မြန်မာလူမျိုးအများစုဟာ အားလပ်ချိန်မှာဘဲဖြစ်ဖြစ်၊ စကားစမြည်ပြောကြရင်းဘဲဖြစ်ဖြစ် လက်ဖက်ရည်သောက်ခြင်း၊ ရေနွေးကြမ်းသောက်ခြင်း၊ လက်ဖက်သုပ်စားခြင်း စတာတွေကို နှစ်သက်လေ့ရှိကြပါတယ်။ လက်ဖက်ဟာ တော်ရုံသင့်ရုံသာစားမယ်ဆိုရင် ကျန်းမာရေးအတွက် ဆိုးကျိုးမရှိစေပေမယ့် အလွန်အကျွံစားသုံးနေမယ်ဆိုရင်တော့ လေပွခြင်း၊ လေထိုးလေအောင့်ခြင်း၊ အစာမကြေခြင်း စတဲ့ပြဿနာတွေကို ခံစားလာရနိုင်ပါတယ်။
လက်ဖက်မှာဆိုရင် tannins လို့ခေါ်တဲ့ အန်တီအောက်စီဒန့်ဓာတ်တစ်မျိုး ပါဝင်နေပါတယ်။ လက်ဖက်မှာပါဝင်တဲ့ဓာတ်တွေဟာ ခုခံအားကောင်းစေခြင်း၊ သွေးတွင်း အဆီဓာတ်ကို လျော့ကျစေခြင်း စသဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးတွေရှိစေနိုင်သလို လေပွခြင်း၊ လေထိုးလေအောင့်ခြင်း စတဲ့ ဆိုးကျိုးတွေလည်း ရှိစေတတ်ပါတယ်။
တကယ်တော့ လက်ဖက်ကိုယ်တိုင်က လေပွခြင်းဖြစ်စေတာမျိုးမဟုတ်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ လက်ဖက်ရည်မှာ နို့ထည့်သောက်တာ၊ လက်ဖက်သုပ်မှာ အငန်များလွန်းတာ စသဖြင့် ဆားဓာတ်နဲ့ နွားနို့တွေကြောင့်သာ လေထိုးလေအောင့်ခြင်းကို ခံစားကြရခြင်းဖြစ်ပါတယ်။
လက်ဖက်သုပ်စားပြီးတိုင်းမှာ လေ့အောင့်တာမျိုးကို အများစုက ခံစားကြရလေ့ရှိပါတယ်။ ဒါဟာဆိုရင် လက်ဖက်သုပ်မှာ ဆားပါဝင်မှုများနေတာကြောင့်ဖြစ်ပါတယ်။ ဆားဓာတ်ဟာ ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ ရေဆွဲတာကြောင့် ပြည့်အင့်သလို၊ ဗိုက်တောင့်နေသလိုမျိုးတွေ အဖြစ်များကြပါတယ်။ ဒါ့အပြင် လက်ဖက်သုပ်မှာပါဝင်တဲ့ ပဲကြော်တွေကလည်း လေပွခြင်းကို ဖြစ်စေနိုင်ပါတယ်။
မြန်မာလူမျိုးတို့နှစ်သက်ကြတဲ့ လက်ဖက်ရည်ကို နို့ဆီ၊ နို့စိမ်းစတာတွေနဲ့ ဖျော်စပ်လေ့ရှိကြပါတယ်။ နို့ဆီ၊ နို့စိမ်းစတာတွေမှာပါဝင်တဲ့ lactose နဲ့ casein ဓာတ်တွေနဲ့ ဓါတ်မတည့်သူတွေဆိုရင် လက်ဖက်ရည်သောက်ပြီးတိုင်း လေထိုးလေအောင့်ခြင်းကို ခံစားကြရတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ဖက်မှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာလည်း လေပွခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။
ဒါကြောင့် မိမိကလေထိုးလေအောင့်ဖြစ်တတ်သူဆိုရင် လက်ဖက်ရည်တွေ၊ လက်ဖက်သုပ်တွေကို လျှော့ပြီးစားသုံးရမှာဖြစ်ပါတယ်။ လက်ဖက်ကနေ ကျန်းမာရေးကောင်းကျိုးတွေကို အပြည့်အဝရရှိလိုတယ်ဆိုရင်တော့ ရေနွေးကြမ်းစစ်စစ်ကိုသာ သောက်သုံးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
Author: Dr. Aye Myat Mon