မွေးကင်းစကလေးအရွယ်မှ အသက်နည်းနည်းကြီးသည်အထိ လက်မ စုပ်တတ်တဲ့အကျင့်ရှိသော ကလေးများရှိကြပါတယ်။ ကလေးငယ်များတွင် လက်မ စုပ်ရခြင်းသည် သူတို့၏စိတ်ထဲတွင် လုံခြုံမှု၊ ပျော်ရွှင်မှု စသည့် စိတ်ခံစားချက်များရရှိခြင်းကြောင့် လက်မစုပ်တတ်ကြပါတယ်။
သာမန်အားဖြင့် လက်မစုပ်တာက အန္တရာယ်မရှိသော်လည်း အသက်ကြီးလာတဲ့အခါ သွားပိုင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်နိုင်ပြီး လူမှုပတ်ဝန်းကျင်မှာလည်း ရှက်စရာတစ်ခုဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့်အသက်ကြီးသည်အထိ အဲ့အကျင့်လေးပါမသွားရအောင် မိဘများက ကြိုးစားပြုပြင်ပေးဖို့လိုအပ်ပါတယ်။
ကလေးငယ်များက အသက်၄နှစ်ကျော်လာလျှင် လက်မစုပ်တတ်တဲ့အကျင့် ပျောက်သွားတတ်ပါတယ်။ တကယ်လို့ သူ့အလိုလိုပျောက်သွားပါက စိုးရိမ်စရာမရှိပါဘူး။ သို့သော် အကျင့်ဖြစ်တာမျိုးမဟုတ်ဘဲ ကလေးများသည် စိတ်ဖိစီးမှုများနေသည်ဖြစ်စေ၊ စိုးရိမ်ကြောင့်ကြမှု တစ်ခုခုဖြစ်နေသည်ဖြစ်စေ လက်မစုပ်တတ်ပါတယ်။
မိဘများက မိမိကလေးငယ်၏ အမူအရာပြောင်းလဲမှုများကို သေချာလေ့လာဖို့လိုပါတယ်။ ကလေးငယ်တစ်ယောက်သည် လက်မစုပ်တတ်တဲ့အကျင့် ဖြစ်လာခြင်းမှာ တစ်စုံတစ်ရာကို ကြောက်၍ ဖြစ်လာတာလား။ ဒါမှမဟုတ် ညဘက်အိပ်ပျော်ဖို့ လက်မစုပ်ပြီးမှ အိပ်လေ့ရှိသလား ဆိုတာကို အဖြေရှာရပါလိမ့်မယ်။
ဒီလိုအဖြေရှာခြင်းဟာ လက်မစုပ်တတ်တဲ့ အကျင့်ကိုဖျောက်ဖို့ အတွက် အသုံးဝင်ပါလိမ့်မယ်။ စကားပြောတတ်တဲ့အရွယ်ရောက်လာတဲ့အခါ မိဘများက ကလေးကို သေချာမေးကြည့်ပါ။ ဘာကြောင့် လက်မစုပ်ရသလဲဆိုတာကို ကလေးကိုယ်တိုင်က ပြောလာခြင်းသည်လျှင် အဖြေရှာနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါလိမ့်မယ်။
လက်မစုပ်တတ်တဲ့အကျင့်ဖြစ်ရခြင်းအကြောင်းအရာများကို တွေ့ရှိပြီးသည့်အခါ မိဘများက အကျင့်ပျောက်အောင် တစ်ဖြည်းဖြည်းချင်း ပြုပြင်နိုင်ပါတယ်။ ကလေးကို သက်တောင့်သက်သာဖြစ်စေခြင်း၊ စိုးရိမ်ပူပန်မှုတွေကို ပြေပျောက်အောင် အရင်ပြုလုပ်ပေးခြင်းက လက်မစုပ်တတ်တဲ့အကျင့်ကို ပြင်နိုင်ဖို့ အရေးကြီးဆုံးအချက်ပါ။
