ကူးစက်ရောဂါတွေ အလွန်ဖြစ်ပွားလာတဲ့ ကာလတွေမှာ လူတွေဟာ နည်းလမ်းမျိုးစုံနဲ့ ကိုယ်ခံအားကို မြှင့်တင်ဖို့ ကြိုးစားကြပါတယ်။ ကိုယ်ခံအားပြည့်ဝဖို့ ခန္ဓာကိုယ် အာဟာရပြည့်ဝအောင်စားသောက်ဖို့ လိုအပ်သလိုရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေကိုလည်း လုံလောက်အောင် မှီဝဲဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဓါတ်တွေရရှိဖို့ ဖြည့်စွက်ဆေး Supplement သောက်ခြင်းဟာ လူအများ ပြုလုပ်လာကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။
တကယ်တော့ အာဟာရဓါတ်၊ ဗီတာမင်သက်စောင့်ဓါတ်တွေ ဟာ supplements တွေသောက်မှ ရရှိမှာ မဟုတ်ပါဘူး။ နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရတွေမှတစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ ကိုယ်ခံအားကို မြှင့်တင်ဖို့ အရေးပါတဲ့ဓါတ်တစ်မျိုးကတော့ ဇင့်ဓါတ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရှိ အင်ဇိုင်းအမျိုးပေါင်း ၁၀၀ ကျော်ရဲ့ လုပ်ငန်းဆောင်ရွက်မှုအတွက် လိုအပ်သော သတ္တုဓါတ်တစ်မျိုးဖြစ်တဲ့ ဇင့် (Zinc) ဓါတ်နဲ့ ပါတ်သက်တဲ့ အစားအစာများကို ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဇင့်ဓါတ် (Zinc)ကို နေ့စဉ်စားသုံးနေတဲ့ အစာအာဟာရတွေမှတဆင့်ရရှိရန် ထည့်သွင်းစားသောက်သင့်သော အစားအစာများမှာ
💠 အသားအမျိုးမျိုး
ကြက်သားအပြင် red meat (အနီရောင်အသား) တွေဖြစ်တဲ့ ဝက်သား၊ အမဲသား တွေဟာ ဇင့်ဓါတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ အသားအမျိုးမျိုးကို နေ့စဉ် စားသုံးပေးခြင်းဟာ ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဇင့်ဓါတ်ကို ၄၄ ရာခိုင်နှုန်းအထိ ရရှိစေနိုင်ပါတယ်။ အသားဆိုသော်လည်း ready made ဆီသွတ်ဗူးအသားများမှာ ဇင့်ဓါတ်ပါဝင်မှုဟာ မရှိသလောက်ကို နည်းပါတယ်။
💠 ပုစွန် အမျိုးမျိုး
ခရု၊ ကမာ၊ ယောက်သွားစတဲ့ ရေနေသတ္တဝါတွေဟာ ဇင့်ဓါတ်ပို၍ ပါရှိကြသော်လည်း အလွယ်တကူ ဝယ်ယူမရနိုင်တာကြောင့် ၎င်းတို့အစား ဝယ်ယူရလွယ်သော ပုစွန်ကို စားပေးလို့ရပါတယ်။
💠 ပဲအမျိုးမျိုး
ပဲအမျိုးမျိုးဟာလည်း ဇင့်ဓာတ် ကြွယ်ဝပါတယ်။ သို့သော် ပဲများတွင် ဇင့်စုပ်ယူမှုကို တားဆီးပေးသော phytates လည်းပါဝင်တာကြောင့် ထင်သလောက်တော့ ထိရောက်မှုမရှိပါဘူး။
💠 နို့ထွက်ပစ္စည်းများ
နို့နှင့် နို့ထွက်ပစ္စည်းများ၊ ထောပတ် စသည်တို့ဟာလည်း ဇင့်ဓါတ် ကြွယ်ဝတဲ့အပြင် အရိုးသန်မာစေတဲ့ ကယ်လဆီယမ် ဓာတ်တွေလည်း ကြွယ်ဝတာကြောင့် သင်ဟာ နေ့စဉ်စားသုံးနေသူတစ်ယောက်ဆိုရင်တော့ ဂုဏ်ယူလိုက်ပါ။
💠 ဥအမျိုးမျိုး
ကြက်ဥဟာ အလွယ်တကူ ရရှိနိုင်တဲ့အပြင် နေ့စဉ်လိုအပ်တဲ့ ပမာဏရဲ့ 5% ကိုပေးနိုင်တာမို့ နေ့စဉ်စားသုံးမှုတွင် ထည့်သွင်းသင့်ပါတယ်။
💠 အသီးအရွက်၊ သစ်သီးများ
ဟင်းနုနွယ်ရွက်၊ ငှက်ပျောသီး စသည်တို့ဟာ စျေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့အပြင် အသီးအရွက်မှာ ဇင့်ဓါတ်အတော်အသင့် ကြွယ်ဝတာမို့ စားသုံးသင့်ပါတယ်။ အထူးသဖြင့် သားသတ်လွတ်စားသူ Vegan သမားများဟာ ဇင့်ဓာတ်ကြွယ်ဝသော အသီးအရွက်များကို အခြားသူများထက် ပိုမိုစားသုံးသင့်ပါတယ်။
ဇင့်ဓါတ်ဟာ ကျန်းမာရေးအတွက် အလွန်ကို အရေးပါပြီး အလွယ်တကူ လက်လှမ်းမှီသော အစားအစာများတွင် ပါရှိတာကြောင့် နေ့စဉ်စားသုံးမှုမှာ ဂရုတစိုက် ထည့်သွင်း စားသုံးသင့်ပါတယ်။ ယခုလိုကာလမျိုးမှာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သော ဇင့်ဓာတ်ကို မဖြစ်မနေ စားသုံးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Author : Dr.Yee Mon