မိမိကိုယ်တိုင် မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်သားသမီးတွေကို အရာအားလုံးမှာ ထူးချွန်နေတာ၊ ထက်မြက်နေတာမျိုး၊ သူများကလေးထက်သာတာမျိုး ဖြစ်စေချင်ကြတာပေါ့။ ဒီလိုစိတ်ကူး၊ ဆန္ဒတွေ၊ ဂုဏ်ယူဝင့်ကြွားချင်စိတ်လေးတွေကြောင့် တခါတလေမှာ ကိုယ့်ကလေးတွေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တာမျိုး ဖြစ်သွားတတ်ပါတယ်နော်။
? ဒီလိုမဖြစ်ရလေအောင်…
▪မေမေတို့အနေနဲ့ ကလေးတွေမှာ ပင်ကို အားနည်းချက်၊ အားသာချက်ဆိုပြီး ရှိကြတာကို သိထားရမှာပါ။
▪ကိုယ့်ကလေးရဲ့ အားနည်းချက်တွေကို နားလည်ပေးပြီး ဖေးမကူညီသင့်ပါတယ်။
- ဘယ်သူမဆို၊ ဘယ်အရာမဆို အားနည်းချက်တော့ ရှိတတ်တာပေါ့။ အားကစား/အနုပညာ/ကျောင်းစာ… ဒီလိုမျိုးတွေမှာ အားနည်းတာမျိုး။
- ဒါ့ကြောင့် ကိုယ့်ကလေးကျမှ သူများကလေးလောက် မတော်ရလေခြင်းလို့ မတွေးပါနဲ့။ သူ့အတွက် ဘယ်လို ပိုကောင်းအောင် လုပ်ပေးရမလဲဘဲ စဥ်းစားပါ။
▪ဒါ့အပြင် ကလေးရဲ့ အားသာချက်တွေကို အလေးပေးပြီး ဘဝမှာ အသုံးဝင်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာပါ သိရပါမယ်နော်။
? ဒါဆိုရင် မေမေတို့ ဘယ်လိုသိအောင်လုပ်ကြမလဲ…
▪မသိမသာလေး ကလေးတွေရဲ့ အပြုအမူတွေ၊ စိတ်ကူးလေးတွေကို လေ့လာဆန်းစစ်ရပါမယ်။
- မျက်စိဒေါက်ထောက်ကြည့်နေတာမျိုး မလုပ်ရပါဘူး။
- ကလေးတွေက သူတို့ဘာသာ လွတ်လွတ်လပ်လပ်ရှိနေတဲ့ အချိန်မျိုးတွေမှာ အရုပ်လေးတွေနဲ့ ဇာတ်လမ်းလုပ်ပြီး ဆော့နေတာမျိုး၊ ပုံလေးတွေဆွဲနေတာမျိုး လုပ်တတ်ပါတယ်။
- ဒါတွေကိုကြည့်ပြီး သူတို့ရဲ့ စိတ်ကူး၊ ပုံဖော်မှုတွေ၊ တွေးတောတတ်တဲ့ ဥာဏ်ရည်တွေကို သိနိုင်ပါတယ်။
▪ကလေးကို အချိန်ပေးရပါမယ်။
- အလုပ်တွေများလို့၊ ပင်ပန်းလို့ဆိုတဲ့ ဆင်ခြေတွေကြောင့် ကလေးတွေမှာ မိဘတွေနဲ့ အတူတူဆော့ရတဲ့၊ စကားပြောရတဲ့ အချိန်လေးတွေ ရှားပါးလာတတ်ကြပါတယ်။
- သူတို့လေးတွေနဲ့ အချိန်ဖြုန်းကြည့်မှ သူတို့ရဲ့ အတွေးအခေါ်လေးတွေ၊ ဝါသနာတွေ၊ လိုချင်တာတွေ၊ မလုပ်ချင်တာတွေ၊ ကြောက်တတ်တဲ့အရာတွေကို သိရမှာပါ။
▪ကလေးရဲ့ ဝါသနာကို ရှာဖွေရပါမယ်။
- ပန်းချီဝါသနာပါလား သိရအောင် ရောင်စုံခဲတံလေးတွေ၊ အရောင်ခြယ်စာအုပ်လေးတွေ ဝယ်ပေးကြည့်ပါ။
- ဒါ့အပြင် ဘောလုံးတွေ၊ ဘက်တံတွေ ဝယ်ပေးတာ၊ တူရိယာလေးတွေ ဝယ်ပေးတာမျိုး လုပ်ပေးပါ။
- စာဖတ်တဲ့အလေ့အကျင့်ရအောင်လည်း ပုံပြင်စာအုပ်တွေ၊ ကာတွန်းစာအုပ်လေးတွေ စုထားပေးပါ။
- ကလေးနဲ့အတူတူ မုန့်လုပ်တာ၊ အရုပ်လုပ်တာ၊ သီချင်းဆိုတာ…
- ကိုယ်စဥ်းစားမိသလောက် ကလေးအတွက် အမျိုးမျိုး လုပ်ပေးပါ။