ညဘက် အမှောင်ကို ကြောက်တတ်တဲ့ကလေးမျိုးဆိုလျှင် ညမီးအိပ် ဖျော့ဖျော့လေး ထွန်းထားပြီး အိပ်စေတာမျိုး၊ ညဘက် လက်မစုပ်ပြီး အိပ်တတ်တဲ့ကလေးများဆိုလျှင် ပုံပြင်စာအုပ်ဖတ်ပြတာမျိုး၊ သီချင်းဆို၍ချော့သိပ်တာမျိုး စသည့်နည်းလမ်းလေးတွေကို သုံးကြည့်နိုင်ပါတယ်။ တစ်ချို့ကလေးတွေကျတော့ စိတ်ဖိစီးမှုများလာတဲ့အခါ စိတ်ညစ်တဲ့အခါ ပျင်းနေတဲ့အခါမျိုးတွေမှာ လက်မစုပ်တတ်လေ့ရှိပါတယ်။ အဲ့ဒီအခါမျိုးမှာ ကလေးများကို ကစားစရာအရုပ်လေးများနဲ့ ဆော့ခိုင်းပါ။
ကစားစရာများကို လက်ဖြင့် ကိုင်တွယ်ကစားနေခြင်းအားဖြင့် လက်မ စုပ်ဖို့ အတွေးမဝင်တော့ပဲရှိနေပါလိမ့်မယ်။ ကစားစရာတွေနဲ့ အလုပ်ရှုပ်စေတာဟာ ဒီအကျင့်ကို ဖျောက်ဖို့အတွက် အလွယ်ဆုံးနည်းလမ်းဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။
နောက်တစ်ချက်အနေနဲ့ ကလေးငယ်မှာ လက်မစုပ်ချင်လာတဲ့အချိန် လက်သီးဆုပ်ခိုင်းလိုက်တာမျိုး လက်ချောင်းလေးတွေကို ဖွက်တမ်းကစားကြတာမျိုး စသည်ဖြင့် အာရုံပြောင်းပေးနိုင်ပါတယ်။ ညဘက်အိပ်တဲ့အခါမှာလည်း ဝက်ဝံအရုပ်လိုမျိုး ကလေးနှစ်သက်တဲ့ အရုပ်တစ်မျိုးမျိုးကို ဖက်အိပ်စေခြင်းဖြင့်လည်း လက်မစုပ်တတ်တဲ့အကျင့်ကို တစ်ဖြည်းဖြည်း ဖျောက်ပေးနိုင်ပါတယ်။
အပေါ်က ပြောခဲ့တဲ့ အချက်တွေနဲ့ စည်းရုံးလို့မှမရရင်တော့ ကလေးလက်လေးကို အိမ်မှာရှိနေတဲ့အချိန် သို့မဟုတ် ကလေးအိပ်ပျော်နေတဲ့အချိန်တွေမှာ လက်ကို ပတ်တီးနဲ့စည်းထားပေးခြင်း၊ ခြေစွပ်လိုမျိုး အဝတ်တစ်ခုခုဖြင့် အုပ်ထားပေးခြင်းဖြင့်လည်း ပြုလုပ်ပေးလို့ရပါတယ်။ ဒါကတော့ နည်းနည်းအကျပ်ကိုင်တဲ့နည်းလမ်း ဖြစ်သွားပါလိမ့်မယ်။
စကားကောင်းမွန်စွာပြောလာနိုင်တဲ့အရွယ် မိဘစကားကို ကောင်းကောင်းနားလည်လာတဲ့အရွယ်ဖြစ်လာတဲ့အခါ မိဘများက ကလေးများနဲ့ သေချာစကားပြောပြီး ဆွေးနွေးသင့်ပါတယ်။ တစ်ခါတစ်လေမှာ ကလေးတွေက လက်မစုပ်နေတာကို သူတို့ကိုယ်တိုင် သတိမထားမိတာတွေရှိတတ်ပါတယ်။ အရင်ဆုံးလက်မစုပ်တာက ကောင်းတဲ့အလေ့အကျင့်တစ်ခုမဟုတ်ကြောင်း သေချာနားလည်အောင် ပြောပြပြီး သူတို့ကိုယ်တိုင် သတိထားမိစေဖို့ အသိပေးပါ။
အပြင်သွားတဲ့အခါ လူအများရှိတဲ့နေရာသွားတဲ့အခါ ဒီလိုအပြုအမူမလုပ်မိစေဖို့ အချင်းချင်း သင်္ကေတတစ်ခုခုသတ်မှတ်၍ သတိပေးတာမျိုး ပြုလုပ်ပေးပါ။
အကျင့်တစ်ခုကို ဖျောက်ဖျက်ဖို့ဆိုတာ ခက်ခဲတဲ့ အရာတစ်ခုပါ။ ကလေးတွေဟာ မကောင်းတဲ့အကျင့်တစ်ခုကို လွယ်လွယ်ကူကူနဲ့ အချိန်တိုတိုအတွင်းမှာ ဖျောက်နိုင်ဖို့ဆိုတာ မိဘတွေရဲ့ အားပေးမှုတွေ အများကြီးလိုအပ်ပါတယ်။ ဆူပူနေမယ့်အစား ကလေးကို အကျင့်ဆိုတာ ဖျောက်ဖို့ခက်ကြောင်း၊ ကြိုးစားနေတဲ့ကလေးကို အားပေး ချီးကျုးနေပေးဖို့ အရေးကြီးပါတယ်။
