ကလေးများ နှင့် ဝမ်းချုပ်ခြင်း ဝေဒနာဟာ လက်တွေ့မှာ မေမေများ နှင့် မစိမ်းသော ဝေဒနာတစ်ခု ဖြစ်တယ်။
ဝမ်းချုပ်ခြင်းဟာ ကလေးတွေမှာ အလွန်အတွေ့များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်။
ယေဘုယျအားဖြင့် ဝမ်းချုပ်ခြင်းဟာ ဆိုးရွားသော ကျန်းမာရေး အခြေအနေများကို မဖြစ်စေသော် လည်း ကာလကြာရှည်စွာ ဝမ်းချုပ်နေလျှင်တော့ နောက်ဆက်တွဲ ဝေဒနာများကို ဖြစ်စေနိုင်သလို ရောဂါအခံတစ်ခုခုရဲ့ ရှေ့ပြေးအချက်ပြ တစ်ခုအနေနဲ့ သတိထားရပါမယ်။
Q. ကလေးတွေ ဘာကြောင့် ဝမ်းချုပ်ရတာလဲ?
(1) ဝမ်းအောင့်ထားလေ့ရှိခြင်း
– ကလေးအများစုဟာ ကလေး သဘာဝ ကစားမက်လေ့ရှိပါတယ်။
– ကစားသည့် အရှိန် ပျက်မည်စိုးပြီး ဝမ်းအောင့်ထားရာမှ ဝမ်းချုပ်သွားလေ့ရှိပါတယ်။
– အချို့ကလေးများကတော့ အများသုံး အိမ်သာသုံးရခြင်းကို သက်တောင့်သက်သာ
မရှိသည့် အတွက် အောင့်ထားရာမှ ဝမ်းချုပ်သွားလေ့ရှိပါတယ်။
– အချို့ကလေးများကတော့ စမျဉ်းဝမ်းတုံးများ နှင့် ပိတ်နေသည့်အတွက် ဝမ်းသွား သည့် အခါ ဗိုက်နာသည့်ဒဏ်ကို ကြောက်ပြီး အောင့်ထားရာမှ ဝမ်းချုပ်သွား လေ့ရှိပါတယ်။
(2) ဝမ်းတည်ပေးသည့် အလေ့အကျင့် မမှန်ကန်ခြင်း။
– တတ်နိုင်သမျှ ဝမ်းတည်သည့် အလေ့အကျင့်ကို အချိန်မှန်အောင် တည်ပေးရပါမည်။
– ဝမ်းတည်သည့်အခါတွင်လည်း အတင်းအကျပ် ဖိအားပေးပြီး လေ့ကျင့်ခြင်း မပြုလုပ်ရပါ။
(3) အစားအသောက်ပုံစံပြောင်းခြင်း။
– ကလေးစားသည့် အစားအသောက်တွင် အရေ နှင့် အမျှင်ဓာတ်များ လုံလောက်စွာ မပါဝင်လျှင် ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။
– အထူးသဖြင့် ဝမ်းချုပ်ခြင်း ဖြစ်လေ့အရှိဆုံးအချိန်မှာ နို့ နှင့် အရည်သာ သောက်နေရာမှ ဖြည့်စွက်စာ စကျွေးသည့် အချိန်ဖြစ်ပါတယ်။
(4) ကလေးရဲ့ နေ့ တဓူဝ တွင် အပြောင်းအလဲများ ပေါ်လာခြင်း
ဥပမာ- ခရီးသွားခြင်း ၊ ကျောင်း နှင့် မူကြိုစတက်ရခြင်း ၊ ရာသီဥတုပူခြင်း ၊ စိတ်ဖိစီးမှုများ။
