သံဓါတ်လျော့နည်းပြီး နောက်ဆက်တွဲ သွေးအားနည်းခြင်းဟာ ရောဂါလက္ခဏာ မပြပဲရှိနေတတ်သောအခြေအနေတစ်ခု ဖြစ်သောကြောင့် လူတိုင်းဂရုပြုသင့်ပါတယ်။ သံဓါတ်လိုအပ်မှုဆိုရင် လစဉ်ရာသီသွေး ဆုံးရှုံးမှုရှိသော၊ ကိုယ်ဝန်ဆောင် မီးဖွားခြင်း ပြုလုပ်ရသော အမျိုးသမီးများကိုသာ အဓိကထား မြင်မိတတ်ကြပါတယ်။ လူအများသိချင်ကြမယ့် မေးခွန်းတစ်ခုကတော့ အရွယ်ရောက်ပြီးသား အမျိုးသားတွေအတွက်ရော သံဓာတ်လိုလား? ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။
သံဓါတ် ခေါ် အိုင်ရွန်း( Iron )ဟာ လူ့ခန္ဓာကိုယ်အတွက် ဒီအန်အေ(DNA) ဆဲလ်ဖွဲ့စည်းခြင်း၊ သွေးတွင်း အောက်စီဂျင်ကို ထောက်ပံ့ပေးခြင်း၊ ခန္ဓာကိုယ် ခုခံအားစနစ်နှင့် ၊ကြွက်သား၏ဇီဝကမ္မဖြစ်စဉ်တို့အတွက် မရှိမဖြစ်အရေးပါသော သတ္တုဓါတ်ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှ စုပ်ယူရရှိသော သံဓါတ်နှင့် ပရိုတင်းဓါတ်တစ်မျိုးပေါင်းကာ ဟေမိုကလိုဘင်မော်လီကျူးကို ဖွဲ့စည်းပြီး သွေးနီဥဆဲလ်ကို ဖြစ်ပေါ်စေပါတယ်။
အမျိုးသားတစ်ဦး ပုံမှန်ရှိရမယ့် သွေးတွင်းဟေမိုဂလိုဘင် ပမာဏမှာ သွေးယူနစ် တစ်ဒယ်စီလီတာတွင် ၁၃.၅-၁၇.၅ ဂရမ် ( 13.5-17.5 dL blood ) အတွင်း ဖြစ်ပါတယ်။ မရှိမဖြစ်လိုအပ်သောသံဓါတ်ကို လူ့ခန္ဓာကိုယ်မှ ဖွဲ့စည်း ထုတ်လုပ်နိုင်ခြင်းမရှိပါ။ သံဓါတ်ကို နေ့စဉ် စားသောက်နေသော အသား၊ ငါး၊ အစားအစာများ၊ သံဓါတ်အားဖြည့်ဆေးများ စားသုံးခြင်းမှ ရရှိနိုင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးဟာ တစ်နေ့လျှင် သံဓါတ်ပမာဏ ၈ မီလီဂရမ် စားသောက်ပေးဖို့လိုအပ်ကြောင်း National Institute of Health (NIH) ကဖော်ပြထားပါတယ်။
ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်များကြောင့် နေ့စဉ်သံဓါတ်၁ မီလီဂရမ် ဆုံးရှုံးပါတယ်။ ခန္ဓာကိုယ်မှ သံဓါတ်ပမာဏ ၁-၃ ဂရမ်ကို ferritin သို့မဟုတ် hemosiderin အဖြစ် အသည်း၊ သရက်ရွက်နှင့် အခြားသော ကိုယ်အဂ်ါ အစိတ်အပိုင်းများတွင် သိမ်းဆည်းထားပါတယ်။ ကျန်းမာရေး ကောင်းမွန်သော အရွယ်ရောက် အမျိုးသားတစ်ဦးရဲ့ခန္ဓာကိုယ်တွင် ferritin သံဓါတ်သိမ်းဆည်းမှု ၁၀၀၀ မီလီဂရမ် ပျမ်းမျှသိမ်းဆည်းထားနိုင်ပြီး ထိုပမာဏဟာ ဇီဝဖြစ်စဉ်ဆောင်ရွက်မှုကို သုံးနှစ်ခန့်လုပ်ဆောင်နိုင်ရန် လုံလောက်မှုရှိပါတယ်။
ကျန်းမာသော လူ့ခန္ဓာကိုယ်ဟာ သွေးတွင်းရှိ သံဓါတ်ပမာဏ လွန်ကဲမှုမရှိအောင် အစာအိမ်အူလမ်းကြောင်းမှ သံဓါတ်စုပ်ယူမှုကို အလိုအလျောက်ထိန်းပေးပါတယ်။ ပုံမှန်အားဖြင့် သွေးဆုံးရှုံးခြင်း အခြေအနေ၊ သွေးအားနည်းစေသော ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုနှင့် အခြားသောရောဂါအခံ မရှိသူများအတွက် သံဓါတ်ကို ပုံမှန်စားသုံးသောအစားအစာ အာဟာရများမှ လုံလောက်အောင် ရရှိနိုင်ပါတယ်။ သံဓါတ်များပြီး ကိုယ်အဂ်ါအစိတ်အပိုင်းများ ပျက်စီးနိုင်သည့် မျိုးရိုးလိုက်တတ်သော ရောဂါတစ်ခုဖြစ်သည့် Haemochromatosis ရောဂါရှိသူများ အနေဖြင့် သံဓါတ်ဖြည့်စွက်ရန် မလိုအပ်ပါ။ သံဓါတ်ဆုံးရှုံးမှု အကြောင်းအရင်း မရှိသော အမျိုးသားများအနေဖြင့် သံဓါတ်အားဖြည့်ဆေးများ သောက်ရန်မလိုအပ်ပါ။
အမျိုးသားများတွင် သံဓါတ်လျော့နည်း သွေးအားနည်းခြင်းဟာ သာမာန်လူကဲ့သို့ လက္ခဏာမပြပဲ ရှိနေနိုင်သော်လည်း အသားအရေ၊ မျက်လုံး၊ နှုတ်ခမ်း၊ လျှာများ ဖြူဖျော့လာခြင်း၊ ခန္ဓာကိုယ်ပင်ပန်းနုံးချိခြင်း၊ခေါင်းမူးခြင်း၊ အလွယ်တကူမောပန်းနွမ်းနယ်လာခြင်း၊ လှုပ်လှုပ်ရှားရှား ပြုလုပ်လျှင်မောခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့ သံဓါတ်ချို့တဲ့သော လက္ခဏာများ ရှိလာလျှင် သွေးအားနည်းခြင်း စစ်ဆေးခြင်း၊ သွေးတွင်းသံဓါတ်ပမာဏ တိုင်းတာစစ်ဆေးခြင်းတို့ကို စစ်ဆေးပြီး လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သံဓါတ်အားဖြည့်ဆေးများ သောက်သုံးခြင်း၊ သွေးသွင်းခြင်း၊ သံဓါတ်ဆုံးရှုံးမှု ဖြစ်စေသည့် ရောဂါအခံကို ရှာဖွေကုသမှုခံယူခြင်းတို့ ပြုလုပ်ရန် လိုအပ်ပါတယ်။
Author: Dr.Yee Mon