ယနေ့ခေတ်ရေစီးကြောင်းရဲ့ လူကြိုက်များတဲ့ ကိုရီးယားရုပ်ရှင် ဇာတ်လမ်းတွဲတွေထဲမှာ ဆေးဖက်ဝင်ဂျင်ဆင်းကို သုံးစွဲတာ မကြာခဏ ပါလေ့ရှိပါတယ်။ ကိုရီယားကားတွေ ခေတ်စားလာတာနဲ့ တစ်ချိန်တည်းမှာပဲ ဆေးဖက်ဝင် ကိုရီးယားဂျင်ဆင်းရဲ့ ဂုဏ်သတင်းဟာလည်း ကမ္ဘာအနှံ့ကို ရောက်ရှိပျံ့နှံသွားခဲ့ပြီး ကိုရီးယားဂျင်ဆင်းနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေကို ကမ္ဘာတစ်ဝှမ်းမှာ ရရှိနေနိုင်ပါပြီ။
ကိုရီးယားဂျင်ဆင်းရဲ့ ကောင်းကျိုးတွေ အများကြီး ရှိတဲ့အထဲမှာ သွေးလှည့်ပတ်မှု အားကောင်းစေတာကလည်း တစ်ခုအပါအဝင်ပါ။ သွေးလှည့်ပတ်မှု အားကောင်းတာကြောင့် နှလုံးကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။
ကိုရီးယားဂျင်ဆင်းက နှလုံးနဲ့သွေးကြောစနစ်မှာ ဘာတွေ လုပ်ဆောင်ပေးသလဲ?
• သွေးကြောအတွင်းနံရံ (endothelium) တွေကို ကြံ့ခိုင်စေပြီး သွေးကြောနံရံကနေ nitric oxide (NO) တွေ ထွက်အောင် ကူညီပေးပါတယ်။ Nitric oxide ဟာ သွေးကြောတွေကို ကျယ်စေတဲ့ သတ္တိရှိတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေသလို သွေးတိုးရောဂါရှိသူတွေမှာ သွေးဖိအားလျော့စေပြီး သွေးတိုးကျစေပါတယ်။
• ကိုရီးယားဂျင်ဆင်းက စိတ်ဖိစီးမှုကြောင့် ထွက်လာတတ်တဲ့ epinephrine, norepinephrine နဲ့ cortisol စတဲ့ stress hormones တွေကို လျော့နည်းစေပါတယ်။ အဆိုပါ stress hormones တွေကြောင့် သွေးကြောနံရံတွေ ထူလာ၊ မာကြောလာပြီး သွေးဖိအားတက်လာကာ သွေးကြောတွေ ထိခိုက်ပျက်စီးမှုကိုလည်း ကိုရီးယားဂျင်ဆင်းက တားဆီးပေးပါတယ်။
• ကိုရီးယားဂျင်ဆင်းရဲ့ နောက်အာနိသင်တစ်ခုက သွေးကြောတွေ ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်တာပါ။ ပျက်စီးသွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေ ဖြစ်ဖို့လည်း ကူညီပေးပြီး သွေးကြောနံရံတွေကို ကျယ်လွယ်၊ ပြောလျော့လွယ်စေတဲ့အတွက် သွေးကြောနံရံတွေ ထူလာတာ၊ မာလာတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
• ကိုရီးယားဂျင်ဆင်းမှာ ပါတဲ့ saponin G-Rb2 က အင်ဆူလင်နဲ့ အလားသဏ္ဍာန်တူပြီး သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေကာ သွေးတွင်းကိုလက်စထရောကိုလည်း ကျစေတာမို့ နှလုံးသွေးကြောကျဉ်းနဲ့ ဆီးချိုရောဂါကို ကာကွယ်ပေးသလို ရောဂါဖြစ်နေရင်လည်း နောက်ဆက်တွဲဆိုးကျိုးတွေကို တားဆီးပေးပါတယ်။
ကိုရီးယားဂျင်ဆင်းရဲ့ တခြားအာနိသင်များ
• ကိုယ်ခံအားစနစ်ကို ကောင်းစေတာ
• ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတာ
• အမျိုးသားတွေမှာ ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်ပေးတာ
• antioxidants တွေပါလို့ ရောင်ရမ်းမှုတွေကို သက်သာစေတာ
• ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ တိုးတက်စေပြီး မှတ်ဉာဏ်၊ အပြုအမူနဲ့ စိတ်ခံစားမှုကောင်းစေတာ စတဲ့ တခြားသော အာနိသင်တွေလည်း ရှိပါတယ်။
ဘေးထွက်ဆိုးကျိုး ရှိသလား?
ဘေးထွက်ဆေးကျိုး နည်းတယ်ဆိုရပေမယ့် ပမာဏအများကြီးကို ကြာရှည်သောက်သုံးတဲ့အခါ
• အိပ်မပျော်တာ
• စိတ်လှုပ်ရှား၊ စိတ်တိုလွယ်တာ
• ခေါင်းကိုက်တာ
• အာရုံစူးစိုက်လို့ မရတာ
• ဗိုက်အောင့်တာ
• ပျို့အန်တာ၊ ဝမ်းလျောတာ
• ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။
ကိုရီးယားဂျင်ဆင်းဟာ သွေးခဲစေတဲ့ သတ္တိကို တားဆီးတာမို့ ခွဲစိတ်ပြီးစလူနာတွေ သုံးစွဲရင် သွေးမတိတ်တာ ဖြစ်စေလို့ ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုရောဂါရှင်တွေဟာ သွေးတိုးကျဆေးနဲ့ သွေးတွင်းသကြားဓာတ် ကျစေတဲ့ဆေးတွေ သုံးစွဲရမယ်ဆိုရင် ကိုရီးယားဂျင်ဆင်းကို သောက်နေကြောင်း ဆရာဝန်ကို သေချာပြောသင့်ပါတယ်။
ကိုရီးယားဂျင်ဆင်းဟာ နုပျိုခြင်းနဲ့ ကျန်းမာခြင်းတွေကို ယူဆောင်လာပေးမယ့် သဘာဝကပေးတဲ့ ဆုတစ်ခုပါ။ တန်ဆေးလွန်ဘေး ဆိုတာမျိုး မဖြစ်ရအောင်သာ သတိနဲ့ အသိကပ်ပြီး သုံးစွဲရင် အကျိုးများစေမှာ အမှန်ပဲဖြစ်ပါတယ်။
Author: Dr.Yee Mon