(5) နွား နို့ နှင့် ဓာတ်မတည့်ခြင်း။
(6) မိသားစုမျိုးရိုး အရ ဝမ်းချုပ်တတ်သူများ
(7) ဆေးဝါးများ – အထူးသဖြင့် စိတ်ကျရောဂါတွင် သုံးသည့် ဆေးများ
(8) ရောဂါများ
အူသိမ် နှင့် အူမကြီး ပုံစံ ပုံမှန်မဟုတ်သူများ
အစာခြေဖျက်ခြင်း ပြဿနာ ရှိသူများ
အာရုံကြော ပြဿနာရှိသူများ
Q. သင့်ကလေးဝမ်းချုပ်ကြောင်း ဘယ်လိုသိနိုင်မလဲ?
တစ်ပတ်လျှင် ဝမ်းသွားသည့် အကြိမ်ရေ (၃) ခေါက်ထက်နည်းလျှင်
ဝမ်းတုံးသည် မာကျစ်၍ ကြီးနေလျှင် (စမျဉ်းတုံး)
ဝမ်းသွားသည့်အခါ ဗိုက်နာပြီး ညှစ်၍ သွားရလျှင်
ယုန်ချေးကဲ့သို့ ခပ်မာမာ ဝမ်းကျစ်ကျစ် သေးသေးများသာ ထွက်လျှင်
ဘောင်းဘီတွင် ဝမ်းများစွန်းနေခြင်းတွေ့လျှင်
စမျဉ်းတုံးထိပ်တွင် သွေးစတွေ့လျှင်
ဝမ်းသွားရမှာ ကြောက်သည့် ပုံစံတွေ့လျှင်
Q.နောက်ဆက်တွဲဆိုးကျိုးများ
(1) စအိုကွဲခြင်း
(2) စအိုကျွံခြင်း
(3) စမျဉ်းတုံးပိတ်ခြင်းကြောင့် ဗိုက်လှိမ့်နာခြင်း
(4) ဝမ်းအောင့်ထားရမှ ဝမ်းများလျှံကျခြင်း (Encopresis)
Q. သက်သာစေမည့် နည်းလမ်းများ
(၁) ရေများများတိုက်ပါ။
– ဝမ်းချုပ်ခြင်းဟာ ဝမ်းကို ခြောက်ပြီး မာစေပါတယ်။ ရေများများသောက်ခြင်းဟာ ဝမ်းကို ပျော့ စေပြီး ဝမ်းသွားရ လွယ်ကူစေပါတယ်။
– သင့်ကလေး အသက် (၆) လပြည့်ပြီ ဆိုလျှင် ရေကို တစ်ခါတိုက်လျှင် 2-3 အောင်စ တိုက်ပေး နိုင်ပါတယ်။
– ကလေးကြီးများအတွက် တစ်နေ့လျှင် အနည်းဆုံးရေကို ၁ လီတာဝင်အောင် တိုက်ပေးပါ။
(၂) သစ်သီးဖျော်ရည် တိုက်ပေးနိုင်ပါတယ်။
– သဘာဝ သစ်သီးဖျော်ရည်လေးများကလည်း ဝမ်းမှန်စေပါတယ်။
– ဘာကြောင့်လဲဆိုတော့ အချို့အသီးအနှံတွေမှာ Sorbitol ဓာတ်ပါတဲ့အတွက် ဖြစ်တယ်။
– သင့်ကလေးအသက် (၆) လပြည့်လျှင် အသီးဖျော်ရည် 2-4 အောင်စ တိုက်ပေးနိုင်ပါတယ်။
(၃) အမျှင်ဓာတ်များသော အစားအသောက်ကျွေးပါ။
– သင့်ကလေးအား ဖြည့်စွက်စာ စကျွေးပြီဆိုလျှင် ကျွေးနိုင်ပါတယ်။ ဥပမာ – ပန်းသီး၊ ပန်းသစ်တော်၊ သစ်တော်သီး ၊ ငှက်ပျောသီး။
– ကလေးတစ်ယောက်ရဲ့ တစ်နေ့တာ အမျှင် ဓာတ်လိုအပ်တဲ့ gram ပမာဏဟာ အသက်ကို 5 ပေါင်းတဲ့ ပမာဏဖြစ်ပါတယ်။ ဥပမာ – 8 နှစ်ကလေးအတွက် 13 gram လိုအပ်ပါတယ်။
(၄) လှုပ်ရှားမှုများများ လုပ်ခိုင်းပါ။
သင့်ကလေးအား ကလေးပီပီ ဆော့ကစားခိုင်းပါ။
လှုပ်ရှားမှု လေ့ကျင့်ခန်းများ အူလှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းမှန်စေပါတယ်။
ဥပမာ – စက်ဘီးစီးခြင်း ၊ ဘောလုံးကန်ခြင်း ၊ ပြေးလွှားဆော့ကစားခြင်း
(၅) အိမ်သာ အချိန် မှန်မှန် သွားခြင်း အလေ့အကျင့် ပျိုးထောင်ပေးပါ။
ဥပမာ – အစာစားပြီးတိုင်း (after meals) အိမ်သာ သွားတတ်သည့် အလေ့အကျင့် နှင့် အိမ်သာ ပေါ် တွင် ၁၀ မိနစ်ခန့် ဝမ်းတည်ပေးသည့် အလေ့အကျင့်ကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ဝမ်းမှန်အောင် လေ့ကျင့်ယူနိုင်ပါတယ်။
(၆) ဝမ်းသွားချင်သည့်အခါ ဝမ်းမအောင့်ထားအောင် သတိပေးသင်ကြားပါ။
(၇) ဆေးဝါးများ
– ဝမ်းပျော့ဆေးများကိုတော့ ကလေးများတွင် ဆရာဝန်ညွှန်ကြားမှသာ သုံးစွဲသင့်ပါတယ်။
ဝမ်းပျော့ဆေးများ
အမျှင်ဓါတ် ဖြည့်စွက်ဆေးများ
Glycerin စအိုထဲ ထည့်ဝမ်းချူခြင်း
ဝမ်းချူခြင်း
Q. ဘယ်အချိန် ဆရာဝန် နှင့် ပြမလဲ ?
2 ပတ် ထက် ပိုပြီး ဝမ်းမသွားလျှင်
ဝမ်းချုပ်ခြင်း နှင့်အတူ အောက်ပါ အချက်များတွဲဖြစ်လျှင်
ဖျားလျှင်
အစာမစားလျှင်
ဝမ်းထဲသွေးပါလျှင်
ဗိုက်ဖောင်းလာလျှင်
ကိုယ်အလေးချိန်ကလျှင်
ဗိုက်အောင့်လျှင်
စအို မှ အူရဲ့ တစ်စိတ်တစ်ဒေသ ထွက်ကျလာလျှင်
Dr. Yin Yin Win
M.B; B.S (YGN)
Dip. Med. Sc