? ဒီလိုနဲ့ ကိုယ့်ကလေးရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေ သိလာရပြီဆိုရင်…
▪မေမေတို့ ဖြစ်စေချင်တဲ့ ပုံစံခွက်ထဲကိုသွင်းဖို့ မကြိုးစားပါနဲ့။
▪ကလေး မကျွမ်းကျင်၊ မတတ်ကျွမ်းတဲ့အရာတွေအတွက် အပြစ်မတင်ပါနဲ့။
▪ကလေးမလုပ်နိုင်တာတွေကိုလည်း အတင်း ရအောင်မလုပ်ခိုင်းပါနဲ့။
▪သူများကလေး (သို့) မောင်နှမချင်း နှိုင်းယှဥ်တာမျိုးလည်း မလုပ်သင့်ပါဘူး။
- ကိုယ့်ကလေးမှာ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။ ဒါ့အပြင် ကလေး အသက်ကြီးလာတဲ့အခါ ကိုယ်ရဲ့အားနည်းချက်ကို ချို့ယွင်းမှုတစ်ခုကြီးလို့ မြင်ပြီး စိတ်ဒါဏ်ရာရသွားနိုင်ပါတယ်။
▪အားနည်းချက်လေးတွေကို ဖေးမကူညီရပါမယ်။
- တခုခုပြောလိုက်ရင် ချက်ချင်း နားမလည်တာ၊ ဖြတ်ထိုးဥာဏ်မရှိတာ၊ ဘယ်လိုမျိုး ပြန်တုံ့ပြန်ရမှန်းမသိတာ…စတဲ့ စိတ်ကူး/ဥာဏ်ရည်ပိုင်းမှာ အားနည်းတာမျိုး ရှိနိုင်သလို..
- စာမှတ်မိနှုန်း၊ ဂဏန်းသင်္ချာတွက်တဲ့နေရာမှာလည်း အားနည်းတာမျိုး ရှိတတ်ပါတယ်။
- တခြား အားကစား၊ ပန်းချီ စတာတွေရောပေါ့။
- ဖြည်းဖြည်းချင်းဆီ ပိုကောင်းအောင် ပြုပြင်လို့ရရင် နည်းလမ်းရှာပြီး ကလေးနဲ့အတူတူ လုပ်ဆောင်ရပါမယ်။
- ပြုပြင်လို့မရရင်လည်း ကလေး နားလည်တဲ့အရွယ်ရောက်ရင် ဒီအားနည်းချက်ကြောင့် ဘဝမှာ ထိခိုက်မှုမရှိအောင် နေလို့ရကြောင်း ရှင်းပြရပါမယ်။
▪အားသာချက်လေးတွေမှာ ပိုအလေးပေးရပါမယ်။
- ကလေးက အားကစားမှာတော်နေရင်… ကလေးကို အားကစားပွဲတွေ ဝင်ပြိုင်ခိုင်းတာမျိုး၊ လေ့ကျင့်ရေးတွေ လုပ်ပေးတာမျိုး။
- သီချင်း၊ သံစဥ်တွေကို သဘောကျပြီး တူရိယာတီးတဲ့နေရာမှာ တော်ရင်… ဂီတသင်တန်းပို့ပေးတာ၊ ကျောင်းပွဲတွေမှာ ပါဝင်ခိုင်းတာမျိုး လုပ်ပေးပါ။
- ပန်းချီဝါသနာပါတာ၊ မုန့်ဖုတ်/ဟင်းချက်တဲ့နေရာမှာ တော်တာ၊ အရုပ်အိမ်လေးတွေ ဆောက်နေတတ်တာ…ဒီလိုမျိုး ဘယ်နေရာမဆို အားသာတာလေးတွေရှိနိုင်ပါတယ်။
- ကလေးကို သူအားသာတာလေးတွေမှာ ချီးမွမ်းပါ။ ဆက်လုပ်နိုင်အောင် ထောက်ပံ့ပေးပါ။
? ဒါဆိုရင် ကလေးကြီးပြင်းလာတဲ့အခါ သူနဲ့အံခွင်ကျဖြစ်တဲ့ လုပ်ငန်းခွင်မှာ ထူးချွန်တဲ့သူ ဖြစ်လာပြီး စိတ်ချမ်းသာမှုရနေမှာပါ။ သူ့ရဲ့ အားနည်းချက်တွေကြောင့်လည်း ရှက်ရွံ့မှုမရှိဘဲ ရဲရဲဝင့်ဝင့်လက်ခံပြီး အကျိုးရှိအောင် နေတတ်သွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မေမေတို့အနေနဲ့ ကိုယ့်ကလေးရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေကို သိအောင်လုပ်ရမယ်၊ သိပြီးရင် ပိုမိုကောင်းမွန်လာအောင် အားပေး၊ ပံ့ပိုးတာမျိုး လုပ်ရမယ်ဆိုတာ သိကြပြီပေါ့နော်…