COVID-19 ပြင်းထန်အဆုတ်ရောင်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးလျှင် ရောဂါပြင်းထန်မှုဖြစ်နိုင်သည့်အုပ်စုတွင် ပါဝင်သောသူများမှာ ကိုယ်ဝန်ဆောင်နှင့် နို့်တိုက်မိခင်များ ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်နေစဉ် ကိုဗစ်ရောဂါကူးစက်ခံရလျှင် ကိုယ်ဝန်ဆောင် ကျန်းမာရေးစောင့်ရှောက်မှု ပေးသည့်နေရာသို့ သွားရောက်တိုင်ပင် ဆွေးနွေးမှုခံယူရပါမည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နှောင်းပိုင်း ၂၈ ပတ်အကျော် မီးဖွားခါနီးအချိန်တွင် အထူးဂရုစိုက်ပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် JCVI- Joint Committee on Vaccination and Immunization ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး ပူးတွဲကော်မတီ၏ အဆိုအရ ကိုယ်ဝန်ဆောင်များကို ကိုဗစ်ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးရန် အထူးလိုအပ်သူများအုပ်စု ‘Vulnerable Group’ အဖြစ် သတ်မှတ်ထားပါသည်။
ကိုဗစ်ကာကွယ်ဆေးများတွင် မျိုးပွားနိုင်သည့်သက်ရှိဗိုင်းရပ်စ်ပိုး Live Corona Virus မပါဝင်သောကြောင့် ရောဂါမဖြစ်ပွားနိုင်ပါ။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်နှင့်သန္ဓေသားကို ထိခိုက်စေနိုင်သည့် အခြားပစ္စည်းများလည်း ကာကွယ်ဆေးတွင် မပါဝင်ပါ။John Hopkins တက္ကသိုလ်ရှိ သုတေသနပညာရှင်များက Pfizer-BioNTech နှင့် Moderna ကဲ့သို့ FDA ထောက်ခံချက်ရ ကာကွယ်ဆေးများကို ကိုယ်ဝန်ဆောင်များထိုးနှံကြရန် အကြံပြုတိုက်တွန်းထားပါသည်။
ဥရောပနိုင်ငံတွင် ကိုယ်ဝန်ဆောင်များကို ထပ်ဆောင်းကာကွယ်ဆေး Booster Vaccine ထိုးရန် အစိုးရမှညွှန်ကြားချက်ထုတ်ထားသည်။ AstraZeneca ကာကွယ်ဆေးအနေဖြင့် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ ဆေးထိုးနှံပြီးနောက် အခြေအနေ လေ့လာမှုအချက်အလက်များမှာ အနည်းငယ်သာရှိသေးသည်။
အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ်အထက် ကိုယ်ဝန်ဆောင် မိခင် ၁၇၇၀၀၀ ကျော်ကို Pfizer-BioNTech သို့မဟုတ် Moderna ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ဥရောပနိုင်ငံများတွင်လည်း ထိုကာကွယ်ဆေး ၂ မျိုးကို ကိုယ်ဝန်ဆောင် ၂၇၅၀၀၀ ကျော်ထိုးနှံပေးခဲ့ရာ ဘေးထွက်ဆိုးကျိုး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိခဲ့ပါ။ COVID-19 ကာကွယ်ဆေးများကို နို့တိုက်မိခင်များတွင် သုတေသနစမ်းသပ်ထားခြင်း မရှိသော်လည်း လက်ရှိလေ့လာတွေ့ရှိမှုများအရ ဆိုးကျိုးတစ်စုံတစ်ရာမတွေ့ရှိသေးပေ။ ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း ကလေးကို ထိခိုက်စေခြင်း မတွေ့ရှိရဘဲ ကလေးကို ပုံမှန်အတိုင်း ဆက်လက်ပြီး နို့ချို တိုက်ကျွေးနိုင်ပါသည်။
တရုတ်နိုင်ငံအခြေစိုက် ထုတ်လုပ်သည့် Sinopharm ကာကွယ်ဆေးကို ကိုယ်၀န်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအတွက် ထိုးပေးနိုင်ကြောင်း သုတေသနပညာရှင်များက ဖော်ပြထားပါသည်။ တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက်၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေမြင့်သည့် အ၀လွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနှင့် အဆုတ်ရောဂါရှိသူ ထိုးနိုင်သည်ဟု သတ်မှတ်ထားသည်။ အိန္ဒိယနိုင်ငံတွင် Covishield, Covaxin နှင့် Spuntik ကာကွယ်ဆေးများကို ကိုယ်၀န်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များတွင် အရေးပေါ်အခြေအနေတွင် အကန့်အသတ်ဖြင့် အသုံးပြုနိုင်ကြောင်း ခွင့်ပြုထားသည်။
မြန်မာနိုင်ငံတွင် လတ်တလောရရှိနိုင်သော ကာကွယ်ဆေးများအပေါ် မူတည်၍ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက် ကိုဗစ်ကာကွယ်ဆေး ထိုးသင့်သော်လည်း ရရှိနိုင်သည့် သင့်တော်သောကာကွယ်ဆေးအမျိုးအစား၊ ရောဂါရာဇဝင် စသည်တို့ကို တတ်ကျွမ်းနားလည်သော ကျန်းမာရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ထိုးသင့်ကြောင်း ဤဆောင်းပါးဖြင့်ရေးသားမျှဝေလိုက်ရပါသည်။
Author: Dr. Yee Mon