လူသားတိုင်းဟာ အသက်ရှင်နေထိုင်ဖို့အတွက် နေ့စဉ်အစာစားကြရပါတယ်။ စားတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်စေမယ့်အစားအစာတွေကို ရွေးချယ်စားသုံးဖို့လိုအပ်သလို နေ့စဉ်အချိန်မှန်မှန်စားသုံးဖို့ကလည်း အရေးကြီးပါတယ်။ လူအများစုဟာ နေ့စဥ် မနက်စာ၊ နေ့လယ်စာ၊ ညစာ စသဖြင့်သုံးနှပ်ပြည့်အောင် စားသုံးလေ့ရှိကြပါတယ်။ သို့သော်လည်း တခါတစ်ရံ အလုပ်များတာကြောင့် မနက်စာမစားဖြစ်လိုက်တာ၊ ညစာမစားဖြစ်တာမျိုးတွေကို ကြုံတွေ့ဖူးကြမှာပါ။
လူ့ခန္ဓာကိုယ်ဟာ တစ်နေ့ကို ၂၄နာရီပတ်လုံး အလုပ်လုပ်နေရတာဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ကုန်ဆုံးသွားတဲ့စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် မဖြစ်မနေအစားစားကြရပါတယ်။ အစာစားမှသာ လိုအပ်တဲ့ ဂလူးကို့စ်ဓါတ်ရရှိပြီး သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးတွင်းသကြားဓါတ်ညီမျှနေမှသာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကျန်းမာသွက်လက်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
နေ့စဉ်အချိန်မှန်မှန်စားခြင်းဟာ ကျန်းမာရေးအတွက် အလွန်သင့်လျော်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အချိန်မှန်မှန်စားခြင်းဖြင့် ရရှိလာမယ့် ကောင်းကျိုးတွေကတော့-
၁) ဆာလောင်မှုကြောင့်ဗိုက်အောင့်ဗိုက်နာခြင်းမဖြစ်အောင် ကာကွယ်နိုင်မယ်
အစာစားချိန်မမှန်ဘဲ အဆာလွန်တဲ့အခါမျိုးတွေမှာ ဆာလောင်မှုကြောင့် လေထိုးလေအောင့်၊ ဗိုက်အောင့်ဗိုက်နာတွေ ခံစားကြရပါတယ်။ အချိန်မှန်မှန်စားတဲ့အခါမှာတော့ ဒီလိုပြဿနာမျိုးတွေမခံစားရတော့တဲ့အတွက် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ အစာအိမ်ရောင်ခြင်းနဲ့ အစာအိမ်အနာဖြစ်ခြင်းတွေပါဖြစ်မလာအောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
၂) ခန္ဓာကိုယ်တွင်းဇီဝရုပ်ဖြစ်ပျက်မှုတွေကို အားပေးတယ်
ဇီဝရုပ်ဖြစ်ပျက်မှုတွေဟာ ခန္ဓာကိုယ်တွင်းကကယ်လိုရီတွေကို လောင်ကျွမ်းလျော့ကျစေပါတယ်။ အစာစားချိန်မမှန်ဘဲ အစာစားချိန်နောက်ကျတဲ့အခါ ကယ်လိုရီလောင်ကျွမ်းမှုတွေနှေးကွေးပြီး ကိုယ်အလေးချိန်တက်လာစေနိုင်ပါတယ်။
၃) ခွန်အားပြည့်ဝစေတယ်
ကားတွေရွေ့လျားနိုင်ဖို့ ဓါတ်ဆီလိုအပ်သလို လူ့ခန္ဓာကိုယ်တစ်နေ့တာခွန်အားပြည့်ဝပြီး လှုပ်ရှားသွားလာနိုင်ဖို့ အချိန်မှန်မှန်စားပေးဖို့လိုအပ်ပါတယ်။
၄) ကျန်းမာတဲ့စားသောက်မှုပုံစံဖြစ်လာစေနိုင်တယ်
အချိန်မှန်မှန်စားဖြစ်တာကြောင့် မလိုအပ်ဘဲ အသင့်စားအစားအစာတွေစားဖြစ်တာ၊ သကြားများတဲ့အချိုရည်တွေသောက်ဖြစ်တာမျိုးတွေကို လျှော့ချလာနိုင်မှာဖြစ်ပါတယ်။
၅) အလေ့အကျင့်ကောင်းတစ်ခု ရရှိစေတယ်
အစားကိုအချိန်မှန်မှန်စားခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေမယ့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ အချိန်မှန်မှန်အိပ်၊ မှန်မှန်စားခြင်းဖြင့် ကိုယ်ခံစွမ်းအားကောင်းမွန်စေပြီး ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို နေ့စဥ်အချိန်မှန်မှန်စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်လျော့ကျခြင်း၊ သွေးပေါင်ထိန်းပေးနိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်း စတဲ့ကျန်းမာရေးကောင်းကျိုးတွေကိုပါ ရရှိစေနိုင်မှာဖြစ်ပါတယ်။
Author: Dr.Aye Myat Mon