စပျစ်သီးသန္ဓေအကြောင်းသိကောင်းစရာ အပိုင်း(၁)
စပျစ်သီးသန္ဓေတည်တယ်ဆိုပြီး အရပ်ထဲမှာပြောနေတာ ကြားဖူးကြမှာပါ။ဒါပေမယ့် အများစုကတော့ စပျစ်သီးသန္ဓေအကြောင်းကို သေချာမသိကြပါဘူး။ဒါကြောင့် ဒီတပတ်မှာ စပျစ်သီးသန္ဓေအကြောင်းသိသလောက် စာဖတ်ပရိသတ်ကို ရေးသားတင်ပြလိုက်ရပါတယ်။အခုအပိုင်း(၁)မှာတော့ စပျစ်သီးသန္ဓေဆိုတာဘယ်လိုဖြစ်လာတာလဲ။သူ့ရဲ့ရောဂါလက္ခဏာတွေနဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ရေးသားတင်ပြပါမယ်။
ပုံမှန်သန္ဓေတည်ဖို့ဆိုရင်
အမျိုးသမီးဘက်က မျိုးရိုးဗီဇကို သယ်ဆောင်ထားတဲ့ ခရိုမိုဇုန်း ၂၃ခု ပါဝင်တဲ့ မမျိုးဥတလုံးနဲ့ အမျိုးသားဘက်က မျိုးရိုးဗီဇကို သယ်ဆောင်ထားတဲ့ ခရိုမိုဇုန်း၂၃ခု ပါဝင်တဲ့ သုတ်ကောင်တကောင်ဟာ ပေါင်းစပ်ပြီး သန္ဓေအောင်ဥတလုံးဖြစ်ရပါတယ်။ ထိုခရိုမိုဇုန်း၄၆ခုပါတဲ့သန္ဓေအောင်ဥကမှ သားအိမ်နံရံကိုသွားကပ်ကာ ဆဲလ်တွေထပ်ကွဲပွားပြီး သန္ဓေသားအဖြစ်ကြီးထွားပါတယ်။ဒီလိုသန္ဓေတည်ဖို့အတွက် ပေါင်းစပ်ရာမှာ တခါတလေ မမျိုးဥတလုံးတည်းနဲ့ သုတ်ကောင်နှစ်ကောင် ပေါင်းမိတာမျိုးသော်လည်းကောင်း၊ မျိုးရိုးဗီဇကိုသယ်ဆောင်ထားသောခရိုမိုဇုန်းမပါရှိတဲ့ မမျိုးဥ အလွတ်နဲ့ ပုံမှန်သုတ်ကောင်တကောင်နဲ့သော်လည်းကောင်း ပေါင်းစပ်မိကြပါတယ်။
ဒီလိုမူမမှန်ဘဲ ပေါင်းစပ်မိရင်ကြ သန္ဓေအောင်ဥမှာပါတဲ့ ခရိုမိုဇုန်းအရေအတွက်ဟာ ပုံမှန်ရှိရမယ့်၄၆ခုမရှိတော့ဘဲ နည်းတာ များတာတွေဖြစ်လာပါတယ်။အများအားဖြင့်တော့ မူမမှန်ခရိုမိုဇုန်းအရေအတွက်ပါတဲ့ သန္ဓေအောင်ဥဟာ သားအိမ်နံရံကို သွားတွယ်ကပ်နိုင်ခြင်းမရှိဘဲ ပျက်စီးသွားတတ်ပါတယ်။သို့သော် တခါတရံမှာ မူမမှန်ခရိုမိုဇုန်းအရေအတွက်ပါတဲ့ သန္ဓေအောင်ဥဟာ ပျက်စီးခြင်းမရှိဘဲ သားအိမ်နံရံကို သွားကပ်ကာ ဆဲလ်တွေထပ်ကွဲပွားပြီးကြီးထွားတတ်ပါတယ်။ဆဲလ်တွေထပ်ကွဲပွားပြီးကြီးထွားသော်လည်း ခရိုမိုဇုန်းအရေအတွက်မမှန်တာကြောင့် အသက်ရှိသန္ဓေသားဖြစ်လာရမယ့်အစား တစ်သျှူးအလုံးအပြွတ်လေးတွေပဲဖြစ်လာပါတယ်။
