ယနေ့မျက်မှောက်အချိန်ကာလတွင် ကြုံတွေ့နေရသည့် ကိုဗစ် Covid19 ကဲ့သို့ အသက်အန္တရာယ်ရှိသည်ထိ ပြင်းထန်ကူးစက်ရောဂါပိုးများမှ ကာကွယ်နိုင်ရန် ကိုယ်ခံစွမ်းအားကောင်းမွန်ဖို့ အလွန်အရေးကြီးပါသည်။ ခန္ဓာကိုယ်၏ ရောဂါကာကွယ်သည့် ကိုယ်ခံအားစနစ် ကောင်းမွန်ရန် နေ့စဉ်စားသုံးသော အစားအသောက်နှင့် နေထိုင်မှုဘဝပုံစံသည် အဓိကအရေးပါပါသည်။
ကျန်းမာသော အစားအသောက်နှင့် နေထိုင်မှုဘဝပုံစံများဖြစ်သည့်
၁) ခန္ဓာကိုယ်ကို ရေဓါတ်လုံလောက်အောင် ဖြည့်တင်းပေးခြင်း၊
၂) အစာအာဟာရ အုပ်စု၃မျိုးလုံးကို သင့်တင့်မျှတအောင် နေ့စဉ်ပုံမှန်စားသုံးခြင်း၊ ဆား၊ သကြားနှင့်အဆီဓါတ် လွန်ကဲသော အစားအစာများကို ရှောင်ကျဉ်ခြင်း၊ အသင့်စားအစားအစာများအစား သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စားသုံးခြင်း၊
၃) မိမိအသက်၊အရပ်နှင့် သင့်တင့်မျှတသော ကိုယ်အလေးချိန်အတွင်း ထိန်းထားခြင်း၊
၄) ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ခြင်း၊
၅) မူးယစ်ဆေး၊ ဆေးလိပ် သုံးစွဲခြင်းနှင့် အရက်သေစာ လွန်ကဲစွာသောက်သုံးခြင်းမှ ရှောင်ကျဉ်ခြင်း၊
၆) အိပ်ချိန်ပုံမှန်ထားရှိပြီး လုံလောက်အောင် အိပ်စက်အနားယူခြင်း
၇) အိမ်တွင်လေဝင်လေထွက် ကောင်းမွန်အောင် ထားရှိပေးခြင်း
၈) ရောဂါပိုးမွှားကူးစက်နိုင်သည့် လူထူထပ်သော နေရာများသွားခြင်းကို ဆင်ခြင်ပြီး၊ အပြင်ထွက်လျှင်နှာခေါင်းစည်း mask တပ်ဆင်ပေးခြင်း
၉) လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောခြင်းနှင့် တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခြင်း
၁၀) တုပ်ကွေးရောဂါ ကာကွယ်ဆေးကဲ့သို့ ကာကွယ်ဆေးများကို တတ်ကျွမ်းနားလည်သူများ၏ ညွှန်ကြားချက်အတိုင်းသာ ပုံမှန်ထိုးပေးခြင်းတို့သည် ရောဂါကူးစက်ခံရမှုကို ကာကွယ်ပေးပြီး ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်နိုင်မည့် နည်းလမ်းများဖြစ်ပါသည်။
အစားအစာများအနက် ကိုယ်ခန္ဓာအတွက်လိုအပ်သော ဗီတာမင်များဖြစ်သည့် ဗီတာမင်အေ၊ ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်စီ၊ ဗီတာမင်ဒီနှင့် ဗီတာမင်အီး စသည်တို့ကြွယ်ဝသော အစားအစာအမျိုးမျိုးကို ပုံမှန်စားသုံးပေးရန် လိုအပ်သည်။ သက်စောင့်ဓါတ်များဖြစ်သည့် ဇင့် zinc, ဆီလီနီယမ် selenium, သံဓါတ် iron, ကော့ပါး copper, ဖော်လစ်အက်ဆစ် folic acid တို့လုံလောက်စွာ စားသုံးပေးခြင်းသည်လည်း ကိုယ်ခံအားကိုထောက်ပံ့ပေးနိုင်သည်။
ငါးအမျိုးမျိုးနှင့် အစေ့အဆန်များစသည့် Omega-3 DHA ပါဝင်သော အစားအစာများစားသုံးခြင်းသည် ခန္ဓာကိုယ်တွင်းကို ရောဂါပိုးမဝင်ရောက်နိုင်အောင် ကာကွယ်တားဆီးပေးသော ပရိုစတာဂလန်းဒင်ဓာတ်ကို ထုတ်ပေးသည်။ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး အလွယ်တကူဖျားနာခြင်းကိုကာကွယ်ပေးနိုင်သည်။
ခေတ်မှီဆေးပညာ ရုပ်နှင့်စိတ်ဆက်နွယ်မှု လေ့လာချက်များအရ အအေးမိခြင်း၊ နှလုံရောဂါနှင့် အစာအိမ်ရောဂါများသည် စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်ကြောင်း တွေ့ရှိလာရသည်။ စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်ခြင်းသည်လည်း ကိုယ်ခံအားကောင်းမွန်စေကြောင်း လေ့လာတွေ့ရှိရပါသည်။ မိမိစိတ်ကျန်းမာရေးကို အလေးထားဂရုစိုက်ပြီး လိုအပ်လျှင်နှစ်သိမ့်ဆွေးနွေးမှု counselling and social support ခံယူခြင်းဖြင့် စိတ်ပင်ပန်းဖိစီးမှုများကို ဖြေလျော့အောင်ပြုလုပ်ပေးသင့်သည်။
အထက်ဖော်ပြပါ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဘဝနေထိုင်မှုပုံစံများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် ကောင်းမွန်အောင် လုပ်ဆောင်ပြီး ရောဂါပိုးမွှားကူးစက်မှု အန္တရာယ်မှကြိုတင်ကာကွယ်သင့်ကြောင်း OnDoctor မှ မျှဝေရေးသားလိုက်ရပါသည်။