အဆိုပါ အရေပြားရောင်ရမ်းမှုကြောင့် လိင်တံတွင် ပါးလွှာသော အမာရွတ်အဖတ်အဖြစ် ကျန်ရစ်နေတတ်သည်။ လိင်တံထောင်မတ်စဉ် အဆိုပါ အမာရွတ်သည်တင်းလာကာ ကွေးသကဲ့သို့ဖြစ်နေတတ်သည်။ ထိုရောဂါသည် လိင်တံအတွင်း သွေးထွက်ရာမှ စတင်ဖြစ်သည်ဟု ဆိုနိုင်သော်လည်း အကြောင်းရင်း မသေချာပါ။
(2) Priapism သည် နာကျင်မှုအပြင် ထောင်မတ်မှု တာရှည်မှုကို ဖြစ်စေပါတယ်။ လိင်ဆက်ဆံမှု မပြုလျှင်လည်း ထောင်မတ်နေပြီး ဆေးကုသမှု အလျင်အမြန် ခံယူသင့်ပါတယ်။ သို့မဟုတ်ပါက နောင်တွင် ပန်းသေခြင်း ဖြစ်စေနိုင်ပါတယ်။ Priapism အခြေအနေဖြစ်စေနိုင်သော အခြေအနေမှာ
– ပန်းသေပန်းညှိုးကုသော ဆေးဝါးများနှင့် စိတ်ကျရောဂါကုသော ဆေးဝါးများ ဆိုးကျိုး
– သွေးရောဂါများ
– အရက်သောက်ခြင်း
– တရားမဝင်သော ဆေးဝါးသုံးစွဲခြင်း
– ကြမ်းတမ်းသော လိင်ဆက်ဆံမှု
– လိင်တံထိခိုက်ဒဏ်ရာရခြင်း/ ခါးထိခိုက်ခြင်း စသည်တို့ကြောင့် ဖြစ်စေနိုင်ပါတယ်။
(3) လိင်တံထိပ်အရေပြား ပိုးဝင်ရောင်ရမ်းခြင်းကြောင့် နာကျင်မှုဖြစ်စေပါတယ်။ လိင်တံအရေပြား သေချာသန့်ရှင်းရေး ဂရုမစိုက်လျှင် ကူးစက်ရောဂါပိုးများနှင့် မှိုပိုးများကြောင့် ရောင်ရမ်းမှု ဖြစ်စေပါတယ်။
(4) လိင်ဆက်ဆံခြင်းကြောင့် ကူးစက်သော ရောဂါများကြောင့် လိင်တံနာကျင်မှုကို ဖြစ်စေပါတယ်။ ကာလသားပိုး၊ ရေယုန်၊ ဂနိုနှင့် ကလိုင်မိုင်ဒီယားစသော ရောဂါများကြောင့် လိင်တံနာကျင်မှုကို ဖြစ်စေပါတယ်။
(5) ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့်လည်း လိင်တံနာကျင်စေပါတယ်။ လိင်တံအရေပြား မဖြတ်ထားသော် ဆီးလမ်းကြောင်းပိတ်နေခြင်း၊ ကိုယ်ခံအားနည်းခြင်း၊ ပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ စအိုဖြင့်ဆက်ဆံခြင်းနှင့် ဆီးကျိတ်ကြီးခြင်းစသည့် အခြေအနေတို့တွင် ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်း အတွင်းဝင်သောကြောင့် နာကျင်မှုဖြစ်စေပါတယ်။
(6) လိင်တံထိခိုက်မှုဖြစ်စေသောအခြေအနေများ ဥပမာ ကားအက်ဆီးဒင့်ဖြစ်ခြင်း၊ မီးလောင်မှုဖြစ်ခြင်း၊ ဆက်ဆံမှုကြာစေရန် လိင်တံကွင်းတတ်ခြင်း စသည်တို့ကြောင့်လည်း လိင်တံနာကျင်မှုဖြစ်စေပါတယ်။
(7) လိင်တံအရေပြား အကုန်မဖုံးသောကြောင့် လိင်တံနာကျင်မှုဖြစ်စေပါတယ်။
(8) လိင်တံကင်ဆာရောဂါကြောင့် နာကျင်မှု ဆိုးရွားစွာ ခံစားရတတ်ပါတယ်။
B. ကုသမှု နည်းလမ်းများ
– Peyronie’s ရောဂါကြောင့် နာကျင်လျှင် အဆိုပါအမာရွတ်ကို ခွဲစိတ်ဖယ်ရှားရပါတယ်။
– Priapism အခြေအနေတွင် လိင်တံထောင်မတ်မှု လျော့စေရန် သွေးစုပ်ဖယ်ရှားရပါတယ်။
– ကူးစက်ရောဂါပိုးပေါ် မူတည်၍ ပိုးသတ်ဆေးဖြင့် ထိရောက်စွာ ကုသသင့်ပါတယ်။
– ရောင်ရမ်းမှု သက်သာရန် ရေခဲကပ်ခြင်း၊ အရေပြားဖြတ်ခြင်း ပြုလုပ်ကုသသင့်ပါတယ်။
– ကင်ဆာရောဂါဖြစ်လျှင် ခွဲစိတ်ခြင်း၊ ဆေးသွင်းကုသခြင်းနှင့် ဓာတ်ကင်ခြင်းများ ပြုလုပ်သင့်ပါတယ်။
C- ကာကွယ်မှုအနေဖြင့် လိင်ဆက်ဆံရာတွင် ကွန်ဒုံးသုံးပါ။ ကြမ်းတမ်းသော ဆက်ဆံမှုမပြုရပါ။ ဖြစ်ပွားပါက သေချာနားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် အမြန်ဆုံးကုသမှု ခံယူပါ။
Dr. Kyaw