မှန်ရှေ့မှာ သွားစေ့၊ ပါးစပ်ဟပြီး သွားပိုးစားနေတာတွေ သွားအပေါက်ဖြစ်နေတာမျိုးရှိနေလျှင် ဒီလိုဖြစ်ရခြင်းက လက်မစုပ်နေလို့ဖြစ်ရကြောင်း၊ သွားလှလှလေးတွေဖြစ်ချင်ရင် လက်မ မစုပ်ပဲနေဖို့ ကြိုးစားသင့်ကြောင်း ကလေးတွေကို ဒီလိုလေးတွေလည်း ပြောပေးသင့်တယ်လို့ ယူဆပါတယ်။
အကယ်၍ မိမိကလေးဟာ လက်မစုပ်တတ်တဲ့အကျင့် တစ်ဖြည်းဖြည်း ပျောက်သွားပါက မိဘတွေက ကလေးကို ဆုပေးတဲ့စနစ်လေး ကျင့်သုံးပေးသင့်ပါတယ်။ ဒါဟာ ကလေးရဲ့ ကြိုးစားမှု၊ အောင်မြင်မှုကို အသိအမှတ်ပြုပေးတဲ့သဘောပါ။ ဒီလိုမကောင်းတဲ့အကျင့်လေးကို ဖျောက်နိုင်တဲ့အတွက် ကြီးမားတဲ့လက်ဆောင်မဟုတ်တောင် ညဘက် ပုံပြင်တစ်ပုဒ် ပိုဖတ်ပြတာမျိုး၊ အရုပ်လေးတစ်ရုပ်ဝယ်ပေးတာမျိုး၊ ကစားကွင်းလိုက်ပို့တာမျိုး စသည့် လက်ဆောင်များနဲ့ ကလေးကို စိတ်ဓာတ်တက်ကြွအောင် ပြုလုပ်ပေးလို့ရပါတယ်။ ကလေးမှာလည်း သူ့ကြိုးစားမှုအတွက် ဒီလိုလက်ဆောင်လေးရတယ်ဆိုတဲ့ အတွေးလေးဝင်သွားမှာပါ။
တစ်ချို့သော မိဘတွေမှာ ကလေးရဲ့အကျင့်တစ်ခုခုကို ပြင်ချင်တဲ့အခါ အတင်းအကြပ် တိုက်တွန်းတာမျိုး ဆူပူကြိမ်းမောင်းတာမျိုးရှိပါတယ်။ ဒီလိုအပြုအမူတွေကိုတော့ မလုပ်မိစေဖို့ အကြုံပြုပါရစေ။ ကလေးငယ်တွေရဲ့ စိတ်ဟာ နူးညံ့လွန်းတဲ့အတွက် မိဘတွေမှာ အကျိုးအကြောင်း မရှင်းပြဘဲ ဆူပူလွန်းတဲ့အခါ အရွဲ့တိုက်တတ်စိတ်ကိုဖြစ်စေတဲ့အပြင် စိတ်ဖိစီးမှုကိုလည်း နှစ်ဆတိုးစေပါတယ်။ ထို့အပြင် လက်မစုပ်တတ်တဲ့အကျင့်ပျောက်အောင် လက်ကို ရှာလကာရည်သုတ်တာမျိုး၊ အန္တရာယ်မရှိတဲ့လက်သည်းနီဆိုးဆေးတွေ ဆိုးပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။
နောက်ဆုံးအနေနဲ့ အထက်ပါ အကြောင်းအရာများနဲ့ ကြိုးစားကြည့်သော်လည်း မိမိကလေးမှာ ဘယ်လိုမှအကျင့်ဖျောက်မရဘဲ ဖြစ်နေပါက သွားဆရာဝန်နှင့် သွားပြ၍ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ထိုအခါ သွားဆရာဝန်များရဲ့ လမ်းညွှန်ချက်အတိုင်း သေချာပြုလုပ်ပေးခြင်းဖြင့် ပျောက်နိုင်ပါတယ်။ မိမိကလေး၏ သွားကျန်းမာရေးအတွက်လည်း သွားဆရာဝန်နဲ့ မကြာခဏပြပေးဖို့ တိုက်တွန်းလိုက်ပါရစေ။
Dr.သီတာလှိုင်(ဆေး-၂)