နို့အန်တတ်တဲ့ ကလေးတွေမှာ ဆေးခန်းပြကို ပြဖို့လိုအပ်တဲ့ အခြေအနေတွေ
ကလေးတွေမှာ နို့အန်တယ်ဆိုတာဟာ ကလေးတွေနို့စို့ပြီးတဲ့နောက်မှာ သူတို့ရဲ့ ပါးစပ် သို့မဟုတ် နှာခေါင်း သို့မဟုတ် နှစ်နေရာစလုံး ကနေ နို့ရည်အချို့ပြန်ထွက်ကျခြင်း ဖြစ်ပါတယ်။
မွေးကင်းစကနေ ၆ လအရွယ် ကလေးလေးတွေဟာ နို့စို့ပြီးတဲ့နောက် မှာ နို့အန်တာမျိုး မကြာမကြာ ဖြစ်တတ်ပါတယ်။ နို့ဘူးစို့တဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။
အရပ်အခေါ်အနေနဲ့ နို့သက်တယ်လို့လည်း ခေါ်ကြပါတယ်။
ဆေးပညာအရတော့ reflux သို့မဟုတ် posseting လို့ခေါ်ပါတယ်။
အများအားဖြင့်တော့ နို့သက်တာဟာ ၆လကျော် ၇လအရွယ်လောက်မှာ ပျောက်သွားလေ့ရှိပါတယ်။တချို့တွေမှာတော့ ၁နှစ်အရွယ်လောက်မှ ပျောက်သွားတာမျိုးလည်းရှိပါတယ်။
ကလေးတွေမှ ာဘာဖြစ်လို့ နို့အန်ခြင်း ဖြစ်ရတာလဲ။
ကလေးတွေနို့စို့တဲ့အခါမှာ သို့မဟုတ် ကလေးတွေကို မိခင်နို့တိုက်တဲ့အခါမှာ ပုံစံမမှန်ခြင်းကြောင့် နို့နဲ့အတူ လေတွေကိုပါ ကလေးတွေက မျိုချမိတတ်ပါတယ်။
ထိုမျိုချမိတဲ့လေတွေဟာ အစာအိမ်ထဲရောက်သွားပေမယ့် လေရဲ့သဘောသဘာဝအရ ပေါ့တဲ့အတွက် အထက်ကို ပြန်ဆန်ပါတယ်။
အဲ့အခါမှာ ပြန်ဆန်တဲ့လေတွေနဲ့အတူ နို့ရည်အချို့ပါ ပါလာပြီး ကလေးငယ်ရဲ့ ပါးစပ်၊ နှာခေါင်းနေရာတွေကနေ စီးကျတတ်ပါတယ်။
ဒါ့အပြင် ကလေးငယ်လေးတွေဟာ သူတို့ဗိုက်နဲ့ မဆန့်အောင် နို့ရည်ပမာဏများများ စို့မိတဲ့အခါမှာဆိုရင်လည်း ပိုတဲ့နို့ရည်တွေဟာ နို့စို့ပြီးနောက် ခဏနေရင် ကလေးရဲ့ ပါးစပ် နှာခေါင်းတို့ကနေ ပြန်ထွက်ကျတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ၁ နှစ်အောက် ကလေးအရွယ်တွေမှာဆိုရင် အစာရေမျိုပြွန်အောက်ခြေနားက အစာဝင်တာကို ခွင့်ပြုပေးပြီး အစာပြန်ထွက်တာကို ကာကွယ်ပေးတဲ့ ကြွက်သားက လူကြီးတွေလိုကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် ဖြစ်ပါတယ်။
နို့အန်ခြင်းဖြစ်တာကို လျော့နည်းအောင် ကလေးကို နို့တိုက်တဲ့အခါမှာ အောက်ပါအချက်တွေကို လိုက်နာဖို့ လိုပါတယ်။
၁။ ကလေးရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို တဖြောင့်တည်း ထားရှိရပါမယ်။
၂။ ကလေးရဲ့ မျက်နှာကို မိခင်ဘက်ကို လှည့်စေပြီး ကလေးရဲ့ ပါးစပ်နဲ့ နှာခေါင်းတို့ကို နို့သီးခေါင်း (Nipple) နဲ့ မျက်နှာချင်းဆိုင် ထားရှိရပါမယ်။
၃။ မိခင်ရဲ့ နို့သီးခေါင်းနဲ့ နို့သီးခေါင်းထိပ်အဝိုင်း (Nipple and Aerola) ကို နို့စိုနေတဲ့ ကလေးပါးစပ်ထဲများနိုင်သမျှ များများဝင်အောင် သေချာပြုလုပ်ပေးရပါမယ်။
၄။ ကလေးငယ်ရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို တညီတည်းရှိအောင် ဆက်လက်ထားရှိပြီး ကျောပိုင်းကို အမှီသေချာပေးထားရပါမယ်။
နို့ဘူးတိုက်တဲ့အခါမှာလည်း ကလေးအသက်အရွယ်နဲ့ သင့်တော်မယ့် နို့သီးခေါင်းအမျိုးအစားကို ရွေးချယ်ပါ။
နို့ဘူးရဲ့ နို့သီးခေါင်းအပေါက် အရမ်းကျဉ်းတာ သို့မဟုတ် အရမ်းကျယ်တာ မျိုးနဲ့မတိုက်မိအောင် သတိထားရပါမယ်။
ပက်လက်အနေအထား၊ ခွေခေါက်နေတဲ့ အနေအထားမျိုးတွေနဲ့ မတိုက်ရပါ။
အနည်းငယ်ထောင်မတ်တဲ့ အနေအထားနဲ့ တိုက်ပါ။
မိခင်နို့ပဲတိုက်တိုက် နို့ဘူးပဲတိုက်တိုက် ကလေးကို အချိန်မှန် နို့တိုက်ရပါမယ်။ တိုက်ရမယ့်အချိန်မတိုက်ဘဲ တအားနောက်ကျမှ တိုက်ပါက ကလေးငယ်ဟာ အရမ်းဆာတဲ့အတွက် အလောတကြီး နို့စို့ပါက လေတွေပါ အများကြီးမျိုချမိတတ်လို့ပါ။
နို့တိုက်ပြီးတဲ့နောက်မှာ ကလေးငယ်ကို မိမိရဲ့ပခုံးပေါ်တင်ပြီး လမ်းလျှောက်ရင်းနဲ့ ကလေးငယ်ရဲ့ နောက်ကျောလေးကို အသာအယာပုတ်ပေးခြင်းဖြင့် လေထုတ်ပေးပါ။
ကလေးကို အဝတ်အစားအကြပ်တွေ ဝတ်ပေးတာမျိုးကို ရှောင်ပါ။
အဆုံးသတ်အနေနဲ့ ပြောချင်တာကတော့ နို့အန်တာဟာ ကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ကိစ္စတခုမို့ မစိုးရိမ်ရဖို့များပေမယ့်
နို့အန်တာက အန်နေကျပမာဏ ထက်ပိုပြီးများတာ
အန်တဲ့ထဲမှာ အစိမ်းရောင်တွေ (သည်းခြေရည်) တွေပါလာတာ
ကလေးကလည်းမလန်းဘဲ အီနေတာ၊ ဖျားတာ၊ ဝမ်းလျှောတာ၊ မျက်တွင်းချိုင့်လာတာ၊ သတိလစ်တာ စတဲ့အချက်တွေပါဖြစ်ရင်တော့ နီးစပ်ရာဆေးခန်းပြသဖို့လိုပါတယ်။
Dr 528