ဒီလိုဖြစ်တာကို စပျစ်သီးသန္ဓေတည်တယ်လို့ခေါ်ပါတယ်။ တစ်သျှူးအလုံးလေးတွေဟာ စပျစ်သီးလေးတွေနဲ့တူသလိုရှိတာကြောင့် တင်စားပြီး စပျစ်သီးသန္ဓေတည်တယ်လို့ခေါ်ကြတာပါ။စပျစ်သီးသန္ဓေကို ဆေးပညာအရ Molar Pregnancy သို့မဟုတ် Hydatidiform Mole(H.mole) သို့မဟုတ် Vesicular Mole ဆိုပြီးခေါ်လေ့ရှိပါတယ်။ဆန်စားလေ့ရှိတဲ့အာရှသူအမျိုးသမီးတွေဟာ ဥရောပတိုက်ကအမျိုးသမီးတွေထက်ပိုအဖြစ်များပါတယ်။ဖြစ်ပွားနှုန်းအနေနဲ့ဆိုရင် အယောက်၁၀၀၀မှာ တယောက်နှုန်းရှိပါတယ်လို့ သုတေသနတခုကဆိုထားပါတယ်။
အသက်အားဖြင့်ဆိုရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတဲ့အမျိုးသမီးတွေ(အသက်၁၅နှစ်အောက်) အသက်ကြီးမှ အိမ်ထောင်ကျတဲ့အမျိုးသမီးတွေ(အသက်၃၀နဲ့အထက်)မှာ ပိုအဖြစ်များပါတယ်။စပျစ်သီးသန္ဓေရဲ့ပြသနိုင်တဲ့လက္ခဏာတွေကတော့ သာမန်ကိုယ်ဝန်ရှိသလိုပဲ ရာသီထိန်ခြင်းရာသီလာရမယ့်ရက်မလာလို့ နောက်၁၄ရက်အကြာမှာဆီးစစ်တံနဲ့စစ်ပါက နှစ်ကြောင်းပေါ်ခြင်း၊ပျို့အန်ခြင်းတွေဖြစ်နိုင်သလို ပုံမှန်ကိုယ်ဝန်မှာဖြစ်လေ့မရှိတဲ့ကိုယ်ဝန်ဆောင်စဉ်သွေးခဏခဏဆင်းခြင်းစပျစ်သီးလိုမျိုးအလုံးစေ့လေးတွေဆင်းခြင်း တွေလည်းဖြစ်နိုင်ပါတယ်။
အတိအကျသိရအောင်ကတော့ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြည့်ဖို့လိုပါတယ်။လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ဆီးနဲ့သွေးထဲက hCG ဟော်မုန်းပမာဏာကိုစစ်ခြင်း
(စပျစ်သီးသန္ဓေဖြစ်ရင် hCG ဟော်မုန်းဟာ ပုံမှန်ကိုယ်ဝန်မှာ ရှိသင့်တဲ့ပမာဏာထက်များစွာတက်နေနိုင်ပါတယ်)
၂။အာထရာဆောင်းရိုက်ခြင်း
(စပျစ်သီးသန္ဓေမှာအာထရာဆောင်းရိုက်ကြည့်ပါက ပုံမှန်ကိုယ်ဝန်လို ကလေးအစိတ်အပိုင်းတွေမတွေ့ရဘဲ စပျစ်သီးပုံစံအလုံးစေ့လေးတွေကိုပဲတွေ့ရလေ့ရှိပါတယ်)
စစ်ဆေးမှုတွေလုပ်ကြည့်လို့စပျစ်သီးသန္ဓေဖြစ်ခဲ့ရင်တော့ ဆရာဝန်နဲ့ပြသပြီးလိုအပ်တဲ့ကုသမှုတွေခံယူရပါမယ်။
ဘယ်လိုကုသမှုတွေခံယူရမလဲ။ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေရှိလဲ။ကုသမှုခံယူပြီးနောက်ဘယ်လောက်အကြာမှာကလေးထပ်ယူလို့ရမလဲ။ဆိုတာတွေကိုတော့ အပိုင်း(၂)မှာ ဆက်လက်တင်ပြပါမယ်။
Dr 528