ဆီးကျိတ်ကို ဆေးပညာအရ Prostate gland လို့ခေါ်ပါတယ်။ဆီးကျိတ်ဟာ အမျိုးသားတွေရဲ့ဆီးအိမ်အောက်နားမှာကပ်လျက်ရှိပါတယ် ဆီးကျိတ်ထဲကနေ ဆီးထွက်ပြွန်ကဖြတ်သွားတယ်။အမျိုးသားတွေ သုက်လွှတ်တဲ့အချိန်မှာ ဆီးကျိတ်ကနေ အယ်ကာလီဓါတ်ကဲပြီး အဖြူနှစ်ရောင် သို့မဟုတ် အကြည်ရောင်ရှိတဲ့အရည်တွေကို ဆီးထွက်ပြွန်ထဲသို့ ထုတ်ပေးပါတယ်။ထိုအရည်တွေက သုက်ကောင်တွေအတွက်အာဟာရဖြစ်စေပြီး သုက်ကောင်တွေရဲ့သက်တမ်းကိုကြာရှည်အောင်ကူညီပေးပါတယ်။
ဆီးကျိတ်ကင်ဆာကို Ca prostate လို့ခေါ်ပါတယ်။အမျိုးသားတွေမှာပဲဖြစ်ပါတယ်။ဆီးကျိတ်ကင်ဆာဟာ အဆုတ်ကင်ဆာပြီးရင် အမျိုးသားတွေမှာ ဒုတိယမြောက် အဖြစ်များဆုံးသော ကင်ဆာအမျိုးအစားဖြစ်ပါတယ်။အများအားဖြင့် အသက်၆၅ အထက် အမျိုးသားတွေမှာ ဖြစ်လေ့ရှိပါတယ်။အသက်၆၀ကျော်လာတာနဲ့အမျှ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေဟာ တဖြည်းဖြည်းပိုမြင့်တက်လာပါတယ်။
ဆီးကျိတ်ကင်ဆာဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ သေချာမသိသေးပါဘူး။မျိုးရိုးရှိသူတွေ၊ ဆီးပိုးဝင်ပြီး ဆီးကျိတ်ခဏခဏရောင်တဲ့သူတွေ၊အဆီတွေ၊အသားတွေအစားများပြီးဟင်းသီးဟင်းရွက် သစ်သီးဝလံအစားနည်းတဲ့သူတွေ မှာဆိုရင်တော့ ဖြစ်နိုင်ခြေပိုများတတ်ကြောင်း သုတေသနပညာရှင်များက ပြောထားပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အစပိုင်းမှာဘာမှထွေထွေထူးထူးပြလေ့မရှိပါ။ဒါကြောင့်ရောဂါကိုစောစောစီးစီးသိဖို့က ခက်ခဲပြီး သိတဲ့အခါမှာလည်းနောက်ကျနေတာမျိုးဖြစ်တာများတဲ့အတွက် ကုရခက်တတ်ပါတယ်။တချို့တလေမှာတော့ဆီးသွားရခက်တာ ဆီးသွားရင်ဆီးတန်းသေးတာ ဆီးသွားတာဆန့်တငင်ငင်ဖြစ်တာ ဆီမထိန်းနိုင်တာ ညဘက်ဆီးခဏခဏသွားချင်တာ ဆီးသွားပီးရင်လည်း တစက်စက်ကျနေတာ တွေဖြစ်နိုင်ပါတယ်။
ဒီလက္ခဏာတွေက ကင်ဆာမဟုတ်ဘဲ အသက်ကြီးလို့ရိုရိုးဆီးကျိတ်ကြီး(Beingn prostatic hypertrophy-BPH)တာမှာ ဖြစ်တဲ့အခါမှာလည်း ခံစားရနိုင်ပါတယ်။ဒါကြောင့် ဒီလက္ခဏာတွေခံစားရပြီဆိုရင် ကင်ဆာလား၊ရိုးရိုးဆီးကျိတ်ကြီးတာလည်းသိအောင် ဆရာဝန်နဲ့ပြသပြီးစမ်းသပ်စစ်ဆေးမှုတွေလုပ်ရပါမယ်။
လုပ်နိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ စအိုပေါက်ကနေလက်နှိုက်ပြီး ဆီးကျိတ်ကိုစမ်းသပ်တာ(Digital Rectal Examination) ဆီးကျိတ်မှအသားစနမူနာယူပြီးစစ်တာ ၊သွေးထဲက Prostate specific antigen ပမာဏာကိုစစ်တာ၊ သံလိုက်ဓါတ်မှန်ရိုက်တာ(MRI Scan)စသဖြင့်ပါ။စမ်းသပ်စစ်ဆေးကြည့်လို့ ဆီးကျိတ်ကင်ဆာဖြစ်ပြီဆိုရင်တော့ တခြားဘယ်နေရာတွေပျံ့နေပြီလဲဆိုတာသိဖို့နဲ့ ကင်ဆာအဆင့်သတ်မှတ်ဖို့အတွက် အာထရာဆောင်းရိုက်တာ၊ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊အရိုးဓါတ်မှန်ရိုက်တာ စသဖြင့် စစ်ဆေးမှုတွေထပ်လုပ်ရနိုင်ပါတယ်။
ကုသမှုအနေနဲ့ကတော့ ခွဲစိတ်ကုသတာ(Surgery)၊ကင်ဆာဆေးသွင်းကုသတာ(Chemotherapy)၊ဓါတ်ရောင်ခြည်နဲ့ကုသတာ(Radiotherapy)၊ဟော်မုန်းနည်းဖြင့်ကုသတာ(Hormonal therapy) စသဖြင့်အမျိုးမျိုးရှိပါတယ်။ရောဂါအဆင့်နဲ့လူနာအခြေအနေပေါ်မှုတည်ကာ နှစ်နည်း၊သုံးနည်း ပေါင်းကုတာမျိုးလည်းရှိပါတယ်။ဆီးကျိတ်ကင်ဆာလုံးဝမဖြစ်အောင် ကာကွယ်နိုင်မယ့်နည်းလမ်းတော့မရှိသေးပါဘူး။ဒါပေမယ့် ဆီးပိုးခဏခဏမဝင်နိုင်ရန် လိင်အင်္ဂါသန့်ရှင်းရေးနဲ့ တကိုယ်ရေသန့်ရှင်းရေးဂရုစိုက်တာ၊အဆီများတဲ့အစားအစာတွေကိုလျှော့စားတာ၊လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေကိုများများစားပေးတာ၊ကိုယ်အလေးချိန်တက်မလာအောင်ထိန်းတာ တွေလုပ်ခြင်းဖြင့် မိမိမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။
Author: Dr.528